မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ နေအိမ်စာရင်းများကို ပြန်လည် ကောက်ယူခဲ့ရာ ဂရန် မရှိသည့် အိမ် အရေအတွက်သည် အများဆုံး ဖြစ်နေကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က“မန္တလေး မြို့ တော်ရဲ့ ၆ မြို့နယ်မှာ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်တွေကို ကောက်ယူရာမှာ ဥပမာအနေနဲ့ အိမ်ထောင်စုပေါင်း ၂၅၆၈၀၅ မှာ ဂရန်ရှိတာ ၉၁၂၆၇ နဲ့ ဂရန် မရှိတာ ၁၆၅၅၃၈ အိမ်ရှိတယ်ဆိုတော့ မရှိတာက ၆၄ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိနေတာကို အံ့ဩဖွယ်ရာ တွေ့ရပါတယ်”ဟု ပြောသည်။
အဆိုပါ ပြောကြားချက်ကို မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်၏ Facebook စာမျက်နှာ၌ ရေးသားထားခြင်း ဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဂရန် မရှိသည့် အရေအတွက်မှာ ရာခိုင်နှုန်း အနေနှင့် ၆၄ ဒသမ ၄ အထိ ရှိနေပြီး ဂရန်ရှိသည့် အရေအတွက်သည် ၃၅ ဒသမ ၆ အထိသာ ရှိကြောင်း ဆိုထားသည်။
မန္တလေးမြို့တော် စည်ပင် နယ်နိမိတ်အတွင်းရှိ နေအိမ်များအား နေအိမ် စာရင်းများ ပြန်လည် ကောက်ယူခြင်း လုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်က စတင် ကောက်ယူခဲ့ခြင်း ဖြစ်ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၆ ရက် အထိ ကောက်ယူခဲ့သည့် စာရင်းအရ နေအိမ်ပေါင်း ၂ သိန်း ၅ သောင်း ၆ ထောင် ကျော် (၂၅၆၈၀၅) ရှိကြောင်း သိရသည်။
ဂရန် ဆိုသည်မှာ မြို့မြေများတွင် လူနေထိုင်ရန် (Residential Purposes) အတွက် ဖြစ်စေ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေး စသည့်ကိစ္စရပ်များ အတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံးပြုလို လျှင် အစိုးရထံက မြေငှားစာချုပ်ဖြင့် မြေငှားရမ်းသုံးစွဲခွင့် လျှောက်ထားရယူကာ ငှားရမ်းအသုံးပြုသည့် မြေအတွက် သတ် မှတ်နှစ်အလိုက် ခွင့်ပြုပေးသည့် သက်သေ အထောက်အထား ဖြစ်သည်။
မြေငှားစာချုပ်ကို ဂရန် Lease ဟု ခေါ်ပြီး အပိုင်သဘောမျိုး ချထားပေးခြင်းကို Grant ဟု ခေါ်ကာ ယခုအခါ Grant နှင့် Lease ၂ မျိုးလုံးကို ဂရန်ဟုပင် ခေါ်ဝေါ်ကြောင်း သိရသည်။
မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကော်မတီဝင် ဦးကျော်ဇောအောင်က“အရင် နေအိမ်စာရင်းရှိက ၁ သိန်း ၃ သောင်းကျော်ပဲ ရှိခဲ့တာပါ။ အခု စာရင်း ကောက်လိုက်တော့၂ သိန်း ၆ သောင်း နီးပါးရှိနေတယ်။ အဲဒီတော့ စာရင်း ရှိနဲ့ အရမ်း ကွာဟနေတော့ အခွန် စည်းကြပ်နိုင်ခြင်း မရှိတာက ပိုများနေတယ်။ ဒါကြောင့် အဆောက်အအုံ အလိုက် လက်ရှိ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားများ အတိုင်း ကောက်ခံနိုင်ခြင်း မရှိတော့ စည်ပင်အတွက် နစ်နာတယ်”ဟု ဆို သည်။
၎င်းက ဆက်လက်၍“လက်ရှိ ကောက်ခံ ရရှိထားတဲ့ စာရင်းက ဂရန် မရှိသေးတဲ့ နေအိမ်တွေကို တိုင်းအစိုးရ အဖွဲ့ကို တင်ပြ ပေးသွားပါမယ်။ အစိုးရ အဖွဲ့ရဲ့ စီမံညွှန်ကြားမှု အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။
မန္တလေးမြို့တွင် နေအိမ် အခွန်ပေးဆောင်ရာ၌ ပြောင်းလဲဆောက်လုပ်ခြင်း မပြုခင်က နှုန်းထားများဖြင့်သာ ပေးဆောင် နေကြ ကြောင်းနှင့် အခွန်စံနှုန်း ပြည့်မီစွာ ကောက်ခံနိုင်ရေးနှင့် ရရှိလာသော အချက်အလက်များကို အခြေခံ၍ အနာဂတ် စီမံ ကိန်းများ ရေးဆွဲနိုင်ရေး ရည်ရွယ်ပြီး နေအိမ်စာရင်းများ ပြန်လည်ကောက်ယူခြင်း လုပ်ငန်းကို လုပ်ဆောင်ခြင်းဟု သိရ သည်။
မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က“အိမ်ခြေပေါင်း၂ သိန်း ၅ သောင်း ၆ ထောင်ကျော်ရဲ့ဂရန် ရှိ မရှိ၊ စည်ပင် ကြီး ကြပ် မှု ရှိ၊ မရှိ၊ လုပ်ငန်း လိုင်စင်၊ ရေသုံးစွဲမှု၊ မိလ္လာ စနစ်၊ ကားနဲ့ ဆိုင်ကယ် အရေအတွက်၊ နံရံကပ် ကြေညာ၊ အိမ်အငှား အစရှိတဲ့ စည်ပင်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အချက်အလက်တွေကို အဓိက ထားပြီး ပြုစုတော့ မကြာခင် ပြီးစီးတော့မယ့် Geographic Information System (GIS) မှာ ထည့်သွင်း အသုံးပြုနိုင်တော့မှာပါ”ဟု ဆိုသည်။
၎င်းက ဆက်လက်၍“ဘယ်လို စီမံကိန်းပဲ ရေးဆွဲ ရေးဆွဲ အခြေခံ အကျဆုံးနဲ့ မရှိမဖြစ် အဓိက လိုအပ်တာက မြို့ပြနဲ့ သက် ဆိုင်တဲ့ အချက်အလက်တွေပါ။
အချက်အလက်တွေက ပြောင်းလဲလေ့ ရှိတော့ Up to date ဖြစ်ဖို့လည်း အရေးကြီးတယ်။ Data အမှားတွေ ပေါ်မှာ အခြေခံပြီး ခေတ်အဆက်ဆက် စီမံချက်တွေ
ရေးဆွဲခဲ့ကြလို့ အမှားပေါင်းများစွာ မှားခဲ့ ကြပြီးပါပြီ။ ဒါကြောင့် ရလာတဲ့အချက်တွေ ပေါ်မူတည်ပြီး အနာဂတ် စီမံကိန်းတွေ ရေးဆွဲပေးသွားခဲ့ပါမယ်”ဟု ပြောသည်။
စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ နေအိမ်များအား အိမ်ခွန် ကောက်ခံခြင်းကို မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အခွန်ဌာနမှ ကောက်ခံခြင်း ဖြစ်ပြီး အဆိုပါ အခွန်များကို ကောက်ခံရသည့် ဝန်ထမ်း အားနည်းခြင်း နှင့်အတူ စည်းကြပ်မှု အားနည်းခြင်းများကြောင့်လည်း ပြောင်းလဲ ဆောက်လုပ်ထားသည့် အတိုင်း အခွန်ပေးဆောင်မှု အလွန် နည်းပါးကြကြောင်း သိရသည်။
ဦးကျော်ဇောအောင်က“ကောက်ယူပြီး စာရင်းတွေအရ ဂရန်မရှိသေးတဲ့ နေအိမ်တွေကို အခွန် စည်းမကြပ်နိုင်ခဲ့တာ တော် တော်များပါတယ်။ ဒါကြောင့် အခွန် စည်းကြပ်ဖို့ ကျန်နေတဲ့ နေအိမ်တွေကို တတ်နိုင်သမျှ ပြန်လည် စာရင်းသွင်းပြီး ၆ လ တကြိမ် အခွန် စည်းကြပ်နိုင်ဖို့လည်း လုပ်ဆောင်သွားမှာပါ”ဟု ဆက်လက် ပြောသည်။
မန္တလေး စည်ပင်က နေအိမ်များကို နံကပ်အိမ်၊ RC တိုက် စသည်ဖြင့် အမျိုးအစား အလိုက်၊ လမ်းကျဉ်း၊ လမ်းကျယ်၊ လမ်းမ ကြီး နေရာအလိုက် အခွန်နှုန်းထားများ သတ်မှတ်ထားသည်။
ဂရန် ထုတ်ပေးခြင်း လုပ်ငန်းအား သက်ဆိုင်ရာ မြို့နယ်၏ မြေစာရင်း ဦးစီးဌာနက စိစစ်ပေးမှုများ ပြုလုပ်ပေးထားသည့် မြေ ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင် အုပ်ချုပ်ရေးမှူးက တာဝန်ခံ ဆောင်ရွက်ပေးရခြင်း ဖြစ်ပြီး မန္တလေး၊ နေပြည် တော်၊ ရန်ကုန်မြို့များတွင် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ချက်များ ပြည့်စုံပါရှိမှသာ ထုတ်ပေးသည်ဟု သိရ သည်။
မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်က“လက်ရှိမှာ လူတော်တော်များများ နား လည်နေကြတာက ထွေအုပ်က ဂရန်ထုတ်ပေးတာ မဟုတ်ဘူးလို့ နားလည်နေကြတယ်၊ အမှန်က မြို့မြေကို ထွေအုပ်က ကောလိပ်တော် အရာရှိလို့ သတ်မှတ်တဲ့ အဆင့်ကနေမှ ဂရန် ထုတ်ပေးပိုင်ခွင့် ရှိတာပါ။ ဂရန်ဆိုတာကို ထုတ်ပေး ပိုင်ခွင့် ရှိနေတာကတော့ လက်ရှိ ဆိုရင် ခရိုင် အုပ်ချုပ်ရေးမှူး အဆင့်ပေါ့”ဟု ပြောသည်။
မြို့မြေ အဖြစ် သတ်မှတ်ထားရာတွင် ဂရန်နှင့် ဘိုးဘွားပိုင် ဟူ၍ ရှိကြောင်း၊ ဂရန် မရှိသည့်မြေ အများစုမှာ အစိုးရက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် မြေ အမျိုးအစားများတွင်လည်း ပါဝင်နေကြောင်း ဆိုသည်။
လက်ရှိ စိုက်ပျိုးမြေ၊ သစ်တောမြေ စသည့် သတ်မှတ်ထားခြင်း မရှိသည့် မြေအမျိုးအစားများအား သတ်မှတ်ချက်များနှင့် အညီ ဂရန်လျှောက်ထား၍ ရနိုင်ကြောင်း သိရသည်။
ဦးတင်မောင်က“မြို့နေ လူဦးရေ တိုးလာရင် ဂရန်မလုပ်ဘဲ နေထိုင်နေကြတဲ့သူတွေလည်း အများစု ရှိနေမှာပါပဲ။ ဂရန် မရှိ ဘဲ ဒီအတိုင်း နေနေကြတာပဲလေ။ ဂရန်ရှိခြင်း၊ မရှိခြင်း ဆိုတာထက် သူတို့ လတ်တလော နေစရာ အတွက်က အရေးကြီး တော့ နေကြတယ်။ နေစရာ အိမ်ကို ဂရန် အလွယ်တကူ မပေးလို့ရှိရင် နေစရာအတွက် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ နေကြမှာ ပဲ”ဟု ပြောသည်။
နိုင်ငံသားများ အနေဖြင့် အစိုးရမြေ (State Land)၊ အစိုးရက စီမံ ချထားနိုင်သော မြေ (Land at the Disposal of Government)၊ လယ်ယာမြေ (Farm Land)၊ ကျေးရွာဘုံမြေ (Village Common Land)၊ အစိုးရက အခွန်လွတ် လွှဲ ပြောင်း ပေးနိုင်သောမြေ (Transferable Land)၊ စည်းကမ်းပျက် သိမ်းမြေနှင့် နိုင်ငံတော်က ဖော်ထုတ်မြေများ (Revoking Farm Land and Land Reclamation by State) နှင့် မြေလွတ်မြေလပ်နှင့် မြေရိုင်း၌ (က) မြေလွတ်မြေလပ် (Vacant and Fallow Land)၊ (ခ) မြေရိုင်း (Virgin Land) များကို အစိုးရထံမှ လျှောက်ထားရယူ အသုံးပြုနိုင်သည်ဟု ထုတ်ပြန် ထားသည်။
အဆိုပါ ဂရန်လျှောက်ထားရန် အတွက် မြို့မြေ အဖြစ် သတ်မှတ်ထားမှုတွင် အကျုံးဝင်ရန် လိုအပ်သလို အမှန်တကယ် နေထိုင် ပိုင်ဆိုင်ကြောင်း၊ လိုအပ်သော အထောက်အထားများနှင့် အတူ လျှောက်ထားရပြီး ဂရန်ထုတ်ပေးရာတွင် အနည်း ဆုံး အနှစ် ၃၀ သတ်မှတ်၍ ထုတ်ပေးခြင်း ဖြစ်ကာ ဂရန် အမျိုးအစားအလိုက် သတ်မှတ် အခွန်များကို ပေးဆောင် ကြရ ကြောင်း သိရသည်။
ဦးတင်မောင်က“ဘာလို့ ဂရန် မလျှောက်ကြသလဲ ဆိုရင် ဂရန်ရဖို့ အတွက်က အခက်အခဲမျိုးစုံ ရှိတယ်။ အခက်အခဲ မရှိ ဘူး၊ ငွေကုန်ကြေးကျ မရှိဘဲ ဂရန်ကို လွယ်လွယ်ကူကူ လျှောက်လို့ရမယ်ဆိုရင် လျှောက်ကြမှာပါ”ဟု ဆက်လက် ပြော သည်။
ဂရန်မရှိသော မြေသည် ပိုင်ဆိုင်မှု အတိအကျ မရှိသောကြောင့် မှတ်ပုံတင် စာချုပ်စာတမ်းရုံးတွင် အမည်ပေါက် တရားဝင် ချုပ်ဆို၍ မရနိုင်ဘဲ အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ခက်ခဲပြီး ဘဏ်ချေးငွေများ လျှောက်ထား ရယူရာတွင်လည်း မရ နိုင်ဟု သိရသည်။
ဦးတင်မောင်က“ဂရန်မရှိဘူး ဆိုရင် သူရဲ့ပိုင်ဆိုင်မှုက အတိအကျ မရှိဘူး။ ဂရန်မရှိတဲ့ အတွက် ရုံးပြင်ကနားမှာ နာမည် ဖောက်လို့မရဘူး။ အရပ်ကတိနဲ့တော့ သွားလို့ရတယ်။ ဂရန်ရှိရင်ရှိ မရှိရင် ဘိုးဘွားပိုင်မြေ ဖြစ်ရမယ်။ အဲဒီလို ပိုင်ဆိုင်မှု အထောက်အထား တခုမှ မရှိဘူး ဆိုရင် မှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ ချုပ်ဆိုလို့ မရသလို အခွင့်အရေး ဆုံးရှုံးမှု အနေနဲ့ ကတော့ ရောင်းချင်ရင်လည်း ခက်မယ်။ ဘဏ်ချေးငွေ လိုချင်ရင်လည်း မရနိုင်ဘူး။ ဘဏ်ချေးငွေ ဆိုတာကလည်း ဂရန်နဲ့ ဘိုးဘွားပိုင်ပေါ်မှာပဲ အခြေခံပြီး ပေးကြတာပါ”ဟု ပြောဆိုသည်။
ချမ်းမြသာစည် မြို့နယ် ဧရာထွန်း ရပ်ကွက်မှ ဦးသိုက်သိုက်ဝင်းက“ကျနော့် အိမ်ဆိုရင် ဂရန် မရှိပါဘူး။ ဘာလို့ မရှိသလဲ ဆိုရင် ဂရန် ထုတ်ပေးလို့ရတဲ့ စည်ပင်က သတ်မှတ်ထားတဲ့ မြေအတိုင်းအတာ မပြည့်လို့ လျှောက်ထားလို့ မရတာကြောင့် ပါ။ ဂရန် မရှိတာတွေ ဘာကြောင့် များနေလဲဆိုရင် ဥပမာ ပေ ၄၀ ပတ်လည်ကို မူလ ပိုင်ဆိုင်ထားသူက ၁၅ ပေလောက် ခွဲရောင်းတဲ့ အခါမှာ အရပ် စာချုပ်နဲ့ ရောင်းတယ်။ အဲဒီတော့ သတ်မှတ်ချက် ပြည့်မီရင်တော့ ဂရန် လျှောက်လို့ ရပေမယ့် မပြည့်တော့ မလျှောက်ဖြစ်ကြတော့ဘူး”ဟု ဆိုသည်။
လက်ရှိ မန္တလေးမြို့တွင် မြေဈေးနှုန်း ကြီးမြင့်မှုကြောင့် ဂရန်ထုတ်ပေးနိုင်သည့် မြေဧရိယာ နှုန်းထားကို ဝယ်ယူရန် အများ စု မှာ ငွေကြေး လိုက်မီနိုင်ခြင်း မရှိသလို ပိုင်ရှင် အဆင့်ဆင့် မြေဧရိယာကို စိတ်ပိုင်း၍ လွှဲပြောင်း ရောင်းချခြင်းများ ပြုလုပ် လာကြကြောင်း သိရသည်။
ဦးသိုက်သိုက်ဝင်းက ဆက်လက်၍“အခက်အခဲကတော့ အများကြီးပေါ့နော်။ မြင်လွယ်မယ့် အခက်အခဲကို ပြောရမယ်ဆို ရင် လျှပ်စစ် မီတာ လျှောက်တဲ့ နေရာမှာ ပိုင်ဆိုင်မှု အထောက်အထား အတွက် ဂရန် မိတ္တူ ပေးရတယ်။ အရပ်စာချုပ် ဖြစ် နေတော့ အလွယ်တကူ လျှောက်လို့ မရတော့ဘူး။ ပုံမှန်ထက် ငွေကြေးကုန်ကျတာတွေ ရှိတယ်။ ဒီလို အခက်အခဲတွေ တော့ ဖြစ်ရပါတယ်”ဟု ပြောသည်။
ဂရန်မရှိသည့် မြေများကို ဂရန် ချထားပေးရန် အတွက် အစိုးရ၏ မူဝါဒများ အပေါ်၌သာ မူတည်ပြီး ဂရန်ကို လွယ်လွယ် ကူကူ လုပ်ပေးနိုင်မည် ဆိုလျှင် ဂရန်မရှိသည့် ပြဿနာ ကင်းရှင်းသွားမည် ဖြစ်သလို အစိုးရလည်း အခွန်အခများ ပြည့်ဝ စွာ ရရှိလာနိုင်မည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
ဦးတင်မောင်က“ဂရန်ရှိရင် အရောင်းအဝယ်ပဲ လုပ်လုပ်၊ နာမည်ပြောင်းပဲ လျှောက်လျှောက် အဲဒါဆိုရင် အစိုးရက သတ် မှတ်တဲ့ အခွန်အခ ရမယ်၊ အခွန် စည်းကြပ်မှုတွေလည်း ရှိလာမယ်၊ အရပ်ကတိနဲ့ ချုပ်ထားတဲ့ ရိုးရိုးစာချုပ်တွေက ဘယ်က အခွန်မှ မရဘူး။ အဲဒီတော့ လက်ရှိ အရောင်းအဝယ် လုပ်ကြတဲ့အခါမှာ အရပ်စာချုပ်နဲ့ လုပ်လာကြတော့တာ ပါပဲ”ဟု ဆက်လက် ပြောသည်။
ယခု အခါ မန္တလေး စည်ပင် ကော်မတီ အနေဖြင့် မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းများနှင့် ပြောင်းလဲမှုများကို ပြုလုပ်လျက် ရှိပြီး လုပ်လက်စ စီမံကိန်းများကို လာမည့် ၂၀၂၀ ပြည့်နှစ် မကုန်မီ ပြီးစီးအောင် လုပ်ဆောင်မည်ဟု ဆိုထားသည်။