ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့၏ ဝန်ဆောင်မှု အများအပြားကို မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့အကြား ဖြစ်ပွားနေဆဲ တိုက်ပွားများကြောင့် ရက်သတ္တပတ် အတန်ကြာ ရပ်တန့်ထားရကြောင်း နိုင်ငံတကာကြက်ခြေနီကော်မတီ(ICRC) က ကြာသပတေးနေ့၌ ကြေညာသည်။
မောင်တောမြို့နယ်အတွင်းရှိ ရဲကင်း ၄ ခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပတ်အကြာ ဇန်နဝါရီလ ၁၀ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ယင်းမြို့နယ်နှင့် အခြားမြို့နယ်များကိုပါ ကုလသမဂ္ဂအဖွဲ့များအပါအဝင် နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေးအေဂျင်စီများကို အစိုးရအနေဖြင့် တားမြစ်ခဲ့သည်။
ထိုစဉ်ကပင် မြန်မာ့တပ်မတော်က ပြည်တွင်းလူမှုအဖွဲ့အစည်းများထံမှ ထောက်ပံ့ပို့ဆောင်နေမှုများကိုလည်း ပိတ်ဆို့ထားခဲ့သည်။ ICRC နှင့်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ကို အဆိုပါဒေသရှိ နေရာ ၁၇ နေရာသို့သာ ဝင်ရောက်ခွင့်ပေးခဲ့ပြီး ကျောက်တော်မြို့နယ်အထက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့သို့ ပို့ဆောင်ဆက်သွယ်ရေး ကန့်သတ်ထားဆဲဖြစ်သည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူပေါင်း ၆၀၀၀ ခန့်ရှိမည်ဟု ပြည်တွင်းပရဟိသမားများနှင့်လူမှုအဖွဲ့အစည်းများက ခန့်မှန်းထားသည်။
ယခင်ရက်သတ္တပတ်က ဧရာဝတီသတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် ပလက်ဝမြို့မှ ထွက်ပြေးတိမ်းရှောင်သူများထံ ကူညီထောက်ပံ့နိုင်ခြင်း မရှိကြောင်း ICRC က ဆိုသည်။
ဒေသအချို့သို့ ရောက်ရှိရန် စက်လှေများဖြင့် သွားရောက်ခွင့်မပြုသည့်အတွက် ပဋိပက္ခဇုန်များမှ နယ်ခံအဖွဲ့အစည်းများက တလကျော်ကာလ ရောက်ရှိလာသော အကူအညီများကိုသာ ဝေငှပေးနေရသည်။ တိုက်ပွဲများကြောင့် ကျေးရွာအချို့မှ မြို့ပေါ်ဒေသများရှိ ဈေးများသို့ သွားလာနိုင်သည့် လမ်းကြောင်းများဖြတ်တောက်ခံထားရသည်။
“သူတို့ရွာတွေကနေ ထွက်ပြေးလာသူတွေဟာ အထိတ်တလန့်ဖြစ်နေကြပါတယ်။ မိသားစုအများအပြားဟာ ပစ္စည်းအနည်းအကျဉ်း (ဒါမှမဟုတ်) ဘာမှမပါဘဲ အိမ်တွေစွန့်ခွာထွက်ပြေးခဲ့ရတော့ တယောက်ကို တယောက် မကူညီနိုင်ဘူးဖြစ်နေတယ်” ဟု ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ICRC ကိုယ်စားလှယ်ရုံးခွဲကို ဦးဆောင်နေသူ ဒီနာဖစ်ရှာ၏ပြောကြားချက်ကို ကြာသပတေးနေ့၌ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ကိုးကားရေးသားထားသည်။
ICRC အနေဖြင့် ဝင်ရောက်ခွင့်ရသော ရခိုင်မြောက်ပိုင်း နေရာ ၁၇ နေရာရှိ နေအိမ်စွန့်ခွာထွက်ပြေးလာသူ ၅၀၀၀ ကျော်တို့အတွက် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရုံမှတပါး ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေ၊ မိလ္လာစနစ်နှင့်စိုက်ပျိုးရေး စသည့် ICRC ၏ဆောင်ရွက်ချက်အများစုတို့ကို ရပ်တန့်ထားရသည်မှာ ရက်သတ္တပတ်များစွာ ကျော်လွန်လာခဲ့ပြီး ဒေသခံအသိုင်းအဝိုင်း အများအပြားမှာ စားဝတ်နေရေးနှင့် အခြားမရှိမဖြစ် အထောက်အပံ့များ ပြတ်တောက်နေဆဲဖြစ်သည်။ တပတ်လျှင် လူနာပေါင်း ခန့်မှန်းခြေ ၂၅၀ ကို ကုသပေးနေသော ရွေ့လျားဆေးပေးခန်းများမှာ ပြီးခဲ့သည့် ရက်သတ္တသုံးပတ်ခန့်ကပင် ရပ်တန့်နေခဲ့ရသည်။
“နေရပ်စွန့်ခွာတိမ်းရှောင်လာသူအများစုအတွက် လိုအပ်တဲ့ကယ်ဆယ်ရေးအကူအညီတွေ ကျနော်တို့ပေးနိုင်ပေမယ့်လည်း ရခိုင်ပြည်နယ်က တခြားလူမှုအသိုင်းအဝိုင်းအားလုံးအတွက် ကျနော်တို့လုပ်ငန်းတွေဆက်လုပ်နိုင်ဖို့ စိုးရိမ်ပူပန်မှု ပိုများလာနေပါတယ်” ဟု ICRC မြန်မာမှ အကြီးအကဲဖြစ်သူ စတီဖန်ဆာကာလီယံက ပြောသည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးဥပဒေအရ အရပ်သားများအတွက် တိုက်ပွဲများကြောင့် ထိနစ်နစ်နာမှု အနည်းဆုံးဖြစ်စေရန် ပဋိပက္ခဖြစ်ပွားမှုဒဏ်ခံရသည့် လူမှုအသိုင်းအဝိုင်း အားလုံးထံသို့ လူသားချင်း စာနာမှု အကူအညီများ ရောက်ရှိရန်မှာ အရေးကြီးကြောင်း သူက ပြောသည်။
ပလက်ဝမြို့ခံတဦးဖြစ်သည့် ကိုတင်ထွန်းက ကျောက်တောမှ ပလက်ဝသို့ ဆန်တင်ပို့မှုများကို စစ်သားများနှင့် ရဲများက တားဆီးလျက်ရှိပြီး စစ်ဆေးရေးဂိတ် အများအပြားမှနေ၍ သက်သေခံကတ်ပြားနှင့် ခရီးသွားလာမှု အထောက်အထားစာရွက်စာတမ်းများ စစ်ဆေးနေကြောင်း ပြောကြားသည်။
ပြည်တွင်းလူမှုအဖွဲ့တဖွဲ့ဖြစ်သည့် ရခိုင်တိုင်းရင်းသားကွန်ဂရက်မှ အဖွဲ့ဝင်ဖြစ်သူ ကိုဇာနည်ဖြူက ကျောက်တောအထက်ပိုင်း မည်သည့်နေရာမဆို ဆန်တင်ပို့ခြင်းကို တပ်မတော်က ခွင့်မပြုကြောင်း ပြောကြားခဲ့သည်။