မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုရာ အသက်ပေါင်းများစွာ ရင်းပြီး နှစ်ပေါင်း ၆၀ ကျော်ကြာမှ ဖက်ဒရယ်ဆိုသည့် စကားလုံးကို ရခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ဖဒို စောကွယ်ထူးဝင်းက ပြောသည်။
Green Hill Hotel တွင် ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ ၉ ရက်နေ့က ငြိမ်းချမ်းရေး သုတေသနစာတမ်း မိတ်ဆက်ခြင်းနှင့် ဆွေးနွေးခြင်း စာအုပ်မိတ်ဆက်ပွဲတွင် အထက်ပါအတိုင်း KNU ဒုဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောလိုက်ခြင်း ဖြစ်သည်။
ဖဒိုစောကွယ်ထူးဝင်းက “NCA ရဖို့ ၆၇ နှစ်ကြာတယ်၊ ၁၉၄၈ ကနေစခဲ့တာပေါ့နော်။ လက်နက်ကိုင် တိုက်ပွဲတွေက ငြိမ်းချမ်းရေးနဲ့လက်နက် လဲလှယ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လဲလှယ်ရေး အလုပ် မဖြစ်ခဲ့ဘူး။ ငြိမ်းချမ်းရေးဆွေးနွေးဖို့အစိုးရက ခေါ်တော့လည်း တိုင်းရင်းသားတွေက မလာခဲ့ကြဘူး။ အခုတော့ NCA ကို ကျနော်တို့ရခဲ့ပြီး အဲဒီမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ ပါတယ်။ ဖက်ဒရယ်ဆိုတဲ့ စကားလုံးရဖို့ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့တယ်။ ဖယ်ဒရယ်ဆိုတဲ့ စကားလုံးရဖို့ ဘယ်လောက် လူထု သေဆုံးခဲ့ရလဲ။ ဘယ်လောက် သွေးမြေကျခဲ့ရလဲ။ နှစ်ပေါင်း ၆၀ ကျော်မှ ဖယ်ဒရယ်ဆိုတဲ့ စကားလုံး ရခဲ့တယ်” ဟု ပြောသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ CNF၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအိုးဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့နှင့် အစိုးရ-တပ်မတော်-လွှတ်တော်တို့အကြား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။
ထို့နောက် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က လက်မှတ် ထိုးခဲ့သည်။
ထိုစာချုပ်၏ အခန်း (၁) အခြေခံမူများ (က) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝ ရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု ပြဋ္ဌာန်းထားသည်။
ယခင်က ဖက်ဒရယ်သည် ခွဲထွက်ရေးဟုဆိုကာ ဦးနေဝင်းက ၁၉၆၂ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်ခဲ့သလို၊ ဖက်ဒရယ်ဆိုသည့် စကားပင် ပြောနိုင်ခြင်း မရှိတော့ဘဲ ယခု ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဖက်ဒရယ်စကား တွင်ကျယ်စွာ သုံးနှုန်းလာခဲ့ကြသည်။
လက်ရှိတွင် NCA ကို လက်မှတ်ထိုးသည့် လက်နက်ကိုင် ၁၀ ဖွဲ့ရှိသော်လည်း NCA မထိုးနိုင်သေးသည့် လက်နက်ကိုင် ၁၀ ဖွဲ့ ကျန်နေသေးသည်။
ထို လက်မှတ် မထိုးရသေးသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရက္ခိုင့် တပ်မတော် (AA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်လပ်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ကမူ ဖက်ဒရယ်ထက် သာလွန်သော အခွင့်အာဏာရှိသည့် အချက်များကို တင်ပြ တောင်းဆိုလျက် ရှိနေသည်။
AA သည် ဖက်ဒရယ်ထက် ကွန်ဖက်ဒရေးရှင်း ရလိုကြောင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလထဲတွင် တရားဝင် ထုတ်ဖော် ပြောထားသည်။
အဆိုပါ ကွန်ဖက်ဒရေးရှင်းကြောင့် ခွဲထွက်မည်လား ဆိုသည့် စိုးရိမ်မှုများ ပြည်သူလူထုအကြား ရှိနေကြောင်း သိရသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက “တိုင်းရင်းသားများအနေနဲ့ ခွဲထွက်ရေးကို တောင်းဆိုမှု မရှိပါဘူး။ ၂၀၀၅ ခုနှစ်က စတင်ရေးဆွဲခဲ့တဲ့ ဖက်ဒရယ် မူမှာ မပါမနေရ အခြေခံမူ ၈ ချက်ကို တင်ပြတောင်းဆိုရာမှာလည်း ခွဲထွက်ခွင့်ကို မထည့်သွင်းဘဲ ချန်ထားခဲ့ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖက်ဒရယ်နှင့် ကွန်ဖက်ဒရေးရှင်းဆို၍ ဖြစ်တည် နေခြင်းကြောင့် ဘုံသဘောတူညီချက် ရယူရန် လိုနေကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ဆိုကြသည်။
KNU ဒုဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းကမူ NCA သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရအတွက် အမြင့်ဆုံး စာချုပ်ဖြစ်ပြီး ဖက်ဒရယ်ဆိုသည့် စကားလုံးရရန် နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့သလို၊ အသက်ပေါင်း များစွာ ရင်းခဲ့ရပြီး ဖြစ်သည့်အတွက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အားစိုက် လုပ်သင့်ကြောင်း ဆိုသည်။
“ကျနော် ငြိမ်းချမ်းရေးမကျွမ်းဘူး၊ မသင်ခဲ့ရဖူးဘူး။ ကျနော် တိုက်ပွဲဝင်တာ နှစ်ပေါင်း ၄၀ ကျော်တယ်။ ဘယ်လိုတိုက်ရမလဲ၊ ဘယ်လိုအနိုင်ယူရမလဲပဲ သင်ဖူးတယ်။ ငြိမ်းချမ်းရေး ဘယ်လို လုပ်ရမလဲ ဘယ်သူမှ အတွေ့အကြုံမရှိခဲ့ဘူး။ ဒါနဲ့ ဦးအောင်မင်းနဲ့ပြည်ပထွက် လေ့လာခဲ့တယ်။ အခု ကျနော်တို့ ပြည်ပကို လေ့လာနေရတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျနော်ယုံကြည်တယ်၊ တနေ့ သူတို့ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လာလေ့လာရလိမ့်မယ်” ဟု ၎င်းက ပြောသည်။