မြန်မာ့ ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးလာရန် အတွက် အရည်အသွေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အပိုင်းကို အဓိက အားထုတ် သင့်ကြောင်း ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူ က လုပ်ငန်းရှင်များကို တိုက်တွန်းသည်။
မြန်မာ့ ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲနှင့် အထွေထွေ ညီလာခံကို ဖေဖော်ဝါရီ ၉ ရက်၊ ၁၀ ရက်တို့၌ မန္တလေး ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပခဲ့ရာ အဖွင့် အမှာစကား၌ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့၏ အဖွဲ့ခေါင်းဆောင် အဖြစ်လည်း တာဝန်ယူထားသည့် ဒု သမ္မတ ဦးဟင်နရီ ဗန်ထီးယူက “ဆန်စပါး ကဏ္ဍဟာ နိုင်ငံ စီးပွားရေး အတွက် အထူး အရေးပါတဲ့ ကဏ္ဍ တရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာဖို့ အတွက် အရည်အသွေး၊ Food Safety (ဘေး အန္တရာယ် ကင်းရှင်းရေး) နဲ့ ထုပ်ပိုးမှု အပိုင်းကို အားထုတ်ပေးကြဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။
မြန်မာ့ ဆန်စပါးသည် အရည်အသွေးပိုင်း အားနည်းချက် ရှိသဖြင့် ပြည်ပ ဈေးကွက် ချဲ့ထွင်ရန် အခက်အခဲရှိခြင်း၊ အခြားနိုင်ငံ ဆန်များထက် ဈေးနည်းပါးခြင်း၊ သတ်မှတ် စံချိန်စံညွှန်း မပြည့်မီခြင်း စသည့် အခက်အခဲများကို ရင်ဆိုင် နေရဆဲ ဖြစ်သည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကလည်း ပြောဆိုသည်။
ဒေါက်တာ ဇော်မြင့်မောင်က“အရည်အသွေး ပြဿနာက အရေးကြီးတယ်။ ဒါကို ဖောက်ထွက်နိုင်ဖို့ လိုတယ်။ အရင် ကတော့ ပွဲစားတွေက သတ်မှတ်တဲ့ ဈေးအတိုင်း ရောင်းကြပေမယ့် အခုက နိုင်ငံတကာကို သွားမယ်ဆိုရင် နိုင်ငံ တကာ စံချိန်စံညွှန်းနဲ့ အညီ လုပ်ဖို့ လိုလာပြီ”ဟု အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးကလည်း“ကျနော်တို့ဆီမှာ ဆန်ရဲ့အရည်အသွေးကို တပြေး တည်း ဖြစ်အောင် ထိန်းနိုင်ဖို့ လိုပါတယ်။ အခုကျ ရာသီဥတု ပြောင်းရင်ကို ဆန်ရဲ့အနံ့က ပြောင်းချင်တာမျိုး ဖြစ်နေ တယ်။ အဲဒီလို အားနည်းချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် ပြည်ပပို့နိုင်ဖို့က ဒါတွေကို ပြုပြင်ဖို့ လိုအပ်ပါ တယ်”ဟု ပြောသည်။
အလားတူ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး (Food Safety) ကဏ္ဍတွင် ဆန်စပါး လုပ်ငန်းရှင်များ သာမက တောင်သူများ အထိပါ အသိပညာပေးမှု တွင်တွင် ကျယ်ကျယ် ရှိရန် လိုအပ်ပြီး စိုက်ပျိုးရေးတွင် သုံးစွဲရမည့် မြေသြ ဇာ နှင့် ဓာတု ဆေးဝါးများကို အညွှန်းအတိုင်းသာ အသုံးပြုနိုင်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် သုံးစွဲရန် တားမြစ်ထားသည့် ပိုးသတ်ဆေး ၃၈ မျိုး ရှိပြီး ၎င်းတို့ကို မသုံးစွဲရန်နှင့် တောင်သူများ အနေ ဖြင့် မိမိ အသုံးပြုသည့် စိုက်ပျိုးရေး ဆေးဝါးများနှင့် ပတ်သက်၍ သုံးစွဲရမည့် နည်းစနစ်၊ အညွှန်းများကို သေချာ သိရှိ နားလည်ပြီး သုံးစွဲမှသာ ဓာတုဓာတ်ကြွင်း ကျန်ရှိခြင်း ကိစ္စကို ဖြေရှင်းနိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ စိုက်ပျိုးရေး ကဏ္ဍ အကြံပေး တဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ်က မြန်မာ့ဆန်သည် ပြည်ပသို့ တန်ချိန် ၃ ဒသမ ၅သန်း တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၁၁၀၀ ကျော် ရရှိခဲ့ကြောင်း မြန်မာ့ ဆန်စပါး အသင်းချုပ်၏ စာရင်းများ အရ သိရသည်။
မြန်မာ့ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲနှင့် အထွေထွေ ညီလာခံကို မန္တလေးတိုင်း အပါအဝင် အထက် မြန်မာပြည်ရှိ ဆန်စပါး လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။