ယခု ရက်ပိုင်း အတွင်း လေဖိအား ကျဆင်းမှုကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များတွင် အပူချိန် မြင့်တက်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က သိရသည်။
မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က“လေဖိအားလျော့တဲ့ နေရာကို ပင်လယ်ဘက်က တိုက်လာတဲ့ လေနွေး တွေက တိုးဝင်နေတဲ့ အတွက် လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) တွေ ဖြစ်တယ်။ Low Pressure Area က ကုန်းပေါ်မှာလည်း ဖြစ်နိုင်တယ်၊ ရေထဲမှာလည်း ဖြစ်နိုင်တယ်။ ကုန်းပေါ်မှာ ဖြစ်ရင်တော့ အပူချိန် မြင့်တက်လာတဲ့ အတွက် Low Area ပေါ်လာတာ”ဟု ပြောပြသည်။
ဆက်လက်ပြီး ဦးကျော်မိုးဦးက“အဲဒီလို ဖြစ်လို့ အရှေ့မြောက်ဘက်က လေတွေ အားလျော့တဲ့ အချိန်မှာ ပူနွေးတဲ့ လေတွေ တိုက်လာတဲ့ အတွက် ဒီရက်ပိုင်းတွေမှာ အပူချိန်မြင့်လာတာပေါ့”ဟုလည်း ပြောသည်။
ဆောင်းလက်ကျန် ကာလ ဖြစ်သော်လည်း အဆိုပါ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွင် ၄၀ ဒီဂရီ စင်တီ ဂရိတ်ကျော် အထိ အပူချိန် မြင့်တက်နိုင်ပြီး ကမ်းရိုးတန်း ဒေသများတွင် ၃၈ ဒီဂရီ စင်တီဂရိတ်နှင့် ၄၀ ဒီဂရီ စင်တီဂရိတ် ကြားတွင် ရှိနေမည် ဖြစ်ကြောင်းနှင့် တောင်ပေါ် ဒေသများတွင် အပူချိန် လျော့နည်းနိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းထား သည်။
ယင်းအပူချိန်များသည် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင် ဖြစ်ပေါ်ပြီး ၄၊ ၅ ရက်ခန့်တွင် အပူချိန် ပြန်လည် ကျဆင်းနိုင်ကာ ၂၀ ရက်နောက်ပိုင်း၌ အပူချိန် ပြန်လည် မြင့်တက် လာနိုင်ကြောင်းလည်း မိုး/ဇလ က ခန့်မှန်းထားသည်ဟု ဆိုသည်။
အင်ဒိုချိုင်းနား ကျွန်းဆွယ် ကုန်းတွင်းပိုင်း ဒေသတွင် အပူချိန် မြင့်တက်လာမှုကြောင့် ကုန်းတွင်း Heat Lows များ ဖြစ် ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြ ထားသည်။
ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၇ ရက် အထိ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် နေ့အပူချိန် ၄၀ ဒီဂရီ စင်တီ ဂရိတ် ကျော်နိုင်ပြီး မကွေးတိုင်း တောင်ပိုင်း၊ မန္တလေးတိုင်း တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် နေ့ အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်နှင့် ၄၀ ဒီဂရီစင်တီ ဂရိတ် ကြား တွင် ရှိနိုင်ကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားသည်။