ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) အနေနှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်တော်သို့ တင်ရန် စီစဉ်ထားကြောင်း သတင်း ရရှိသည်။
ကြံ့ခိုင်ရေး ပါတီ ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက“ဥပဒေ အတိုင်း တင်နိုင်ဖို့ အတွက်ကို ဥပဒေ ကြမ်း တခု တင်တာပါပဲ။ မထူးဆန်းပါဘူး။ အသေးစိတ်ကိုတော့ နောက်တော့ ပြောပြပေးပါ့မယ်။ သူတို့က ပြင်ဆင်ရေး ကော်မတီဖွဲ့ တယ် ဘာညာဆိုတော့ ဒါ ဥပဒေနဲ့ မညီဘူး။ ပြင်ချင်ရင် ဥပဒေ အတိုင်း ပြင်ကြပါ။ ဥပဒေ အတိုင်း ဘယ်လို ပြင်ရမလဲ ဆိုတာ လုပ်ပြတဲ့ သဘောပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဖွ့ဲစည်းပုံ အခြေခံ ဥပဒေ ပြင်မည် ဆိုပါက အခန်း ၁၂ တွင် ပါသည့် ဥပဒေကြမ်း တရပ်ရပ်ကို လွှတ်တော်ကို တင်ရမည် ဖြစ် ကြောင်း၊ ပုဒ်မ ၄၃၃ နဲ့ ပုဒ်မ ၄၃၄ ပါ ပြဌာန်းချက်တွေ အရ ဖွဲ့စည်းပုံကို ပြင်ဆင်မည် ဆိုပါက လွှတ်တော် ကိုယ်စား လှယ် စုစုပေါင်း၏ ၂၀ ရာခိုင် နှုန်းက တင်သွင်းထားသည့် ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေး ရ မည် ဖြစ်ကြောင်း သိရသည်။
ဦးသောင်းအေးက“ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ၂ ခု ရှိတယ်။ အဲဒီ ၂ ခု နဲ့ ပူးပေါင်း ကော်မတီနဲ့ ပေါင်းပြီးတော့ ဥပဒေ မူကြမ်းကို စိစစ်ရမယ်။ ပြီးတော့မှ လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ကြမယ်”ဟု ဆို သည်။
လက်ရှိ NLD ပါတီက ဖွဲ့စည်းပုံ ပြင်ရေး အတွက် ကော်မတီဖွဲ့ရန် လုပ်ဆောင်ခြင်းမှာ ဥပဒေနှင့် မညီသည့် အတွက် ယခုကဲ့ သို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ကြံ့ခိုင်ရေး ပါတီ အနေဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ လက်မှတ်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းကို လွှတ်တော်သို့ တင်သွင်းရန် စီးစဉ်ထားသည်ဟု ဆိုသည်။
NLD ပါတီ၊ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက“သူတို့ ထင်နေတာက ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ပြင်ဆင်ဖို့ လုပ်နေတယ်လို့ ထင်တာ။ ကျနော်တို့ လုပ်နေတာက ပြင်ဆင်ဖို့ အဖွဲ့ ဖွဲ့နေတာပါ။ လက်ရှိ ပြည် ထောင်စု လွှတ်တော် အတည်ပြုထားတဲ့ အပိုင်းက ဒီအဆို တင်တယ်။ ဒီအဆိုသည် ဖွဲ့စည်းပုံ ပြင်တာ မဟုတ်သေးဘူး”ဟု ပြောသည်။
ဆက်လက်၍ ဦးအောင်မင်းက“လွှတ်တော် လုပ်ငန်းစဉ်က ပြီးသွားပြီ။ ကျနော်တို့ လုပ်တာကလည်း ပြီးခဲ့တဲ့ လွှတ်တော် ကာလတုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ စဖွ့ဲတယ်။ ပြီးတော့မှ ကျနော်တို့က ဥပဒေ ပြင် ဆင်ရေး ဆိုပြီး ပြောင်းပြီး ဖွဲ့ တယ်။ သုံးသပ်ရေး ကော်မတီသည် နောက်ဆုံးတော့လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီပဲ ဖြစ်သွားမှာပဲ”ဟု ပြောဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်းရန် အရေးကြီး အဆိုကို လွှတ်တော် ကိုယ်စားလှယ် ဦး အောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉ ရက်၌ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုသည် လုပ်ထုံးလုပ်နည်းနှင့် ညီ ညွတ်မှု မရှိကြောင်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ကန့်ကွက်ခဲ့ကြ သကဲ့သို့ ကြံ့ခိုင်ရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ ကလည်း ကန့်ကွက် ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ကာ အတည်ပြုထားခြင်း ဖြစ်သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ် စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိသဖြင့် တပ်မ တော်သည် ကိုယ်စားလှယ် အရေအတွက် ဒုတိယ အများဆုံး ရရှိထားသည့် အဖွဲ့အစည်း ဖြစ်သည်။