သတင်း

နေပြည်တော်၌ ဒရုန်းလွှတ်သည့် ပြင်သစ် နိုင်ငံသား ဖမ်းဆီး အရေးယူခံရ

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု လွှတ်တော် အမှတ်၂ ကြိုးတံတား အနီး၌ ဖေဖော်ဝါရီလ ၇ ရက်က ဒရုန်း (Drone) ပျံသန်းခဲ့သဖြင့် အဖမ်းခံလိုက်ရသည့် ပြင်သစ် နိုင်ငံသား တဦးကို နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

မောင်းသူမဲ့ လေယာဉ် (Drone) ပျံသန်းရန် ကန့်သတ်ထားသည့် နေရာတွင် ဒရုန်း လွှတ်တင်နေစဉ် လုံခြုံရေး တပ်ဖွဲ့ ဝင်များ၏ ထိန်းသိမ်းမှု ခံလိုက်ရသူ ပြင်သစ်နိုင်ငံသားကို ဖမ်းဆီးထားခြင်း ရှိ၊ မရှိ ရန်ကုန်မြို့ရှိ ပြင်သစ် သံရုံး ကလည်း ရဲတပ်ဖွဲ့ထံသို့ စုံစမ်း မေးမြန်းလာကြောင်း ယင်းအမှုကို ကိုင်တွယ်နေသူ ဒုရဲမှူး မင်းတင်က ဧရာဝတီသို့ ပြောသည်။

ဒုရဲမှူး မင်းတင်က “ဒီဒရုန်းကို တရားမဝင် ကိုင်ဆောင်မှုနဲ့ ပြင်သစ်နိုင်သားကို ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မနဲ့ အရေး ယူထားတယ်။ အခုလက်ရှိမှာ ပြင်သစ်နိုင်သားကို ရဲလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပြီးတော့မှ စစ်ဆေး ပေါ် ပေါက်ချက် အတိုင်း ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားဖို့ ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြောသည်။

ပြင်သစ် နိုင်ငံသားကို ဖေဖော်ဝါရီလ၂၂ ရက် အထိ ချုပ်ရက် ရမန် ရယူထားပြီး ၂၂ ရက် နောက်ဆုံးထား၍ ရဲလုပ်ငန်း ကုန်စင်အောင် ဆောင်ရွက်ကာ တရားရုံးသို့ တင်ပို့မည် ဖြစ်ကြောင်း သိရသည်။

ယင်း ပြင်သစ် နိုင်ငံသားသည် ထိုင်းနိုင်ငံမှ မြဝတီသို့ ဇန်နဝါရီလ ၃၀ ရက်က စက်ဘီးနှင့် ဝင်ရောက်ခဲ့ပြီး နေပြည် တော် သို့ ဖေဖော်ဝါရီလ ၇ ရက်တွင် ရောက်ရှိလာကြောင်း၊ နေပြည်တော်တွင် မည်သည့် နေရာတွင်မှ မတည်းခိုသေး ဘဲ ဒရုန်း လွှတ်တင်နေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

 

နေပြည်တော်ရှိ ဒရုန်း လွှတ်ခွင့် မပြုကြောင်း တားမြစ်ထားသည့် ပြည်ထောင်စု လွှတ်တော် အမှတ်၂ ကြိုးတံတား ဂိတ် (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း စခန်းမှူး ဒုရဲမှူး မင်တင်းက“သူ(ပြင်သစ်နိုင်ငံသား) ဘယ်ကို ရိုက်ခဲ့လဲ ဆိုတာတော့ ကျနော် မကြည့်လိုက်ရဘူး။ ဒါက လျို့ဝှက်ချက်ပါ။ သက်ဆိုင်ရာကိုပဲ စစ်ဆေးပေးဖို့ အကူအညီတောင်း ထားပါတယ်။ CID (မှုခင်းတပ်ဖွဲ့)နဲ့ ပူးပေါင်း ဆောင်ရွက်နေတာပါ”ဟု ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလမ်းမကျယ်ကြီးက အရမ်းလှလို့ ဒရုန်း လွှတ်တင် ဖြစ်ခဲ့တာလို့ ရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရည်ရွယ်ချက်ကိုတော့ မသိရဘူး။ ကျနော်တို့ စစ်ဆေးတဲ့ အခါမှာလည်း ဘာ စာရွက်စာတမ်းမှ မပြနိုင်ဘူး။ အဲဒီလို မပြနိုင်တဲ့ အတွက် ပို့ကုန်/သွင်းကုန် ဥပဒေနဲ့ အရေးယူခဲ့တာပါ”ဟု ပြောကြားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ကလည်း လွှတ်တော် အဆောက်အအုံများဆီသို့ ဒရုန်းလွှတ်တင်၍ ဓာတ်ပုံရိုက်ကူးရန် ကြိုး စားသူ သတင်းထောက် ၃ ဦး ယခုလို ပုဒ်မမျိုး အပါအဝင် အခြား ပုဒ်မများဖြင့် အဖမ်းခံရပြီး ၂ လခန့် ထောင်ထဲ တွင် နေခဲ့ရသည်။

၎င်းတို့ ၃ ဦးသည် တူရကီ သတင်းဌာန TRT စင်ကာပူ ရုံးခွဲမှ သတင်းထောက် အောင်နိုင်စိုး အပါအဝင် စင်္ကာပူ နိုင်ငံ သား ၁ ဦး၊ မလေးရှား နိုင်ငံသူ ၁ ဦးတို့ ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို ကားမောင်းပို့သူ ဒရိုင်ဘာသည်လည်း ပူးတွဲ အဖမ်း ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် သတ်မှတ်ထားသည့် နေရာများတွင် ဒရုန်း လွှတ်ပါက ယင်းစည်းကမ်း သတ်မှတ်ချက်နှင့်သာ အရေး ယူသင့်ပြီး ဒရုန်းလွှတ်တင်ရုံနှင့် ပို့ကုန်/သွင်းကုန် ဥပဒေဖြင့် အရေးယူခြင်းမှာ မဖြစ်သင့်ကြောင်း၊ နိုင်ငံရပ်ခြားမှ ပစ္စည်း တခုခုကို နယ်စပ်သို့ ဖြတ်ပြီး ပြည်တွင်း၌ ပြန်အသုံးချရုံဖြင့် အပြစ်မြောက်သည်ဟု မယူသင့်ကြောင်း နေပြည်တော်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ဦးခင်မောင်ဇော်သည် နေပြည်တော် လွှတ်တော်အနီး ဒရုန်းလွှတ်တင်ခဲ့သည့် ပထမ ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများဘက်မှ လိုက်ပါ ဆောင်ရွက်ခဲ့သည့် ဒေသခံ ရှေ့နေ တဦး ဖြစ်သည်။

ပြင်သစ် နိုင်ငံသား ဖမ်းဆီးခံရသော နေပြည်တော် လမ်းမကြီး (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

၎င်းက“ခရီးသွား လုပ်ငန်း ပုံရိပ်ကို ထိခိုက်တယ်။ ရှက်စရာလည်း ကောင်းတယ်။ အခု အလှူတွေ၊ မင်္ဂလာဆောင် တွေ မှာ ဒရုန်းနဲ့ ရိုက်နေတာပဲ။ အဲဒီလူတွေက ပါမစ်နဲ့သွင်းတာလား။ ဘယ်လို သွင်းလာတာလဲ။ တခါမှ လိုက်ပြီးတော့အစိုးရ ဘက်က နှောင့်ယှက်ခဲ့တာ မရှိဘူး။ အခုက လွှတ်တော်ကြီးကို စော်ကားတယ်လို့ ထင်နေတာမျိုး”ဟု ပြောဆိုသည်။

ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား အဖမ်းခံရခြင်းသည် မြန်မာနိုင်ငံ၏ ခရီးသွား ပုံရိပ် ထိခိုက်နိုင်ပါသလားဟု အထက်ပါ ရဲအရာရှိအား မေးမြန်းရာ လတ်တလောတွင် မဖြေတတ်ကြောင်း၊ လွှတ်တော် အမှတ် ၂ တံခါးဝင်းတွင် ဒရုန်း မလွှတ်ရ ဆိုသည့် ဆိုင်းဘုတ် ရှိကြောင်း ပြောဆိုသည်။

“ဒီပစ္စည်းတွေကို တရားဝင် ယူဆောင်လာတယ် ဆိုတဲ့ စာရွက်စာတမ်း အထောက်အထားတွေ မပြနိုင်ပါဘူး။ မြဝတီကို အဝင်မှာ သူ့မှာ ပါတဲ့ ပစ္စည်းတွေကို ဖောင်ဖြည့်ခဲ့ရင် အဲဒီအထောက်အထားတွေ ပါလာရမှာလေ။ အခုကတော့ ဝင် လာ တုန်းက ကြေညာပြီး ဝင်လာတယ်ဆိုရင် တမျိုးပေါ့။ မကြေညာဘဲနဲ့ ဝင်လာရင်တော့ ပို့ကုန်/သွင်းကုန် ဥပဒေကို ကျူးလွန်တာပဲ။ မြဝတီမှာ စာရင်း ဖြည့်ခဲ့လား ဆိုတာတော့ ကျနော်တို့ လှမ်းမေးထားတုန်းပဲ”ဟု ဒုရဲမှူး မင်တင်းက ပြော သည်။

ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ ဆိုသည်မှာ မည်သူမဆို ကန့်သတ် တားမြစ် ပိတ်ပင်ထားသည့် ပစ္စည်းများကို တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသည့် ပစ္စည်းများကို ခွင့်ပြုချက် မယူဘဲ တင်သွင်းခြင်း၊ တင်ပို့ခြင်း တို့ကို ကျူးလွန်ပါက ငွေဒဏ်၊ ထောင်ဒဏ်များ ချမှတ်နိုင်သည်။

ယင်းပြင်သစ် နိုင်ငံသား အဖမ်းခံရသည့် ကိစ္စကို မိသားစုသို့ အကြောင်းကြားပေးရန် ပြောဆိုခဲ့သလို ၎င်းတွင် မောင်နှမ ၃ ဦးသာရှိရာ အကြီးဆုံး ဖြစ်ကြောင်း၊ ၁ နှစ်လျှင် ၆ လခန့် အလုပ်လုပ်ပြီး ကျန် ၆ လကို ခရီးထွက်သူတဦး ဖြစ် ကြောင်း၊ အင်္ဂလိပ် ဘာသာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ပြီး မြန်မာနိုင်ငံတွင် ပျော်ကြောင်းလည်း ပြောဆိုခဲ့ သည် ဟု ရဲအသိုင်းအဝိုင်းက ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading