ကျပ်သိန်း ၂ သောင်းခွဲဆုဟု ထီအိတ်ခွံတွင် ဖော်ပြ ရောင်းချခြင်းနှင့် ပတ်သက်၍ မိုးယံ ရွှေလမင်းနှင့် မြတ်ဆု ကုဋေ ထီဆိုင် ကို သတိပေးထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (စီမံ/ဘဏ္ဍာ) က သိရသည်။
အောင်ဘာလေ သိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က“လောလောဆယ် လုပ်လို့ရတဲ့ အနေအထားက တော့ သက်ဆိုင်ရာ ဆိုင်နာမည် ပါတော့ မိုးယံဆိုင်ကိုတော့ ပြောပြီးပြီ။ ဒါနဲ့ ပတ်သက်လို့ ဒီလို ဖြစ်နေတယ်၊ စိစစ်ပါ။ ရောင်းချတာ တွေကို တားမြစ်ပါလို့ ပြောထားတယ်”ဟု ဧရာဝတီကို ပြောသည်။
ကျပ်သိန်း နှစ်သောင်း ငါးထောင် ကံထူးရှင် ဖြစ်ပါစေ စာသား ပါရှိသော မိုးယံ ထီဆိုင် အမှတ်တံဆိပ် တထောင်ကျပ် တန် ထီ ၉ ရွက်နှင့် ငါးရာ ကျပ်တန် ထီ ၁ ရွက်တို့ကို ၁၁၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူခဲ့ရကြောင်း၊ ယင်းကဲ့သို့ ထင်ယောင် ထင်မှား ဖြစ်စေရန် ပြုလုပ် ရောင်းချမှုမှာ ထီထိုးသူများကို မလှိမ့်တပတ် ပြုလုပ်ကာ အမြတ်ထုတ်ခြင်း ဖြစ်ကြောင်း ဝေဖန် ရေးသား ထားသည်များ လူမှုကွန်ရက် စာမျက်နှာများတွင် လတ်တလော ပျံ့နှံ့လျက် ရှိသည်။
ကျပ်တထောင်တန် ထီမှ အမြင့်ဆုံး ထီဆု ကျပ်သိန်း တသောင်း ငါးထောင်၊ ကျပ်ငါးရာတန် ထီမှ အမြင့်ဆုံး ထီဆု ကျပ် သိန်း ၁သောင်း ချီးမြှင့်ခြင်းကို ကျပ်သိန်း ၂၅၀၀၀ တန်ဆု အနေဖြင့် ထင်ယောင်ထင်မှား ဖြစ်စေရန် ဖော်ပြ ရောင်းချခြင်း နှင့် ဈေးတင် ရောင်းချခြင်းကို အရေးယူပေးရန် ပြောဆိုမှုများလည်း ရှိသည်။
ထိုသို့ ပြုလုပ် ရောင်းချသည်မှာ လုပ်ကိုင်ပုံ လွဲမှားသော်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အနေအထား အချက် အလက် တခုတည်းဖြင့် အရေးယူ၍ မရဟု ဦးကျော်သန့်လွင်က ဆိုသည်။
“Facebook ပေါ်မှာ တင်ထားတာ တခုတည်းနဲ့ အထောက်အထားက ခိုင်ခိုင်မာမာ မရှိတော့ ဒါကို ချက်ချင်းထ အရေးယူဖို့ က ခက်သေးတာပေါ့။ လောလောဆယ်ကတော့ သတိပေးလို့ ရတဲ့ အဆင့်ပဲ ရှိသေးတယ်”ဟု ဦးကျော်သန့်လွင်က ပြော သည်။
လက်ရှိတွင် ထီနှင့် ပတ်သက်ပြီး အရေးယူရန် ဥပဒေ မရှိသကဲ့သို့ ကိုယ်စားလှယ်များထံ ထီရောင်းချရာတွင်လည်း သတ် မှတ်ဈေးထက် တင်မရောင်းရဟု သတ်မှတ်ထားသော်လည်း မည်သို့ ရောင်းချရမည်၊ မည်သို့ မရောင်းချရဟု မသတ် မှတ်ထားသည့် အတွက် မည်သို့ အရေးယူနိုင်မည်ကို စဉ်းစားရမည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးကျော်သန့်လွင်က“အခုလို ရောင်းတဲ့ ပုံစံမျိုးက သိပ်မတွေ့ဖူးသေးဘူး။ မိုးယံလို ပင်ရင်းဆိုင်ကြီးကတော့ အဲဒီလို လိမ် မရောင်းလောက်ဘူး။ သူ့ရဲ့အောက်က လက်ခွဲဆိုင်တွေကနေ ဖြစ်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ အဲဒါကြောင့် သူတို့ကို သတိပေးတာက ဒါနဲ့ ပတ်သက်ပြီး ဒီလိုဖြစ်လို့ ဘယ်နေရာကဖြစ်တာလဲ ချက်ချင်း စိစစ်ပါလို့ ပြောထားတယ်။ ဆက်တော့ စောင့်ကြည့်ရမှာပေါ့။ ဘယ်လို အရေးယူရမလဲ ဆိုတာကိုပေါ့”ဟု ပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆက်လက် စုံစမ်း စစ်ဆေး၍ ပေါ်ပေါက်သည့် အပေါ် အရေးယူရန် ရှိလျှင် အရေးယူသွား မည်ဖြစ်ကြောင်းလည်း စီမံ/ဘဏ္ဍာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။
“အကြမ်းဖျင်း ကျနော့်ဆီကို သတင်းပို့တာကျတော့ ပင်မ ဆိုင်ကြီးတွေ။ လက်ခွဲ ဒိုင်မျိုးတွေလောက်အထိက မလုပ်ထား ဘဲနဲ့ အသေးလေးတွေမှာ သွားများ လုပ်ထားသလားတော့ မသိဘူး။ ပြန်တော့ စိစစ်ခိုင်းထားပါတယ်။ သူတို့ကို ပြောထား တာ ရှိတယ်။ ဘယ်သူက စည်းဖောက်လဲ ပိုရောင်းတယ်တို့ ဘာတို့ဖြစ်ရင် ပေးထားတဲ့ ခွဲတမ်းတွေ ဖြတ်မယ် ဆိုတာ ကြေညာ ထားပြီးသား၊ သူတို့ တင်ထားတဲ့ စပေါ်ငွေ သိမ်းမယ် ဆိုတာ လုပ်ထားပြီးသား”ဟု ၎င်းက ပြောသည်။
ယင်းသို့ လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် ကိစ္စကို မသိရှိသော်လည်း သတ်မှတ်ဈေးထက် ဈေးတင်ရောင်းခြင်း၊ တထောင် တန် ထီလက်မှတ်တစောင်နှင့် ငါးရာတန် ထီလက်မှတ် တစောင် ပေါင်းထားသည်ကို ကျပ်၂၅၀၀ဖြင့် ရောင်းနေခြင်းများ ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောသည်။
“ကျနော် မနေ့က ပုဂံကို ရောက်တော့ တထောင်တန်ထီ ဘယ်လို ရောင်းလဲဆိုတော့ ၁၀ စောင်ကို ၁၂၀၀၀ ရောင်းတယ်။ ငါးစောင်ကို ၆၀၀၀ ရောင်းတယ်။ ကျနော် သုံးစောင် ထိုးမယ်ဆို ဘယ်လောက်ကျလဲဆိုတော့ ၃၅၀၀ နဲ့ ပေးလိုက်ပါတယ်။ ၁ စောင်ကို ၁၂၀၀ လောက်ပေါ့ဗျာ”ဟု ၎င်းက ပြောသည်။
ထိုသို့ ပြုလုပ်နေခြင်းများသည် အောက်ခြေ ထီရောင်းနေသူများက ၎င်းတို့၏ စားဝတ်နေရေး အဆင်ပြေစေရန် ပြုလုပ်ကြ ခြင်း ဖြစ်နိုင်ကြောင်းလည်း ဦးထိန်ဝင်းက ပြောပြသည်။
ထီဈေးနှုန်း ကျဆင်းစေရေး အတွက် လက်ပွေ့ ရောင်းသူများကို ပါမစ် ခွင့်ပြုပြီး ၎င်းတို့တတ်နိုင်သည့် ခွဲတမ်းဖြင့် ရောင်း ပေးရန် လွှတ်တော်တွင် တောင်းဆိုခဲ့ဖူးသော်လည်း မဖြစ်နိုင်ဟု အကြောင်းပြန်ခဲ့သည်ဟု ဦးထိန်ဝင်းက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မိုးယံ ထီဆိုင်အား မေးမြန်းရန် ဧရာဝတီ သတင်းဌာနက ဆက်သွယ်သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။
သတ်မှတ် ထီဈေးထက် ဈေးတင်ရောင်းနေခြင်းကို ထိန်းချုပ်ရန် အပါအဝင် ထီပေါက်သူများကို အောင်ဘာလေ ဌာနက အကြောင်းကြားပေးရန်၊ ထီဆုငွေများ မထုတ်၍ ဘဏ္ဍာ အဖြစ်သိမ်းယူသည်များကို ဆုငွေအဖြစ် ပြန်လည် ထည့်သွင်း ပေးရန် အချက်များကို လွှတ်တော်ကိုယ်စားလှယ်များက တင်ပြ တောင်းဆိုထားသည်။
စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်တွင်း အခွန်များ ဦးစီးဌာန အနေဖြင့် လက်ကား ဝယ်ယူဖြန့်ဖြူးသူ ထီ လုပ်ငန်းရှင်များ အသင်းအား လစဉ် အစည်းအဝေးခေါ်ယူပြီး ‘တိုက်ရိုက် ဝယ်ရောင်းသူများက သတ် မှတ်ဈေးနှုန်း အတိုင်း ရောင်းချရန်’၊ ‘မိမိ ထီဆိုင် အမည်ဖြင့် ထပ်ဆင့် ရောင်းချလျှင် ဈေးနှုန်းမြင့်မားမှု မရှိရေး ထိန်းသိမ်း ရန်’၊ ‘ပင်ရင်း ထီဆိုင်များမှ သတ်မှတ်ဈေးနှုန်းဖြင့် ထီ အရောင်းကားများဖြင့် လူစည်ကားရာ နေရာများတွင် ရောင်းချ ပေးရန်’ တို့ကို ညှိနှိုင်းဆောင်ရွက် ပေးနေကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလက လွှတ်တော်တွင် ဖြေကြားထားသည်။
ထီဈေး မကြီးရေး၊ ထီ အလွယ်တကူ ဝယ်ယူနိုင်ရေးနှင့် ထီလုပ်ငန်းကို လုပ်ငန်းရှင်များက လက်ဝါးကြီး မအုပ်နိုင်ရန် သတ် မှတ်ချက်နှင့် အညီ ကြိုတင် ငွေသွင်းစေ၍ ဥပဒေနှင့် အညီ စာချုပ်ချုပ်ဆို ရောင်းချခြင်း ၊ စာချုပ်ပါ စည်းကမ်းချက်များ ဖောက်ဖျက်ခြင်း၊ ဈေးနှုန်း တိုးမြှင့်ရောင်းချသည်များ ရှိပါက စိစစ်ဖော်ထုတ်၍ ဝယ်ယူခွင့် ပိတ်သိမ်းခြင်း စပေါ်ငွေ သိမ်း ယူခြင်း စသည့် စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် အရေးယူ ကြပ်မတ်နေကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် ဆုငွေ မထုတ်ယူ၍ နိုင်ငံဘဏ္ဍာ အဖြစ် သိမ်းယူထားသည်များ အနက်မှ အချိုးတခု သတ်မှတ်ကာ ထီဆုများ အဖြစ် ဖြည့်စွက် ထည့်သွင်းပေးရန် စီစဉ်နေကြောင်းလည်း သိရသည်။