တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရှိသည်။
နေပြည်တော် NRPC ၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး လက်ရှိ တစ်ဆို့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြေလည်မှုရရေး အတွက် ညှိနှိုင်းကြမည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲကို တက်ရောက်မည့် နှစ်ဘက် ကိုယ်စားလှယ်များက ပြောသည်။
RCSS/SSA မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း က “တစ်ဆို့နေတာတွေ ဘယ်လို ကျော်လွှား သွားမလဲနဲ့ ဒီ ၂၀၁၉ အတွင်းမှာ ငြိမ်းချမ်းရေးအတွက် ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာတွေကို ဆွေးနွေးမှာပါ။ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ အမြင်ချင်း ဖလှယ်တဲ့သဘောပါ။ မတွေ့ရတာလည်း ကြာပြီဆိုတော့လေ” ဟု ပြောသည်။
အပစ်ရပ် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များသည် နှစ်ဘက် တွေ့ဆုံပွဲမတိုင်မီ နေပြည်တော်၌ နိုင်ငံတော် သမ္မတ က တည်ခင်းဧည့်ခံမည့် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲကိုလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
နှစ်ဘက် တွေ့ဆုံပွဲတွင် အပစ်ရပ် ၁၀ ဖွဲ့မှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုး အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ရန် ရှိသကဲ့သို့ NRPC ဘက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် နိုင်ခြေရှိကြောင်း ၂ ဘက် ကိုယ်စားလှယ်များထံမှ ကြား သိရသည်။
ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ အကြံပေး ဦးလှမောင်ရွှေ က “အလွတ်သဘောဆွေးနွေးမှုဆိုတော့ ဆုံးဖြတ်ချက် ချမှာတော့ မရှိဘူး၊ ဆွေးနွေးချက်တွေတော့ ရှိမှာပါ။ ညီလာခံ ကျင်းပနိုင်ရေး ဘယ်လို ပြင်ဆင် ကြမလဲဆိုတာမျိုးလိုပေါ့” ဟု ပြောသည်။
အပစ်ရပ် ၁၀ ဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုက ရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည် သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ပါဝင်သည်။
အဆိုပါ အပစ်ရပ် ၁၀ မှ ဥက္ကဋ္ဌ များကို လိပ်မူ၍ NRPC ဘက်က ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ ညစာစားပွဲ တက်ရောက်ရန်နှင့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် အလွတ်သဘော တွေ့ဆုံ ဆွေး နွေးပွဲ တက်ရောက်ရန် ယခုလ ပထမပတ်က ဖိတ်ကြားခဲ့ကြောင်းသိရသည်။
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ (အစည်းအဝေး) ထပ်မံ မကျင်းပနိုင်ပဲ ဖြစ်နေသကဲ့သို့ အပစ်ရပ် ၁၀ ဖွဲ့ထဲမှ RCSS နှင့် KNU ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် တရားဝင် တရားဝင် အစည်းအဝေးများ မကျင်းပနိုင်ဘဲ ဖြစ်နေသည်။