ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုရိပ်သာများတွင် ယစ်မျိုး လိုင်စင်ချမှတ်ပေးပြီး တရားဝင် ရောင်းချ ခွင့်ပြုရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ တင်ပြထားကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးတင်မြင့်က ပြောသည်။
ဖေဖော်ဝါရီ ၁၁ ရက်က ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု အစိုးရ အဖွဲ့မှ ပေးပို့ သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လပတ် အခွန် ကောက်ခံရရှိမှု အခြေများနှင့် ပတ်သက်၍ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၂/၂၀၁၉) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် ပြန်လည် ရှင်းလင်းရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ဒု ဝန်ကြီး ဦးတင်မြင့် က “ပြည်ပမှ အရက်၊ ဘီယာ တင်သွင်းခြင်းနဲ့ ဟိုတယ်၊ တည်းခိုရိပ်သာများတွင် ယစ်မျိုး လိုင်စင် ခွင့်ပြုပေးရန် ကိစ္စများနှင့် စပ်လျဉ်းပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက အဓိက အကောင်အထည် ဖော်ရမည့်သူ အဖြစ် ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ညှိနှိုင်း ဆွေးနွေးထားပါတယ်” ဟု ပြောသည်။
ပြောင်းလဲလာသည့် စီးပွားရေး လုပ်ကိုင် ဆောင်ရွက်မှု အခြေအနေများ အရ ဖွံ့ဖြိုး တိုးတက်လာသော ဟိုတယ်၊ တည်းခို ရိပ်သာများ အတွက် ယစ်မျိုး လိုင်စင်များ ခွင့်ပြုပေးမည် ဆိုပါက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များအား တရားဝင် ရောင်းချခွင့် ရရှိမည် ဖြစ်ပြီး အခွန်ငွေများ ပိုမို ရရှိနိုင်မည် ဖြစ်ပါ၍ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထူး ကိစ္စရပ် အနေဖြင့် ယစ်မျိုး လိုင်စင် ခွင့်ပြုပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညှိနှိုင်းလာမှု အရ ပြည်ထောင် စု အစိုးရ အဖွဲ့သို့ ဖြေလျှော့ ခွင့်ပြုပေးနိုင်ရေး တင်ပြထားကြောင်း ၎င်းက ဆွေးနွေးသွားသည်။
သို့ရာတွင်၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး၏ ယစ်မျိုး လိုင်စင်များကို အရေအတွက် ကန့်သတ်ထား ရှိရန် ညွှန်ကြားချက် အရ လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ ယစ်မျိုး လုပ်ငန်းများအား စိစစ်ကြပ်မတ်ရန် မေးမြန်းချက်များ အပေါ် ဖြေကြား ကတိပြုချက်များ အရ လည်းကောင်း၊ ယစ်မျိုး လိုင်စင်များကို နှစ်စဉ် အရေအတွက် လျှော့ချ ခွင့်ပြုလျက်ရှိ သဖြင့် ဟိုတယ်၊ တည်းခိုရိပ်သာများတွင် ယစ်မျိုး လိုင်စင် ရရှိရေး ခက်ခဲလျက် ရှိကြောင်း သိရသည်။
ဦးတင်မြင့်က “ယစ်မျိုး လိုင်စင် အရေအတွက် ကန့်သတ်ထားခြင်းအား ဖြေလျှော့ပေးပြီး ဟိုတယ်၊ မိုတယ်များ နှင့် အခြား လိုင်စင်သစ်များ ချထားပေးခြင်းဖြင့် တရားမဝင် ယစ်မျိုး လိုင်စင် လျော့နည်း ပပျောက်ပြီး အခွန်အကောက် များ တိုးတက် ရရှိစေနိုင်ပါတယ်” ဟု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ပြည်သူ့ ငွေစာရင်း ကော်မတီ အဖွဲ့ဝင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုကလည်း “ နိုင်ငံခြား အရက်တွေက ဟို တယ်တွေမှာ တရားမဝင် ရောင်းနေတာပဲလေ။ အမှန်က ဥပဒေ အရ စစ်ဆေးပြီး အရေးယူရမှာ။ ဒါပေမယ့် နိုင်ငံကလည်း အဲဒီလောက် အထိ တရား ဥပဒေ မစိုးမိုးဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။
ယစ်မျိုး သက်ဝင် ပစ္စည်းများကို လိုင်စင် ခွင့်ပြုချက် မရှိဘဲ ရောင်း၊ ဝယ်၊ ဖြန့်ဖြူး၊ ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ဖမ်းဆီး အရေး ယူခြင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းကို တရားရုံးအဆင့်ဆင့်မှ လည်းကောင်း၊ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
၂၀၁၈ ခုနှစ်၊ မေလမှ ဒီဇင်ဘာလ အထိ တရားမဝင် ယစ်မျိုး လုပ်ကိုင်သူများအား အရေးယူခဲ့ရာ ကျား ၁၄၉၇ ဦး၊ မ ၅၅၈ ဦး စုစုပေါင်း ၂၀၅၅ ဦး တို့ကို ဖမ်းဆီး အရေးယူထားကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင်၂၀၁၈ ခုနှစ်၊ မေလမှ ဒီဇင်ဘာလ အထိ တရားမဝင် ယစ်မျိုးလိုင်စင် စည်းကမ်း ဖောက်ဖျက်မှုကြောင့် ကျား ၁၃၈ဦး၊ မ ၂၄ ဦး ပေါင်း ၁၆၂ ဦးတို့ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ တရားဝင် ယစ်မျိုးလိုင်စင် ချမှတ်နိုင်ရန် အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကော်မတီ ဖွဲ့ စည်းနိုင်ရေး၊ စီမံချက် ရေးဆွဲနိုင်ရေး အစည်းအဝေးကို ၂၀၁၈ ခုနှစ် ခုနှစ်၊ အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့ပြီး သမ္မတ ရုံးသို့ တင်ပြ၍ လမ်းညွှန်မှု ခံယူထားကြောင်း ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ပြောဆိုသွားသည်။