ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာမှ အုပ်ချုပ်ရေးမှူး၊ ခရစ်ယာန် သင်းအုပ် ဆရာလည်း ဖြစ်သူ ဦးထွန်းနု အသတ်ခံ လိုက်ရသည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး ခိုင်မာသော သက်သေအထောက် အထား တစုံတရာ မရှိသည့် အတွက် လက်ရှိအချိန်အထိ မည်သည့်ကိုမျှ အတည် မပြုနိုင်ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။
ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ဦးထွန်းနုကို အမည်မသိ လက်နက်ကိုင်များ ခေါ်ယူခြင်းခံရမှုနှင့် ပတ်သက်ပြီး နီးစပ်ရာ ကျေးရွာသားများနှင့် တပ်မတော်ဘက်သို့ စုံစမ်း မေးမြန်းရာ အကြောင်းထူး တစုံတရာ မရရှိသေး ကြောင်း ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က “ ကျနော် စုံစမ်တာတော့ ဘာမှတော့ မထူးခြားသေးဘူး ။ တပ်ဘက် ကိုလည်း ကျနော် စုံစမ်းသေးတယ်။ တပ်ဘက်ကတော့ ဦးထွန်းနုကို သူတို့ ဖမ်းထားတာ မဟုတ်ဘူး လို့ သိရတယ်။ နောက်တခါ အရပ် ဘက်က နီးစပ်ရာ ကျေးရွာတွေ ၊ တခြားနေရာတွေကို လိုက်စုံစမ်း တော့ ဘာမှ ထူးထူးခြား ဘာမှ မသိရဘူး ။ အွန်လိုင်း မှာတော့ လျှောက်ရေး နေတာတွေကို တွေ့တယ်၊ သူ့မိသားစုဝင်တွေ တောင် ဘာမှ မသိရသေး တာဗျာ ဘယ်ဟာမှ ခိုင်ခိုင်မာမာတော အတည်ပြုလို့ ရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တောင်မင်းကုလား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနု ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး အပေါက်ဝ နယ်မြေ ရဲစခန်းတွင် လူပျောက်မှုနှင့် အမှုဖွင့်ကာ စုံစမ်း ရှာဖွေလျက် ရှိကြောင်း ကျော်တော်မြို့နယ် ရဲတပ်ဖွဲ့မှုုး ရဲမှူး စောသန်း လွင်က ပြောသည်။
“အပေါက်ဝ နယ်မြေ စခန်းမှာ လူပျောက်မှုနဲ့ဖွင့်ထားတယ်။ သတင်းဌာန တွေမှာ အသတ်ခံလိုက် ရပြီးဆိုတဲ့ ကိစ္စကတော့ ဘာမှ လက်ဆုပ် လက်ကိုင် မပြနိုင်သေးသလို၊ ဘာမှလည်း တိတိကျကျ ပြောလို့ မရသေးဘူး” ဟု ဧရာဝတီသို့ ၎င်းက ပြောသည်။
လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ခေါ်ဆောင်ခြင်းကို ခံရသော ဦးထွန်းနုမှာ ခရစ်ယာန်ဘာသာဝင် သင်းအုပ်ဆရာ တဦး ဖြစ်သကဲ့သို့ ဒေသခံ ကျေးရွာသားများ ရွေးချယ်တင်မြောက်ထားသော အုပ်စု အုပ်ချုပ်ရေးမှူးတဦးလည်း ဖြစ်သူ ဖြစ်သည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းက ပြန်ပေးဆွဲခံရသည့် ခရစ်ယန် သင်းအုပ်ဆရာ တဦး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အသတ်ခံရကြောင်း Gospel For Asia ခရစ်ယာန်အသင်းတော်၏ ထုတ်ပြန် ချက်အပေါ် မူတည်၍ ပြည်တွင်း ၊ ပြည်ပ မီဒီယာတချို့က ရေးသားဖော်ပြခဲ့သည်။
ကျောက်တော်မြို့နယ် တောင်မင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနုမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၇ နာရီ အချိန် ခန့်က အမည်မသိ လက်နက်ကိုင် ၅ ဦးက နေအိမ်သို့ လာရောက်ကာ ခေါ်ဆောင်သွား ရာမှ လက်ရှိ အချိန်အထိ အိမ်ပြန် မရောက်တော့ဘဲ သတင်းအစအန ပျောက်ဆုံး နေခြင်း ဖြစ်သည်။
ထို့အတွက်လည်း ဦးထွန်းနု၏ ဇနီးဖြစ်သူ ဒေါ်သန္တာဖြူက အာဏာပိုင်များကို တိုင်ကြားထားသကဲ့သို့ ဒေသခံ တပ်မတော် တပ်ရင်းကိုလည်း အသိပေးတိုင်ကြားထားကြောင်း သိရသည်။
“ကျမ ကန်စောက်က ၅၃၉ တပ်ရင်းကိုလည်း ဖုန်းဆက်ပြီး မေးကြည့်ပါတယ်။ သူတို့ ရှာလား ၊ မရှာ လားတော့ မသိဘူး ။ အခုထိတော့ ဘာသတင်းအစအန မှမရသေးဘူး ။ ကျမမှာ ကလေး ၃ ယောက်ရှိ တယ်။ မိသားစုအတွက် သူမရှိလို့ မဖြစ်ဘူး၊ သူအသက်ရှင်လျှက်နဲ့ ကျမတို့ဆီ ကို ပြန်လာတာကိုပဲ လိုချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ တောင်မင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနုအား အမည်မသိလက်နက်ကိုင်အဖွဲ့က လာ ရောက်ခေါ် ဆောင်ခဲ့ရာတွင် ညမှောင်နေသည့်အတွက် ဝတ်ဆင်ထားသည့် ယူနီဖောင်များကို သဲသဲကွဲကွဲ မမြင်ရကြောင်းလည်း ဒေါ်သန္တာဖြူက ဆိုသည်။
ရက္ခိုင့်တပ်မေတော် (AA) ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကမူ ဦးထွန်းနု ပျောက်ဆုံးနေမှုသည် သူတို့နှင့် ပတ်သက်ခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနု ပျောက် ဆုံး နေမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က ၎င်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၄၈ ဦးက အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ထံ လိပ်မှု လျက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသတွင်း ပါတီနိုင်ငံရေးအသီးသီးကိုလည်း မိတ္တူများ ပေးပို့ကာ တောင်းဆို ထားသည်။
ဆက်စပ်ဖတ်ရှု့ရန် – လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးသွားသည့် အုပ်ချုပ်ရေးမှူးကို ဖော်ထုတ်ပေးရန် တောင်းဆို