ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထိုင်းဘုရင်၏ အမတော်က လူကြိုက်များသည့်ပါတီတခုမှ ကိုယ်စားလှယ်လောင်းအနေဖြင့် ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်ရန်ဝင်ရောက်လာခြင်းသည် တော်ဝင်မိသားစုဝင်တဦးက နိုင်ငံရေးအတွင်းကို အစဉ် အလာမရှိဘဲ ပါဝင်လာခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းယူပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ကျင်းပသည့် ရွေး ကောက်ပွဲကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့သည်။
ချက်ခြင်းဆိုသလို ထိုင်းဘုရင်က ညနေပိုင်းတွင် ယင်းကိစ္စပေါ် တုံ့ပြန်ရာ တော်ဝင်မိသားစုဝင်များ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းသည် “မသင့်တော်”ဘဲ အခြေခံဥပဒေနှင့်လည်း မကိုက်ညီဟု ရုပ်သံမှတဆင့် မိန့်ခွန်းပြောခဲ့သည်။ ထိုင်းနိုင်ငံမှ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် မင်းသမီးကမူ မိမိသည် ၁၉၇၃ ခုနှစ် သာမာန် အရပ်သား အမေရိကန် နိုင်ငံသားနှင့် အိမ်ထောင်ကျပြီးကတည်းက နန်းတော်နှင့် ကင်းကွာခဲ့ကာ ရိုးရိုးထိုင်းနိုင်ငံသား ဖြစ်နေပြီးပြီဟု ၎င်း၏ ဆိုရှယ်မီဒီယာတွင် ရေးသားထားသည်။
ဘုရင် Maha Vajiralongkorn ၏ အကြီးဆုံး အမဖြစ်သော အသက် ၆၇ နှစ်အရွယ် မင်းသမီး Ubolratana Rajakanya Sirivadhana Barnavadi ကို ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို သစ္စာခံသည့် ပါတီတခုက ဝန် ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ သက်ဆင်သည် ထိုင်းလူ့အဖွဲ့အစည်းကို နှစ်ပေါင်းများစွာ ကွဲပြားစေသည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် လမ်းပေါ်မှ အပြိုင်အဆိုင် ဆန္ဒပြပွဲများ၏ ဗဟိုတွင်ရှိနေသော ပုံရိပ်တခု ဖြစ်သည်။
မတ်လ ၂၄ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မင်းသမီး Ubolratana ၏ ပြိုင်ဘက်များထဲမှ တဦးမှာ ဝန်ကြီးချုပ် လောင်းအဖြစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်ပင် ကျေညာခဲ့သော လက်ရှိ စစ်အစိုးရ၏ ခေါင်းဆောင် ဝန်ကြီးချုပ် Prayuth Chan-ocha ဖြစ်လိမ့်မည်။
ထိုင်းနိုင်ငံသည် ၁၉၃၂ ခုနှစ်မှစ၍ စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးခဲ့သော်လည်း တော်ဝင်မိသားစုက သူတို့ကို ချစ်ခင် လေးစားသည့် သန်းပေါင်းများစွာသော ပြည်သူများအပေါ် သြဇာလွှမ်းမိုးထားနိုင်ဆဲ ဖြစ်သည်။
သက်ဆင်ကို ထောက်ခံသည့် Thai Raksa Chart ပါတီက တော်ဝင်မိသားစုဝင်တဦးကို အမည်စာရင်းတင်သွင်းခြင်းက သက်ဆင်၏ လူကြိုက်များပါတီနှင့် ၎င်းတို့၏ မဟာမိတ်များက တဘက်၊ ဘုရင့်အပေါ်သစ္စာ စောင့်သိသည့် ထိုင်းစစ်တပ်၏ ရှေးရိုးစွဲများက တဘက် ထိပ်တိုက်ရင်ဆိုင်ကြမည့် တိုက်ပွဲတခုအဖြစ် မြင်ထားကြသော ရွေးကောက်ပွဲကို အသွင်ပြောင်းလဲစေနိုင်ပါသည်။
“အဲဒါက ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ထိုင်းနိုင်ငံရေးရဲ့ တွက်ချက်ရွှေ့နေကြတဲ့ အရွေ့ကို ပုံဖော်မယ့် သိမ်မွေ့ကျယ်ပြန့်တဲ့ ဖွံ့ဖြိုး တိုးတက်မှုတခု ဖြစ်ပါတယ်။ ခုချိန်မှာတော့ Thai Raksa Chart က ဦးဆောင်နေတဲ့ ပြိုင်ပွဲ ဖြစ်သွားပါပြီ” ဟု Chulalongkorn တက္ကသိုလ်မှ နိုင်ငံရေးလေ့လာဆန်းစစ်သူတဦးဖြစ်သည့် Thitinan Pongsudhirak က ရိုက်တာသို့ ပြောသည်။
မင်းသမီးက Massachusetts Institute of Technology (MIT) ကျောင်းသားတဦးဖြစ်သည့် အမေရိကန် နိုင်ငံသား Peter Jensen ကို လက်ထပ်ခဲ့သည့် ၁၉၇၂ ခုနှစ်တွင် သူ၏ တော်ဝင်ဘွဲ့များကို စွန့်လွှတ်ခဲ့သည်။ သူတို့ ကွာရှင်းခဲ့ကြသည့် ၁၉၉၈ ခုနှစ်အထိ အမေရိကန်နိုင်ငံတွင် ၂၆ နှစ်ကျော် နေထိုင်ခဲ့သည်။
၁၅ နှစ်နီးပါး ကာလအတွင်းတွင် ဘန်ကောက်ကို ဗဟိုပြုသည့် ဘုရင့်သစ္စာခံ အထက်တန်းလွှာများနှင့် သက်ဆင်နှင့် ကျေးလက်ကို ပို၍ အခြေပြုသည့် သူ့ကို ထောက်ခံသူများကြားမှ ပဋိပက္ခက လမ်းပေါ်ဆန္ဒပြပွဲများ၊ စစ်တပ် အာဏာသိမ်းယူမှုများနှင့် အကြမ်းဖက် အဓိကရုဏ်းများကို ပေါ်ပေါက်စေခဲ့သည်။
မင်းသမီးက အမည်စာရင်း တင်သွင်းလာခြင်းသည် စစ်အစိုးရကို လိုလားသည့် ပါတီများအပေါ် ဘုရင့်သစ္စာစောင့်သိသူများ၏ နှစ်သက်သဘောကျမှု ကျဆင်းစေ ရန် ရဲတင်းသော လောင်းကြေးထပ်မှုတခုလား ဆိုသည်ကို လေ့လာဆန်းစစ်သူများက သုံးသပ်နေကြသည်။ သို့သော် ဘုရင့်ထံမှ ကန့်ကွက်ချက်မှာ စစ်တပ်က ဦးစီးခင်းကျင်းထားသော နိုင်ငံရေးကို မပျက်စေလိုသူများဘက်မှ ရပ်တည်ခြင်း ဖြစ်သောကြောင့် ထိုင်းနိုင်ငံရေးသည် အကွဲအပြဲ ပဋိပက္ခများ တကျော့ပြန်မည်ကို စိုးရိမ်နေကြသည်။
“အရင်က အယူအဆတွေနဲ့ ဇာတ်ကြောင်းတွေကို ပြန်လည်စဉ်းစားရပါတော့မယ်။ တကယ်လို့ အဲဒါက အကောင်းဖြစ်လာတယ်ဆိုရင် ဒါက ပြန်လည်သင့်မြတ်ရေးနဲ့ ညီညွတ်ရေးလုပ်ငန်းစဉ်တခု ဖြစ်ပါလိမ့်မယ်။ တကယ်လို့ ကောင်းတာ ဖြစ်မလာ ဘူးဆိုရင်တော့ သတိထားရမယ့် အန္တရာယ်တခု ဖြစ်စေပါလိမ့်မယ်။ ထိုင်းနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး အတွက် ကြီးမားတဲ့ အန္တရာယ်တောင် ဖြစ်နိုင်ပါတယ်” ဟု Thitinan Pongsudhirak က ပြောသည်။
Thai Raksa Chart ပါတီသည် သက်ဆင်ကို ထောက်ခံသည့် Pheu Thai ပါတီမှ ပေါ်ပေါက်လာသည့် ပါတီ တခုဖြစ်သည်။ သက်ဆင်၏ ညီမဖြစ်သူ ယင်လပ်ရှင်နာဝပ်က ဦးဆောင်သည့် Pheu Thai ပါတီအစိုးရကို ၂၀၁၄ ခုနှစ်တွင် ထိုစဉ်က စစ်ဦးစီးချုပ်ဖြစ်သည့် ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် စစ်တပ်အာဏာ သိမ်းယူမှုက ဖြုတ်ချခဲ့သည်။
သက်ဆင်နှင့် သူ၏ပါတီသည် ဘုရင်စနစ် ဆန့်ကျင်သူများဟု သူတို့၏ ရန်သူများက တခါတရံ စွပ်စွဲခဲ့ကြသော်လည်း သက်ဆင်နှင့် သူ၏ပါတီက အမြဲတမ်း ပယ်ချခဲ့ကြသည်။
အရံပါတီ
Pheu Thai ပါတီမှ ကိုယ်စားလှယ်လောင်းများလည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ Thai Raksa Chart ပါတီကို သက်ဆင်အပေါ် သစ္စာရှိသူများနှင့် United Front for Democracy Against Dictatorship (UDD) သို့မဟုတ် ရှပ်နီများ အုပ်စုမှ အဓိက ခေါင်းဆောင်ပိုင်းက Pheu Thai ပါတီ နေရာများများ အနိုင်ရရေးအတွက် ကူညီရန် သို့မဟုတ် ပါတီ အရည်အချင်း မပြည့်မီခဲ့ပါက အရံအဖြစ် လှုပ်ရှားရန် တည်ထောင် ခဲ့ခြင်းဖြစ်သည်။
“မင်းသမီးကို ပါတီရဲ့ တဦးတည်းသော ဝန်ကြီးချုပ်လောင်း အနေနဲ့ အမည်စာရင်း တင်သွင်းခဲ့ပြီးပါပြီ”ဟု Thai Raksa Chart ပါတီ ခေါင်းဆောင် Preechapol Pongpanich က သတင်းထောက်များကို ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြော ကြားခဲ့သည်။
မင်းသမီး Ubolratana က ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ်နေရာ အ တွက် ယှဉ်ပြိုင်မည် မဟုတ်ပါ။ ရွေးကောက်ပွဲ ဥပဒေတွင်မူ ထိုသို့ ယှဉ်ပြိုင်ရန် ခွင့်ပြုထားသည်။
“သူက အသိအမြင် ဗဟုသုတရှိပြီး အလွန်သင့်တော်တဲ့သူ ဖြစ်ပါတယ်။ သူရဲ့ အရည်အချင်းပြည့်မီမှုနဲ့ ပတ်သက်လို့ ဥပဒေ ပိုင်းအရ ပြဿနာတွေ မရှိဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင် က သူ့ရဲ့ ကိုယ်စားလှယ်လောင်း အတည်ပြုချက်ကို ကျနော်တို့ စောင့်ရပါဦးမယ်” ဟု သူက ပြောသည်။
ယခု ထိုင်းဘုရင်၏ ကန့်ကွက်ချက်က ရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်ချက်အပေါ် ကြီးစွာသော သက်ရောက်မှု ရှိနိုင်ပြီး အကယ်၍ မင်းသမီး၏ လျှောက်လွှာကို ပယ်ချခဲ့ပါက မင်းသမီးအနေဖြင့် မည်သို့ ဆက်လက်လှုပ်ရှားမည်ကို စောင့်ကြည့်ရဦးမည်။
စစ်တပ်ကိုထောက်ခံသည့် ပါတီငယ်တခုဖြစ်သော People’s Reform ပါတီက မင်းသမီး ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် ပါတီများက မဲဆွဲလှုပ်ရှားမှုတွင် တော်ဝင်မိသားစုကို အသုံးမပြုရန် တားမြစ်ထားသည့် ဥပဒေကို ချိုးဖောက်ခြင်း ရှိ/မရှိ ပြန်လည်သုံးသပ်ပေးရန် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်က လာမည့် ကိုယ်စားလှယ်လောင်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေမတိုင်မီ အတည်ပြုခြင်း သို့ မဟုတ် ငြင်း ပယ်ခြင်း ပြုလုပ်ရမည်ဖြစ်သည်။
သူ့ကို ထောက်ခံသူများက ထူထောင်ထားသည့် ပါတီသစ်တခု ဖြစ်သော Palang Pracharat ပါတီက အမည်စာရင်း တင်သွင်းခြင်းကို ပရာယွတ် က တရားဝင် ကြေညာချက်တခုတွင် လက်ခံခဲ့သည်။
“ကျနော်က ကျနော့်ရဲ့ အာဏာသက်တမ်းကို တိုးချဲ့ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုး အတွက် ကျနော်လုပ်နေတာ ဖြစ်ပါတယ်” ဟု သူကပြောသည်။
ပရာယွတ်၏ ကြေညာချက်တွင် မင်းသမီး Ubolratana ၏ အမည်စာရင်းတင်သွင်းမှုနှင့် ပတ်သက်၍ ရည်ညွှန်းခဲ့ခြင်း မရှိပါ။
ယခင် ထိုင်းဘုရင် Bhumibol Adulyadej ၏ အကြီးဆုံးသမီးဖြစ်သော Ubolratana ကို Lausanne တွင် ၁၉၅၁ ခုနှစ်က မွေးဖွားခဲ့သည်။ MIT တွင် သချာၤ နှင့် ဇီဝ-ဓာတု ပညာများသင်ကြားခဲ့ပြီး Los Angeles ရှိ California တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေး ဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိခဲ့သည်။
သူက ၂၀၀၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ အပြီးပြန်လာခဲ့သည်။ တော်ဝင်မိသားစုတာဝန်များကို ပြန်လည်ထမ်းဆောင်ခဲ့သော် လည်း သူ၏ တော်ဝင်ဘွဲ့အမည်များကို အပြည့်အဝ ပြန်လည်မရရှိတော့ပါ။ သူ့ကို Tunkramom Ying ဟု ရည်ညွှန်းခြင်း ခံ ရသည်။ ဘုရင့်သမီးတော်များ ရရှိသည့် တော်ဝင် အဆောင်အယောင် ဘွဲ့မဟုတ်ဘဲ တဆင့်နိမ့် နန်းတွင်း အုပ်ချုပ်ရသူ၏ သမီး ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ သို့သော် တာဝန်ရှိသူများက တော်ဝင်မိသားစုဝင် တဦး အဖြစ်ဆက်ဆံခြင်း ခံရသည်။
တော်ဝင်အသိုင်းအဝိုင်းဝင် မဟုတ်တော့သောကြောင့် ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို စော်ကားပုတ်ခတ်ခြင်းမှ တင်းကျပ်စွာ တားမြစ်ထားသည့် ဥပဒေ၏ အကာအကွယ်ကို မရရှိတော့ပါ။ သို့သော် ယခုအခါ ထိုင်းဘုရင်က မင်းသမီးသည် ထိုင်းတော်ဝင်အသိုင်းအဝိုင်း ဖြစ်နေသေးကြောင်း မိန့်ကြားချက်က ယင်းဥပဒေနှင့် မင်းသမီး အကျုံးဝင်နေသေးကြောင်း ပြောဆိုသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် မင်းသမီးကို ရွေးကောက်ပွဲ မဲဆွယ်ရာတွင် အတိုက်အခံ ဝေဖန်ပြောဆိုခွင့် ရ မရ ဆိုသည်မှာလည်း ခေါင်းရှုပ်စရာ နောက်တခု ဖြစ်လာသည်။
မင်းသမီး၏ Instagram အကောင့်တွင် မင်းသမီးက လမ်းဘေးအစားအစာ စားနေသည့် ဗီဒီယိုတခုကို မကြာသေးမီက တင်ခဲ့ ပြီး ဘန်ကောက်၏ လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ နောက်ထပ် စောဒကတက်ခဲ့သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက် သူသည် သက်ဆင်၏ ဇာတိမြို့ ဇင်းမယ်ခေါ် ချင်းမိုင်မြို့တွင် လည်ပတ်နေသည့် အကြောင်းနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ် တင်ခဲ့သည်။
“ကျနော် နိုင်ငံရေးကို ငြီးငွေ့နေတာကြာခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော့်ကို ပြန်ပြီး ပျော်လာအောင် မင်းသမီးက လုပ်နိုင်ခဲ့ပါတယ်” ဟု ပရိသတ်တဦးက Pantip အွန်လိုင်းဖိုရမ်တွင် ရေးသားခဲ့သည်။
ကိုးကား ။ ။ Reuters