သတင်း

ကချင် စစ်ဘေးရှောင်များ အိမ်ပြန်ရန် ကချင် လူသားချင်း စာနာမှု ကော်မတီ ဦးဆောင်မည်

Want create site? Find Free WordPress Themes and plugins.

ကချင် စစ်ဘေးရှောင် အားလုံး၏ နေရပ်ပြန်ရေးနှင့် ပြန်လည် နေရာချထားရေးကို ကချင် ခရစ်ယာန် ဘာသာရေး ဂိုဏ်း ပေါင်းစုံမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ကချင် လူသားချင်း စာနာမှု ကော်မတီ (KHCC) ကသာ  ဦးဆောင် သွားမည်ဟု KHCC ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က”ကျနော်တို့ KHCC က နေရပ်ပြန်ရေးကို ဦးဆောင်ပြီး လုပ်သွားမယ်။ အစိုးရ ဌာန ဆိုင်ရာ တွေနဲ့တော့ လက်တွဲသွားမှာပါ”ဟု ပြောသည်။

KHCC အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၀ ရက်က ရန်ကုန်မြို့တွင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန (NRPC) မှ ဦးဇော်ဌေး ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဒေါက်တာ ခလမ်ဆမ်ဆွန်က ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) နှင့် NRPC တို့ကြား ဆွေးနွေးမှုများ မပြုလုပ်ခင် ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် မြစ်ကြီးနားမြို့ မိုးကောင်းမြို့တို့ရှိ စစ်ဘေးရှောင် စခန်း ၁၆ ခုကို အုပ်ချုပ်ရေးမှူးများက ရောက်လာပြီး စစ်ဘေးရှောင် ဒုက္ခသည် စာရင်းများ ကောက်ယူခဲ့ကြသည်။

စာရင်း ကောက်ယူခြင်းသည်လည်း အိမ်ပြန်လိုသော ဒုက္ခသည်များကို အိမ်ပြန်ပို့ရန် ဟူသည့် အကြောင်းပြချက်ဖြင့် ဖြစ်သည်ဟု သိရသည်။

ကချင်နှင့် ရှမ်း စစ်ဘေးရှောင်များကို အကူအညီများ ပေးနေသည့် အရပ်ဘက် အဖွဲ့အစည်း ၉ ဖွဲ့ စုဖွဲ့ထားသည့် Joint Strategy Team မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ရှာအောင်က တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကြား သဘောတူညီမှု တစုံတရာ မရှိသေးချိန်တွင် အိမ်ပြန်ရန် အုပ်ချုပ်ရေးမှူများ စာရင်း လာကောက်ခြင်းက စစ်ဘေး ရှောင် ဒုက္ခသည်များကို စိုးရိမ်ပူပန်မှု ရစေရန် ဖိအားပေးခြင်း ဖြစ်သည်ဟု ပြောသည်။

ဦးဂွမ်ရှာအောင်က စစ်ဘေးရှောင်ဒုက္ခသည်များကို လုံခြုံမှုနှင့် ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်မည့် အခြေအနေများ ရှိမှသာ နေရပ်ပြန်ရေးကို ဆောင်ရွက်ရမည်ဟု ဆိုသည်။

စာရင်းကောက်ယူ ခံခဲ့ရသည့် စခန်း ၁၆ ခုတွင် အပါအဝင်ဖြစ်သည့် ထရီနတီ အသင်းတော် စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ သိက္ခာတော်ရ ဆရာတော် လခေါင်ကလည်း နှစ်ဖက်တပ်များ သဘောတူညီမှု တစုံတရာ မရှိဘဲ ဒုက္ခသည် များ အိမ်ပြန်ရန် မဖြစ်နိုင်ပါဟု ပြောသည်။

ဆရာတော် လခေါင်က”သူတို့ လှုပ်ရှားမှုတွေက ရှိနေဆဲလေ။ မြေမြှုပ်မိုင်းကိစ္စတွေက ကျနော်တို့ IDPs (ဒုက္ခသည်) တွေပြန်ဖို့ နည်းနည်းလေး အခက်အခဲ ရှိနေတယ်”ဟု ပြောပြသည်။

၎င်းတို့ ထရီနတီ အသင်းတော်အနေဖြင့် ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ ညွှန်ကြားချက် အတိုင်းသာ ဆောင်ရွက်မည် ဖြစ်ပြီး အုပ်ချုပ်ရေးအာဏာပိုင်များမှ စာရင်းလာကောက်ခြင်း၊ နေရပ်ပြန်ရန် ပြောဆိုခြင်းများ ရှိလာ ပါက လိုက်နာမည် မဟုတ်ဟုလည်း ဆရာတော် လခေါင်က ဆိုသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က”အဲ့ဒါတွေ (အုပ်ချုပ်ရေးမှူးတွေ စာရင်းကောက်တာတွေ)ကို သူတို့ လုပ်စရာ မလိုတော့ ဘူး။ အစိုးရဘက်က လုပ်ဖို့ မလိုတော့ဘူး။ ကျနော်တို့ Kachin Humanitarian Concern Committee လို့ ခေါ်တဲ့ ကျနော်တို့ ဂိုဏ်းပေါင်းစုံ ဘာသာရေး ခေါင်းဆောင်တွေ ပါတဲ့ အဖွဲ့ ရှိတယ်”ဟု ပြောသည်။

NPRC ဘက်မှ ဦးဇော်ဌေးကလည်း အစိုးရ ထိန်းချုပ်နယ်မြေနှင့် KIA ထိန်းချုပ်နယ်မြေ အတွင်း ရှိသည့် စစ်ဘေးရှောင် စခန်းများ အားလုံးကို KHCC က ဆက်သွယ် ဆောင်ရွက်ပေးပါဟု ဆွေးနွေးပွဲတွင် ပြောဆိုကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် က ဆိုသည်။

ဧရာဝတီက ဦးဇော်ဌေးကို မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပါ။ NRPC ကလည်း KHCC နှင့် တွေ့ဆုံမှု အပေါ် သတင်း ထုတ်ပြန်ခြင်း မရှိပါ။

KHCC မှ ကချင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် နေရပ်ပြန်နိုင်သည့် ကျေးရွာများကို စစ်တမ်းပြုစုခြင်း၊ နေရပ် ပြန် ရာတွင် လိုအပ်သည့် အထောက်အပံ့များ၊ ပြန်လည်ထူထောင်ရမည့် ကျေးရွာများ၏ အနေအထား နှင့် စာရင်းများ၊ တပ်မတော်နှင့် KIA တို့နှစ်ဖက်မှ မိုင်းရှင်းလင်းပေးရန် လိုအပ်သည့် နေရာများ၊ လုံခြုံရေး အာမခံနိုင်မည့် နေရာများ၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဘက်မှ ကူညီပေးရမည့် အကူအညီများကို ပြုစုပြီး နေရပ်ပြန်နိုင်ရေး ဆုံးဖြတ် ဆောင်ရွက်မည်ဟု သိရသည်။

KHCC ကော်မတီအတွင်း အစည်းအဝေးများ ပြန်လည် ကျင်းပမည် ဖြစ်ပြီး မတ်လတွင် NRPC မှ တာဝန်ရှိ သူများနှင့် ပြန်လည်တွေ့ဆုံမည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။

ဆက်လက်၍ ဒေါက်တာ ခလမ်ဆမ်ဆွန်က”လုံခြုံစိတ်ချမှုက နံပါတ် ၁ ပဲ။ ပြန်မယ့်နေရာက နှစ်ဖက်စလုံးက နောက် ထပ် ပဋိပက္ခ မဖြစ်ဘူးဆိုတာကို သဘောတူရမယ်။ နောက် စစ်တပ်နဲ့ KIA ပေါင်းပြီး မိုင်းရှာတာ လုပ်ဖို့ လိုတယ်။ နိုင်ငံ တကာ ထောက်ပံ့ရေးတွေကလည်း Camp Settlement ဖြစ်တဲ့အထိ ဆက်လက် ကူညီသွားဖို့၊ ဒါကတော့ ကျနော်တို့ အကြမ်းအားဖြင့် ထားတဲ့ စံနှုန်းပါ”ဟု ဆိုသည်။

ဖေဖော်ဝါရီလအတွင်း တပ်မတော်နှင့် KIA တို့ကြား အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံရန် ညှိနှိုင်းမှုများ ရှိနေပြီး ထို နှစ်ဖက် တပ်ဖွဲ့များကြား ဒုက္ခသည်များနှင့် ပတ်သက်သည့် သဘောတူညီချက်များ ရရှိလာရန်လည်း KHCC က စောင့်နေသည်ဟု သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဖေဖော်ဝါရီလ ၅ ရက်က မြစ်ကြီးနားမြို့ တွင် ကချင် ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ကချင် စစ်ဘေးရှောင်ဒုက္ခသည် အားလုံးကို နေရပ်ပြန်စေ လိုပြီး နေရပ်ပြန်ရေးတွင် မိုင်းရှင်းလင်းရေးများ လိုအပ်ပါက ကူညီပေးမည်ဟု ပြောဆို သွားသည်။

ဇန်နဝါရီလ ၃၀ ရက်က ဝိုင်းမော်မြို့နယ် နမ်ဆန်ယန် ကျေးရွာ သို့ စစ်ဘေးရှောင်ဒုက္ခသည် ၁၁၅ ဦးကို မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်က မိုင်းရှင်းလင်းပြီး ပြန်လည် နေရာချထားရေး လုပ်ပေးခဲ့သည်။

နမ်ဆန်ယန် ကျေးရွာ ဝန်းကျင်သည် တပ်မတော်၊ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာဖြစ်ပြီး တပ်မတော်နှင့် KIA ကြား သဘောတူညီမှု တစုံတရာ ရထားခြင်းမရှိဘဲ တပ်မတော်က တဖက်သတ် နေရာချထားခြင်း ပြုလုပ် ပေးထား သည့် နေရာဖြစ်သဖြင့် လုံခြုံခြင်း မရှိသည့် နေရာဟု KHCC က ယူဆထားသည်ဟု ဆိုသည်။

တပ်မတော်နှင့် KIA တို့ကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စ၍ ၂၀၁၈ ခုနှစ်ထိ တိုက်ပွဲများ ဖြစ်ပွားထားပြီး တိုက်ပွဲဖြစ် ပွားသည့် ၇ နှစ်ကျော် ကာလအတွင်း အရပ်သား ၁ သိန်းကျော်သည် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရသည်။

ဒုက္ခသည် ၁သိန်းကျော်အနက် ထက်ဝက်သည် KIA ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်လျက် ရှိကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် စစ်တိုင်း ၅တိုင်းကို အပစ်ရပ်ဆိုင်းထားကြောင်း ကြေညာထားသည်။

KIA ကလည်း အပစ်အခတ်ရပ်စဲရေးအတွက် NRPC မှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန် ညှိနှိုင်းလျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading