မြန်မာအိမ်အကူအား ဆံပင်ဆောင့်ဆွဲခြင်း၊ ရိုက်နှက်ခြင်းနှင့် သူ့ကိုယ်သူ ရေနွေးပူနှင့် လောင်းရန် စေခိုင်းခြင်းကြောင့် စင်ကာပူ အမျိုးသမီးတဦးကို ယမန်နေ့က ထောင်ဒဏ် ၃နှစ် ချမှတ်ကြောင်း The Straits Times သတင်းကဆိုသည်။
အဆိုပါ စင်ကာပူ အမျိုးသမီးမှာ ၃၉နှစ်အရွယ်ရှိ အလှပြင်ဆိုင် မန်နေ၍ လင်ဒါရှူ ဆိုသူ ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်က မြန်မာအိမ် အကူ မဖြူဖြူမာ အပေါ် မတရားနှိပ်စက် ညှင်းပမ်းသည်မှာ ပြစ်မှု ထင်ရှားသဖြင် ထောင်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။
ညှင်းပမ်းနှိပ်စက်မှု အသေးစိတ်ကို စွဲချက် ၆ ခု တင်ရာ အိမ်အကူအား ၎င်း၏ဘယ်ဘက်ပခုံးပေါ် ရေနွေးပူဖြင့် လောင်းချ ရန် အတင်းအကျပ် စေခိုင်းခဲ့သဖြင့် အပူလောင်ဒဏ်ရာနှင့် အရည်ကြည်ဖုများ ထခဲ့သည့် ခိုင်လုံသော့ ဖြစ်စဉ်နှစ်ခု ပါဝင်သည်။
ထို့အပြင် ယင်း စင်ကာပူ အမျိုးသမီးသည် မြန်မာအိမ်အကူကို ကြမ်းတိုက်ထားသည့် ညစ်ညမ်းသော ရေများကိုလည်း သောက်ခိုင်းခဲ့ကြောင်း စွဲချက်များတွင် ဖော်ပြသည်။
နောက်ထပ် စွဲချက်တခုမှာ အိမ်အကူအား ဆံပင်များ ကျွတ်ထွက်သည် အထိ ဆောင့်ဆွဲခဲ့သည့် ဖြစ်စဉ်ပါဝင်ပြီး ဦးခေါင်းကို မိုဘိုင်းလ်ဖုန်းဖြင့် အကြိမ်ပေါင်းများစွာ ထုနှက်ခဲ့မှု ဖြင့်လည်း စွဲချက်တင်ခဲ့သည်။
စင်ကာပူ အမျိုးသမီးကမူ ၎င်း၏ အိမ်အကူများသည် အိမ်မှုကိစ္စများ လုပ်ကိုင်ရာတွင် နှေးကွေးသဖြင့် စိတ်မချမ်းမြေ့မှု ဖြစ်စေခဲ့သည်ဟု ထွက်ဆိုသည်။
သို့သော် ခရိုင်တရားသူကြီး အိုလီဗီယာ လော်က “နစ်နာသူ၏ လုပ်ကိုင် ဆောင်ရွက်ကြောင့် စိတ်မချမ်းမြေ့ဖြစ်ရသည် ဆိုခြင်းမှာ ၎င်း အကြမ်းဖက်မှု ကျူးလွန်ခဲ့မှုအပေါ် မျှတသည့် အကြောင်း ပြချက် ဖြစ်စေရန် မလုံလောက်သဖြင့်” ထောင် ဒဏ်ချမှတ်ရန် ထိုက်တန်ကြောင်း စီရင်ချက်ချခဲ့သည်။
နစ်နာသူသည် စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစား ခဲ့ရကြောင်းနှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ ဒဏ်ချက်တခု ကျန်ရစ်ခဲ့ကြောင်း တရားသူကြီးက စီရင်ချက်၌ ဆိုထားသည်။
တရားခံ ရှု သည် ထောင်ဒဏ်အပြင် ငွေဒဏ် စင်ကာပူဒေါ်လာ ၉၀၀၀၀(အမေရိကန်ဒေါ်လာ ၆၆၃၀) ပေးဆောင် စေရန်လည်း အမိန့်ချမှတ်ခံရသည်။
ထောင်ဒဏ် ချမှတ်ရန် ကြီးလေးစေခဲ့သော ကျူးလွန်မှုများတွင် အိမ်အကူအား အစာမကျွေးဘဲ ထား၍ အာဟာရချို့ တဲ့ လာစေခြင်းနှင့် လုပ်ခလစာ မပေးခြင်းတို့လည်း ပါဝင်ကြောင်း တရားသူကြီးက ဆိုသည်။
အလားတူ တရားခံ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ အိမ်တွင်းအလှဆင် အင်ဂျင်နီယာ အသက် ၄၄ နှစ်ရှိ လင်မ်တွန်လမ်း ကို လည်း အိမ်အကူ၏ နဖူးကို လက်သီးဖြင့်ထိုးကြိတ်ခဲ့သဖြင့် ထောင်ဒဏ် ရက်သတ္တ ၆ ပတ်ကျခံရန် စီရင်ချက်ချခဲ့သည်။
ယင်းအမှုများသည် စင်ကာပူအမျိုးသမီး ရှု ကြီးကြပ်လုပ်ကိုင်နေသော အလှပြင်ဆိုင်တွင် ဖြစ်ပွားခဲ့ရာ ၎င်း၏ ဝန်ထမ်းတဦးက ရဲသို့ အကြောင်းကြားတိုင်တန်းခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်ကလည်း ဖိလစ်ပိုင်အိမ်အကူ ကို ကိုယ်အလေးအချိန် ၂၉ ကီလိုဂရမ်အထိ ကျဆင်းသွား အောင် အစာအငတ်ထားခဲ့မှုဖြင့် စင်ကာပူလူမျိုးစုံတွဲတတွဲကို ထောင်ဒဏ်ချမှတ်ခဲ့ဖူးသည်။