ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့မှ “ဆင်ပြောင်” အမည်ရှိ သင်္ဘော နစ်မြုပ်ခဲ့ရာတွင် ၇ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ သော်လည်း ၁၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြာင်း မီးသတ်ဦးစီးဌာနမှ တရားဝင် သတင်းထုတ်ပြန်ထားသည်။
မီးပြတိုက် ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် မောင်းနှင်လာသော အလျား ၁၈၀ ပေ၊ အနံ ၄၀ ပေ၊ ရေစူး ၉ ပေရှိ အဆိုပါ သင်္ဘောမှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာမှ ရေမိုင် ၅ မိုင်ခန့်၊ မာန်အောင် (လက်ဖက်ကျွန်း) မီးပြတိုက်၏ မြောက်ဘက် ရေမိုင် ၁ မိုင်ခန့်အကွာတွင် နစ်မြှုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။
မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်တွင် “ဆင်ပြောင် အမည်ရှိသင်္ဘောသည် မီးပြတိုက်ပြုပြင်ခြင်းများ ဆောင်ရွက်ရန် ကျောက်ချ ရပ်နားစဉ် လှိုင်းရိုက်ခတ်မှုကြောင့် မှန်ပြတင်းများမှတစ်ဆင့် ရေဝင်ရောက်မှုဖြစ်ပွားပြီး၊ ရေဝင်ရောက်မှု ကြောင့် ပြတင်းများအား ဖာထေးခြင်း၊ ရေစုပ်ထုတ်ခြင်းများ ဆောင်ရွက်နေစဉ် သင်္ဘောဦးပိုင်း ဝဲဘက်ခြမ်းမှ ရေများထပ်မ ံဝင်ရောက်လာကာ နစ်မြုပ်မှုဖြစ်ပွား” ဟု ဖော်ပြထားသည်။
အဆိုပါ သင်္ဘောပေါ်တွင် ရေယာဉ် ဝန်ထမ်း ၂၄ ဦးနှင့် မီးပြတိုက်ဝန်ထမ်း ၁ ဦး စုစုပေါင်း ၂၅ ဦး ပါဝင်ပြီး သင်္ဘော နစ်မြုပ်စဉ် မီးပြတိုက်မှူးမှ ငါးဖမ်းစက်လှေ ၂ စီးဖြင့် သွားရောက် ကူညီ ကယ်ဆယ်ခဲ့ရာတွင် သင်္ဘောပေါ်ရှိသူ ၂၅ ဦး အနက်မှ ၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန် ၁၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။
ပျောက်ဆုံးနေသူများကို ကယ်တင်နိုင်ရေး အတွက် မာန်အောင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေ ၁၁ ဦးတို့သည် အမှတ် ၁၉ ရေတပ်စခန်းမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အတူ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက် လျှက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးစံရွှေထွန်း က “သင်္ဘောက ကျောက်ချပြီး ရပ်နားနေစဉ် ပင်လယ်ပြင်ဆိုတော့ လှိုင်းရိုက် တော့ အဲဒီမှာ သင်္ဘောရေဝင်ပြီး နစ်မြုပ်သွား တာလို့သိရတယ်။ အသက် ရှင်လျှက် ကယ်ဆယ်ရမိတာက ၇ ဦးရှိပါတယ်။ ၁၈ ဦးက ပျောက်ဆုံးနေဆဲပါ” ဟု ဧရာဝတီသို့ ထပ်မံ အတည်ပြုသည်။
၎င်း ပျောက်ဆုံးနေသော ၁၈ ဦးတွင် ဦးမြတ်မော်နှင့် ဦးကျော်ညွန့်တို့ ၂ ဦးမှာ သင်္ဘောနစ်သည့် အချိန်တွင် တခြားသော လူများကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေရင်း ရေထဲသို့ မျောပါကာ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်းလည်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။
ယင်း မြန်မာ့ဆိပ်ကမ်းပိုင် “ဆင်ပြောင်” အမည်ရှိ သင်္ဘောသည် မာန်အောင်ကျွန်း လက်ဖက်တော ကျွန်းမီးပြ တိုက်သို့ ပြုပြင် ရန်အတွက် ရန်ကုန်မှနေ ဖေဖော်ဝါရီလ ၇ ရက်နေ့က ရေယာဉ်မှူး ဦးထွန်းထွန်း ဦးပါ ၂၄ ဦးနှင့် မီးပြတိုက်ဝန်ထမ်း ၉ ဦး စုစုပေါင်း ၃၃ ဦးတို့ဖြင့် ထွက်ခွာလာခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မာန်အောင်ကျွန်း မီးပြတိုက်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်းလည်း သက်ဆိုင်ရာဌာနဆိုင်ရာများမှ စုံစမ်းသိရှိရသည်။
ယင်းသို့ ရောက်ရှိလာစဉ် ယမန်နေ့ညက မီးပြတိုက်ဝန်ထမ်း ၈ ဦးမှာ ကျွန်းပေါ်သို့ တက်သွားပြီး ရေယာဉ် ဝန်ထမ်း ၂၄ ဦးနှင့် မီးပြတိုက်ဝန်ထမ်း ၁ ဦး စုစုပေါင်း ၂၅ ဦးမှာ ရေယာဉ်ပေါ်တွင် ညအိမ်ရန် ကျန်နေခဲ့စဉ် ယနေ့ နံနက် ၄ နာရီကျော် အချိန်တွင် လှိုင်းများ ရိုက်ခတ်မှုကြောင့် ပြတင်းပေါက်မှ တဆင့် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ပြီး ရေစုပ်ထုတ်ခြင်း များကို ဆောင်ရွက်နေစဉ် ဦးပိုင်းမှ ထပ်မံ ရေဝင်လာကာ နစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်း ကြောင်လည်း ဒေသ အာဏာပိုင်များက ပြောသည်။
မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် က “ပျောက်ဆုံးနေတဲ့ လူတွေနဲ့ ပတ်သက်ပြီး ဘာတွေ ဘာမှ မတွေ့ရသေးဘူး။ အခု တပ်မတော်ရေယာဉ်တွေနဲ့ စက်လှေတွေနဲ့ စုပေါင်း ပြီး ရှာနေတုန်းပဲ ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဆင်ပြောင် သဘောၤ ကိုယ်ထည်မှာလည်း ရေထဲသို့ နစ်မြုပ်ကာ ပျောက် ဆုံးလျှက် ရှိကြောင်း သိရသည်။