သတင်း

အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မှုမရှိကြောင်း နာဂအဖွဲ့ငြင်းဆို

Want create site? Find Free WordPress Themes and plugins.

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K) က ၎င်းတို့အပေါ် မြန်မာ့တပ်မတော်က စွပ်စွဲထားသည့် နှစ်ဖက် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည် ဟူသော အချက်ကို ငြင်းဆိုလိုက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ၎င်းတို့ဌာနချုပ်မှ အစိုးရတပ်များ ဆုတ်ခွာပေးရန် မျှော်လင့်သည်ဟု တုံ့ပြန်ပြောကြားလိုက်သည်။

တာကာကျေးရွာအနီး NSCN-K ဌာနချုပ်ကို မြန်မာ့တပ်မတော်က ယခင်အပတ်က သိမ်းပိုက်ထားကာ အိန္ဒိယသူပုန်အုပ်စုများမှ NSCN-K တပ်ဖွဲ့ဝင်များ အသွင်ယူကာ လှုပ်ရှားနေသည်ဆိုကာ တပ်မတော်က စစ်ဆင်ရေးလုပ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် မဏိပူရပြည်နယ်တို့မှ အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် သူပုန်အုပ်စုများ ဖွင့်လှစ်လှုပ်ရှားနေသော စစ်သင်တန်းကျောင်းနှစ်ကျောင်းနှင့် စခန်းသုံးခုကို ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်အတွင်း တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ လက်နက်ငယ်များနှင့် ကျည်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေဖော်ဝါရီလ ၃ ရက်နှင့် ၆ ရက်နေ့ ရက်စွဲများဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် သူပုန်များကို NSCN-K က ၎င်းနယ်မြေထဲတွင် ခိုလှုံခွင့်ပေးထားသည်ဟု စွပ်စွဲထားပြီး NSCN-K တပ်ဖွဲ့ဝင်ခြောက်ဦးနှင့် ကသည်းသူပုန်နှစ်ဦးတို့ကို ဖမ်းဆီးရမိကြောင်း ဆိုထားသည်။ ထိုနယ်မြေတွင် ကသည်းသူပုန်များနှင့် အာသံသူပုန်များ ခိုအောင်းနေကြောင်း အထောက်အထားများ ရရှိထားပြီး NSCN-K နှင့် ဆက်စပ်မှုရှိသည်ဆိုသော ဆက်စပ်စာရွက်စာတမ်းများ တွေ့ရကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြသည်။

ထို့ကြောင့် NSCN-K သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက်က လက်မှတ်ရေးထိုးခဲ့သော နှစ်ဖက်ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ် ပထမပိုဒ်ကို ချိုးဖောက်သည်ဟု တပ်မတော်က ဆိုထားပြီး ယင်းအတွက် လိုအပ်သလိုအရေးယူ ဆောင်ရွက်မည်ဟု ပြောသည်။ အစိုးရနှင့် NSCN-K တို့အကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ပထမပိုဒ်တွင် တပ်မတော်နှင့် NSCN-K တို့သည် လက်မှတ်ရေးထိုးသည့်နေ့ရက်မှစ၍ “တိုက်ခိုက်မှုရပ်တန့်ရန်” ဟု စည်းကမ်းသတ်မှတ်ထားသည်။

NSCN-K ၏ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ဧရာဝတီသို့ ကြာသပတေးနေ့၌ ပြောကြားရာတွင် “ကျနော်တို့အနေနဲ့ ဒါတော့ ချိုးဖောက်တာ မရှိဘူး။ ငြိမ်းချမ်းရေးနဲ့အ ပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကျနော်တို့ အတတ်နိုင်ဆုံး ထိန်းသိမ်းတယ်၊ အခုထိလည်း စောင့်ရှောက်နေတယ်။ မြန်မာ နဲ့ နာဂအကြားမှာ ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေး တည်ဆောက်ခဲ့တယ်ဆိုတာက ကျနော်တို့ နောက်ပိုင်း ယုံကြည်မှုတည်ဆောက်တာတွေက တော်တော်နှစ်ကြာကြာ ဆောင်ရွက်လာတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ဘက်နေ အခုလည်း မဖျက်ဆီးလိုဘူး။ ဒါ တပ်မတော်ဘက်က ဘယ်လိုပုံစံမျိုးကို ပြောလဲ သဘောမပေါက်ဘူး။ ကျနော်တို့ဘက်က ချိုးဖျက်တာ ချိုးဖောက်တာမျိုးတော့ ကိုယ့်ဟာကိုယ် မရှိဘူး လို့ အဲ့လို ယုံကြည်ထားတယ်” ဟု ဆိုသည်။

၎င်းက အာသံနှင့်မဏိပူရ (ကသည်း) သူပုန်များလှုပ်ရှားနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သော်လည်း အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် ပထဝီဝင်အနေအထားအရ နီးကပ်နေသည့်နယ်မြေတွင် အချို့အုပ်စုများ အခြေချနေခြင်းကိုမူ ငြင်းဆန်ခြင်း မပြုပေ။

NSCN-K တပ်ဖွဲ့ဝင်များက လက်နက်ကိုင် ထိတွေ့မှုကို ရှောင်ရှားရန် ဌာနချုပ်မှ ဆုတ်ခွာပေးခဲ့၍ တပ်မတော်၏လှုပ်ရှားမှုတွင် မည်သည့်ပစ်ခတ်တိုက်ခိုက်မှုမှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ NSCN-K ငြိမ်းချမ်းရေးကော်မတီဝင်အချို့မှာ တာကာကျေးရွာတွင် ရှိနေဆဲဖြစ်ကာ တပ်မတော်ကလည်း ထိုနယ်မြေကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အခုထိတော့ မြေပြင်မှာလည်း NSCN-K နဲ့ ပစ်ခတ်တိုက်ခိုက်မှု မရှိဘူး။ ကျနော်တို့လည်း အတတ်နိုင်ဆုံး ရှောင်ပေးထားတယ်။ ငြိမ်းချမ်းအောင် ထိန်းသိမ်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ နိုင်ငံတော်ရဲ့ ခေါင်းဆောင်တွေကနေပီး ဘာပဲဖြစ်ဖြစ် သဘောပေါက် နားလည်ပြီးတော့မှ (တပ်တွေကို) စွန့်ခွာပေးလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ အခုထက်ထိ ဒီအတိုင်းပဲ ရှိနေတယ်” ဟု သူက ပြောသည်။

ဌာနချုပ်သိမ်းပိုက်ပြီးနောက် တပ်မတော်က NSCN-K အဖွဲ့ဝင်များကို သတ်မှတ်ထားသော နယ်မြေသို့ ပြောင်းရွှေ့ပေးရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ်နေမှုများအပေါ် ယင်းအစီအစဉ်မျိုး မရှိကြောင်းနှင့် ထိုကိစ္စနှင့် ပတ်သက်၍ တစုံတရာ စေ့စပ်ဆွေးနွေးခြင်း မရှိသေးကြောင်း ဦးကျော်ဝမ်းစိန်က ပြောသည်။

အိမ်နီးချင်းတိုင်းပြည်(ယခုဖြစ်စဉ်တွင် အိန္ဒိယ)ကို တိုက်ခိုက်မည့် မည်သည့်သူပုန်အုပ်စုများကို မဆို မြန်မာ့ပိုင်နက်ကို အခြေပြုခွင့်မပြုသည့်မူဝါဒကို ဆုပ်ကိုင်ထား၍ ထိုအတိုင်း အရေးယူဆောင်ရွက်မည်ဟု တပ်မတော်က ပြောသည်။

ဖေဖော်ဝါရီ ၃ ရက်စွဲဖြင့်ထုတ်ပြန်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ အာသံနှင့် အာရုနာချာလ်ပရာဒေ့ရှ် ပြည်နယ် နယ်စပ် တွင် ဘိုဒိုလန်း (Bodoland-Sangbijit) အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDFB-S) မှတပ်ဖွဲ့ဝင် ၉ ဦးကို အိန္ဒိယလုံခြုံရေးတပ်က ဖမ်းဆီးရမိခဲ့သည့် ဒီဇင်ဘာလအစောပိုင်းက သတင်းကိုအခြေခံ၍ မြန်မာပြည်ဘက် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ယင်း စစ်ဆင်ရေးဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ထိုNDFB-S အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဘက်ခြမ်းတွင် စစ်သင်တန်းတက်ရောက်ပြီး ပြန်သွားသူများ ဖြစ်သည်ဟု ဆိုသည်။

တပ်မတော်က ပြီးခဲ့သည့် အောက်တိုဘာလက ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် MPA(မဏိပူရပြည်သူ့တပ်) စခန်းနေရာကိုလည်း သိမ်းပိုက်ရမိခဲ့သည်ဟု ဆိုသည်။ ညီညွတ်သောအမျိုးသားလွတ်မြောက်ရေးတပ်ဦး(United National Liberation Front- ULFA-I) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော MPA သည် မဏိပူရလွတ်လပ်ရေးအတွက် ကြေညာတိုက်ပွဲဝင်နေသည့်အဖွဲ့ ၈ ဖွဲ့အနက်မှ တဖွဲ့ဖြစ်ပြီး နယူးဒေလီအစိုးရက တရားမဝင်အဖွဲ့အဖြစ် တားဆီးပိတ်ပင်ခံထားရသည်။

အိန္ဒိယအရှေ့မြောက်ပိုင်းသတင်းဌာနတခု၏အဆိုအရ တပ်မတော်က အိန္ဒိယသူပုန်အဖွဲ့ တပ်စခန်းများကို ချေမှုန်းသိမ်းပိုက်ခဲ့စဉ် ညီညွတ်သော အာသံအမျိုးသားလွတ်မြောက်ရေး တပ်ဦး (ULFA-I) မှ တပ်ဖွဲ့ဝင်တဦး သေဆုံးသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading