တပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား ကွမ်းလုံမြို့နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေဖော်ဝါရီလ ၁၀ ရက် သတင်းထုတ်ပြန်ချက်တွင် ကွမ်းလုံမြို့နယ်၊ မုံးကျက်ကျေးရွာ အနီးတွင် အရပ်သားများကို MNDAA က လူသစ်စုဆောင်း နေသဖြင့် ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်က MNDAA ၏ ယာယီစခန်း တခုကို သိမ်းလိုက်သည်ဟု ဖော်ပြထားသည်။
MNDAA မှ ပြည်ပဆက်ဆံရေးဌာနမှူး ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်ကလည်း ကွမ်းလုံမြို့နယ်နှင့် တဆက်တည်းရှိသည့် သိန္နိမြို့နယ်အနီးတွင်လည်း တပ်မတော်နှင့် MNDAA တပ်ဖွဲ့များ ပစ်ခတ်မှုများ ရှိနေသည်ဟု ဆိုသည်။
ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင် က “၂ လပိုင်း ၄ ရက်နေ့က စပြီး ကျနော်တို့ MNDAA ကို ထိုးစစ်ဝင်လာတယ်။ ဒီနေ့မှ နည်းနည်း ပြန်ရပ်လိုက်တယ်။ တိုက်ပွဲ ဖြစ်တဲ့ နေရာက ကျနော်တို့ MNDAA ရဲ့ ဗဟိုဌာန၊ ဟုန်အိုင်ဒေသမှာ ဖြစ်တယ်။ ဒုတိယ ၂ နေရာရှိတယ်။ တခုက သံလွင်မြစ် အနောက်ခြမ်း၊ သိန္နီပတ်ဝန်းကျင်ပေါ့” ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်ထိ အပစ်ရပ်ဆိုင်းထားသော်လည်း ကတိမတည်ဘဲ MNDAA ဌာနချုပ်ကို လာတိုက်သဖြင့် ကိုးကန့်တပ်သားများ အများအပြား ကျဆုံးသည်ဟု ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်က ပြောသည်။
ဖေဖော်ဝါရီလ ၄ ရက်မှ ဖေဖော်ဝါရီလ ၁၀ ရက်အတွင်း တိုက်ပွဲများတွင် ကျဆုံးသည့် တပ်သား အရေအတွက် ကိုတော့ MNDAA ဘက်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်များတွင် MNDAA ကို အကြမ်းဖက် သောင်းကျန်းသူဟု သုံးနှုန်း ထားပြီး တပ်မတော်ဘက်က အပစ်ရပ်ဆိုင်းကြောင်း ကြေငြာထားသော်လည်း အခွင့်ကောင်းယူ၍ လူသစ်စုသည်မှာ ၉ ကြိမ် ရှိနေပြီဟုလည်း ဖော်ပြထားသည်။
MNDAA နှင့် တိုက်ပွဲတွင် တပ်မတော်မှ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိထားပြီး အဓမ္မဖမ်းခံ ထားရသည့် အရပ်သားများ လွတ်လာစေရန် ဆက်လက်ဆောင်ရွက်မည် ဟုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဆိုထားသည်။
ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်က လူသစ်စုဆောင်းခြင်းများကို MNDAA မှ လုပ်ဆောင်ခြင်းမရှိဘဲ အရပ်သားများက တပ်မတော်၏ နှိပ်စက်မှု ဒဏ်များကို မခံနိုင်သဖြင့် ၎င်းတို့ သဘောဆန္ဒအလျောက်သာ ကိုးကန့်တပ်အတွင်းသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်ဟု ငြင်းဆိုသည်။
တပ်မတော်က လူသစ်စုသည်ဟူသည့် အကြောင်းပြချက်ဖြင့် MNDAA ဌာနချုပ် စိုက်ရာ ဟုန်အိုင်ဒေသ ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ခြေလျင်တပ်ရင်းများကလည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်က စွပ်စွဲ ပြောဆိုသည်။
၎င်းက “တပ်မတော်က ကျနော်တို့ကို အခုထိ ကောင်းကောင်း သဘောမထားဘူး။ အပစ်အခတ်ရပ်စဲရေး ရှိလာမယ့် အချိန်မှာ ကျနော်တို့ ငြိမ်ငြိမ်လေး နေနေပါတယ်။ ကျနော်တို့က အအနဲ့ ကောင်းကောင်းနေတယ်။ သူတို့က ထုတ်ပြန်ချက်တွေ မိန့်ခွန်းတွေ ပို့ပြီး ကျနော်တို့ သူငယ်ချင်း ရခိုင်၊ မဟာမိတ်တွေဆီကို ထိုးစစ်တွေ ပြင်ဆင်ပြီး တိုက်နေတယ်” ဟုလည်း ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ အကြား အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ရန် ကြားဝင်ကူညီနေသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအပေါ် ကတိတည်လိုသဖြင့် MNDAA အနေဖြင့် တိုက်ပွဲများ မဖြစ်လိုပါဟုလည်း ဆိုသည်။
ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်မှ လူသစ်စုဆောင်းခြင်း မရှိဟု ငြင်းဆိုနေသော်လည်း ဇန်နဝါရီလ ၆ ရက်က ကွမ်းလုံမြို့နယ်၊ တာရှောက်တီးကျေးရွာ၊ ကျန်ကြားကျိုင်းကျေးရွာ၊ ဖတ်တူကျေးရွာနှင့် ပန်ဟုန်းကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို တပ်သားသစ်စုဆောင်းနေသည့် အတွက် စစ်သားလုပ်မည့် သူစာရင်း ပေးရန် တောင်းဆိုခံခဲ့ရသည်။
တာရှောက်တီးကျေးရွာမှလည်း ဦးဇီသွေးလျှံ၊ ဦးဇီရှောက်ကျုံး၊ ဦးကျန်ရှောက်ယွမ်၊ ဦးဝေလောက်၊ ကျန်ကြားကျိုင်း ကျေးရွာမှ ဦးရှန်ဖူးနှင့် ဦးအားစီတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများ က ပြောဆိုသည် ။
ဇန်နဝါရီလ ၇ ရက်တွင် လူသစ်စုခံရသည့် ကျေးရွာများမှ အိမ်ထောင်စု ၁၆၀၊ လူဦးရေ ၄၉၉ ဦး တို့က ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ စာကြည့်တိုက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ပြေးလာကြသည်။
ဟိုလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိန် ကလည်း “MNDAA က စုဆောင်ရေးအတွင်း ဝင်ဆွဲလို့ ကြောက်အား လန့်အားနဲ့ ကျနော့်ရွာလာပြီး စစ်ရှောင်လာကြတာ။ ကျနော့်ရွာနဲ့ ကွမ်းလုံမြို့က ၃ မိုင်ခွဲပဲ ဝေးတဲ့ အတွက်ကြောင့် ဒီဘက်ကို ရောက်လာတာပါ” ဟု ဧရာဝတီကို ပြောဆိုထားသည်။
ထိုစဉ်က ပြေးလာသူများမှာ မြောင်ဇီလူမျိုး အများစုဖြစ်ပြီး ကိုးကန့်လူမျိုးမှာ ပြေးလာသူအနက် ၁၀ ရာခိုင်နှုန်း ခန့်သာ ပါဝင်သည်ဟု ဦးမောင်စိန်က ဆိုသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဖေဖော်ဝါရီလ ၁ ရက်တွင် ထပ်မံသတင်းထုတ်ပြန်ခဲ့ပြီး ထိုထဲတွင် ကွမ်းလုံမြို့နယ် အတွင်း အမျိုးသား ၁၁ ဦး ထပ်မံ အဖမ်းခံရသည်ဟု ဖော်ပြထားသည်။
ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင်လည်း ကွမ်းလုံမြို့နယ်၊ နမ့်ကျင်စံကျေးရွာနှင့် လောင်ခိုက်ကျေးရွာတို့မှ ၃၂၄ ဦးတို့ ထွက်ပြေးကာ ကာမိုင်းကျေးရွာနှင့် ရှောင်ရှင်ရှုးကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံခဲ့ရကြောင်း အစိုးရ၏ သတင်းနှင့် ပြန်ကြားရေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့က သတင်းထုတ်ပြန်ထားသည်။
MNDAA ခေါင်းဆောင် ဦးဖုန်ကျားရှင်သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တပ်မတော်ကို တိုက်ခိုက်ပြီး ကိုးကန့်ဒေသကို ပြန်သိမ်းပိုက်မည်ဟု တရုတ်သတင်းဌာနတခု၏ ရုပ်သံတွင် ပြောဆိုပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လောက်ကိုင်မြို့တွင်း တိုက်ပွဲများကို ဆင်နွဲခဲ့သည်။
၂၀၁၇ ခုနှစ်ထိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး ထိုတိုက်ပွဲများတွင် MNDAA ဘက်မှ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA) တို့က ပါဝင်ကူညီခဲ့သည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကလည်း ဦးဖုန်ကျားရှင်ကို လက်နက်များ ထောက်ပံ့ကူညီခဲ့သည်။
၂၀၁၅ ခုနှစ်၊ တိုက်ခိုက်မှုများ ဖြစ်ပွားချိန်က တပ်မတော်အနေဖြင့် MNDAA ၊ TNLA နှင့် AA တို့ကို အကြမ်းဖက် သောင်းကျန်းသူ အဖြစ် ကိုးကန့်တိုက်ပွဲတွင် တရုတ်ကြေးစား စစ်သားများကိုလည်း အသုံးပြုသလို ဒီမိုကရေစီ အစိုးရကို တိုက်ခိုက်သဖြင့် ငြိမ်းချမ်းရေး မဆွေးနွေးလိုကြောင်း ငြင်းဆိုထားသည်။
တရုတ်နိုင်ငံမှ ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ လေးလကျော် အပစ်ရပ်ဆိုင်းကာ အပစ်ရပ်စာချုပ်များ ချုပ်ဆိုနိုင်ရန် ညှိနှိုင်းကြမည်ဟု တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။