ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစား ခန်းမတွင် မတ်လ ၈ ရက်နေ့၌ကျင်းပမည့် ONE Championship (One:Reign Of Valor) တွင် ပြီးခဲ့သည့် ပွဲစဉ်မှအရှုံးရလဒ်ကို ခြေဖျက်ကာ အကောင်းဆုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖိုးသော်နှင့် အန်တိုနီယာ တို့က ပြောသည်။
ဖိုးသော်အနေဖြင့် ယခုပွဲစဉ်တွင် အင်ဒိုနီရှားနိုင်ငံသား “The Iceman” Yohan Mulia Lagowo နှင့်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး အန်တိုနီယာသည် မလေးရှားနိုင်ငံသူ Audreylaura “ Ice Comet” Boniface နှင့်ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။
ဖိုးသော်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၆ ရက်နေ့က ထိုးသတ်ခဲ့သည့် မလေးရှားကစားသမား Keanu Subba အား ပထမအချီတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အန်တိုနီယာသည် ပြီးခဲ့သည့်ပွဲစဉ်တွင် ထိုင်းအမျိုးသမီးဖိုက်တာ Rika Ishige အား ရှုံးနိမ့်ထားခြင်းဖြစ်သည်။
ဖိုးသော်က “ပြီးခဲ့တဲ့ပွဲ အရှုံးရလဒ်က အရည်အသွေးကို မှတ်ကျောက်တိုက်ခံခဲ့ရတယ်လို့ မြင်ပါတယ်။ အတွေ့အကြုံ ကောင်းတခု ရခဲ့တယ်။ ဒီတခါလည်း မှတ်ကျောက်တိုက်မယ်ဆိုရင် အရည်အသွေးပိုကောင်းလာတာ ကိုအားလုံးမြင် ရမှာပါ။ အကောင်းဆုံး ပုံစံမရသေးပေမယ့် အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ” ဟုပြောသည်။
အင်ဒိုနီးရှားကိုယ်ခံပညာ သိုင်းပေါင်းစုံလောက၏ ရှေ့ဆောင်တဦးဖြစ်သူ Legowo သည် ONE Championship ၏ ကမ္ဘာ့အဆင့်ပြိုင်ပွဲများသို့ ဝင်မပြိုင်မီက ပြည်တွင်းပြိုင်ပွဲများတွင် ကျင်လည်ခဲ့ကာ အတွေ့အကြုံကောင်းများရှိထားသူ တဦးဖြစ်သည်။
အန်တိုနီယာက “ ရှုံးခဲ့တဲ့ပွဲအတွက်တော့ နောင်တရတာမျိုးတွေ မရှိပါဘူး၊ ဒါကကိုယ့်အတွက် ရှေ့ဆက်ဖို့ အင်အားတခုရ လိုက်သလိုပါပဲ။ ဒါကြောင့် လာမယ့်ပွဲမှာ အရင်နဲ့မတူတဲ့ ပုံစံမျိုးနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ အနိုင်/အရှုံးမ ပြောနိုင်ပေမယ့် အကောင်းဆုံး လေ့ကျင့်နေပါတယ်” ဟုပြောသည်။
တိုက်ကွမ်ဒိုတွင် ခါးပတ်နက်ရရှိထားသည့် Boniface သည် Kota Kinabalu ရှိ ဆေးရုံတခုတွင် အရေးပေါ်ကုသဆောင်၌ အချိန်ပြည့် လုပ်ကိုင်နေသည့် ဆရာဝန်တဦးဖြစ်ပြီး အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် ဝါရင့်နည်းပြဖြစ်သူ lias Mansor နှင့်လေ့ကျင့်ပြင်ဆင်လျှက်ရှိသည်။
လက်ရှိတွင် ဖိုးသော်အနေဖြင့် ထိုင်းနိုင်ငံရှိ TigerMuayThai MMA Club တွင် လေ့ကျင့်ပြင်ဆင်လျှက်ရှိပြီး အန်တိုနီယာသည် အင်ဒိုနီးရှားနိုင်ငံရှိ Bali MMA Club တွင် လေ့ကျင့်ပြင်ဆင် လျှက်ရှိနေကြသည်။
မြန်မာဖိုက်တာ နှစ်ဦးလုံးအနေဖြင့် လာမည့်ပွဲစဉ်တွင် ပြိုင်ဘက်များကို အနိုင်ယူကာ ပရိတ်သတ်များအား ပျော်ရွှင်မှုပေးနိုင်ဖို့ ယုံကြည်လျှက် ရှိနေကြပြီး လာမည့် မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။