ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် လက်ဖက်တောကျွန်း မီးပြတိုက်ပြုပြင်ရန် သွားရောက်သည့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ “ဆင်ပြောင်” အမည်ရှိ သင်္ဘောမှာ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနှစ် က နစ်မြှုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ သင်္ဘောပေါ်တွင် လူ ၂၅ ဦး ပါဝင်ကြောင်း သိရပြီး မာန်အောင်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးထိန်လင်း ဦးဆောင်၍ ရှာကယ်တပ်ဖွဲဝင် (၁၀) ဦး ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာလျှက်ရှိ ရှိကြောင်းလည်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ထုတ်ပြတ်ထားသည်။
ပြည်နယ်မီးသတ် ဦးစီးမှူး ဦးသော်ဒါက “နစ်မြှုပ်တဲ့ သင်္ဘောက မီးပြတိုက်သို့ ပြုပြင်ရန် သွားတဲ့ ဆိပ်ကမ်း အာဏာပိုင် သင်္ဘောလို့ သိရပါတယ်။ ဘာကြောင့် နစ်တယ်ဆိုတာတော့ ကျနော်လည်း အသေးစိတ် မသိရသေးဘူး ။ ကျနော်တို့ မီးသတ်အဖွဲ့တွေ ကူညီ ကယ်ဆယ်ရေးတွေလုပ်ဖို့ လိုက်သွားကြပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ဆင်ပြောင် သင်္ဘောနစ်မြုပ်မှုကို အသေးစိတ် မရှိရှိရသော်လည်း မီးပြတိုက်သို့ သွားသော ဆိပ်ကမ်းအာဏာပိုင် သင်္ဘောမှာ ကျောက်ဆောင်ကို တိုက်မိပြီး နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း လတ်တလော မာန်အောင်မြို့တွင် သတင်းများ ထွက်ပေါ်လျှက် ရှိကြောင်း မာန်အောင်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးနွဲက ပြောသည်။
ဦးဘိုးနွဲ က “ကျနော် ဒီနေ့ စစ်တွေကို လာဖို့ အမြန်ယာဉ်ကို ဆင်းတဲ့ အခါ ဆိပ်ကမ်းအာဏာပိုင်က သင်္ဘောတစီး ဇီးတော ကမ်းခြေနဲ့ ၄ မိုင်အကွာ ကျောက်ဆောင်ကို တိုက်မိပြီး နစ်မြုပ်မှု ဖြစ်တယ်လို့ ပြောနေကြတယ်။ လူထိခိုက်မှု အခြေအနေကို ဘယ်လို ရှိတယ်ဆိုတာတော့ မကြာခဲ့ရဘူး။ မီးသတ်အဖွဲ့တွေ ကယ်ဆယ်ရေး သွားဖို့ လုပ်နေကြတာကို တွေ့ခဲ့ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်ကတော့ အဆိုပါ သေင်္ဘေၤာမှာ လူ ၂၅ ဦး ပါလာသည်ကိုသာ သိရှိရပြီး ကျန်သည့် အချက် အလက်များကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးမြင့်လှိုင် က “အဲဒီ သင်္ဘော ကျနော်ဆီက ထွက်သွားတာတော့ မဟုတ်ဘူး ။ မီးပြတိုက်ကို သွားပြင်ဖို့ ရောက်နေတာလို့ တော့ ပြောတယ်။ ဘယ်နေ့က ထွက်သွားတယ်ဆိုတာလည်း ကျနော်တို့ အသေးစိတ် မသိရသေးဘူး။ အခု ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ အဖွဲ့တွေ သွားနေတယ်။ ပြီးမှပဲ သိရမယ်” ဟု ဆိုသည်။