ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန် ပန်းခြံအတွင်း ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်တု ထားရှိ ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုကြောင့် တရားစွဲခံထားရသော လူငယ် ၅၅ ဦးတို့၏ အမှုများအား ရုပ်သိမ်းပေးရန် ပြည်နယ်အစိုးရအဖွဲ့နှင့် သဘောတူညီမှု ရခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြေးရုပ်တု မထားရှိရေး ကန့်ကွက်ဆန္ဒပြ ဦးဆောင်သူများနှင့် ပြည်နယ် အစိုးရအဖွဲ့တို့ နေ့လယ် ၃ နာရီတွင် တွေ့ ဆုံ ညှိနှိုင်းပြီးနောက် ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြမှုတွင် ပါဝင်သည့် ကိုကျော်ထင်အောင်က ဧရာ ဝတီကို ပြောသည်။
လူထုချီတက်ပွဲ ဦးဆောင်သူများ ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက် ညှိနှိုင်းစဉ် ကန္ဒာဟေဝန် ပန်းခြံရှေ့၌ ငြိမ်းချမ်းစွာ စောင့်ဆိုင်း နေခဲ့ကြသည့် လူထုကို ဦးဆောင်သူများက ညှိနှိုင်းဆွေးနွေးချက်များ ဖတ်ပြပြီးနောက် ယခုအခါ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ပြီဖြစ်ကြောင်း လက်ရှိအခြေအနေနှင့် ပတ်သက်၍ ၎င်းက ရှင်းပြသည်။
ကရင်နီပြည် လူငယ်အင်အားစု ဦးဆောင်သည့် လူအင်အား ထောင်ချီက ဗိုလ်ချုပ်ကြေးရုပ်တု ဖယ်ရှားပေးရန်၊ ရုပ်တုနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသည့် ဝန်ကြီးချုပ် နှင့် စီမံဘဏ္ဍာဝန်ကြီး နှုတ်ထွက်ပေးရန်၊ တရားစွဲခံ လူငယ်များအား ခြွင်းချက်မရှိ လွှတ်ပေးရန် ဟူသည့် အချက် ၃ ချက်ဖြင့် ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) နံနက်ပိုင်းက လူထုချီတက်ပွဲ ပြုလုပ်ခဲ့ပြီး နောက် ယင်းသို့ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
လမ်းပိတ်ဆို့မှုကို ဖောက်ထွက်ခဲ့သည့် ချီတက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရေပိုက်များ၊ ရာဘာကျည်များ အသုံးပြု၍ လူစုခွဲ ရာ ရော်ဘာကျည်ဆံ ထိ၍ ဒဏ်ရာရသူများနှင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၂၀ ကျော် ရှိကြောင်း ဆန္ဒပြ ဦးဆောင် ကော်မတီက တရားဝင် သတင်းထုတ်ပြန်ထားသည်။
နေ့လယ် ၃ နာရီတွင် စတင်ခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုသည် ည ၇ နာရီကျော်မှ ပြီးဆုံးသွားပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ရ ကြောင်း သိရသည်။
“တတိယ တောင်းဆိုချက်ဖြစ်တဲ့ ကြေးရုပ်တုကိစ္စကြောင့် မတရား စွဲဆိုခံထားရတဲ့ လူငယ် ၅၅ ဦး အမှုတွေကိုတော့ ရုပ် သိမ်း ပေးမယ်ဆိုတဲ့ ကတိနဲ့ ဒီဘက် လူငယ်တွေကလည်း ဆန္ဒပြပွဲတွေကို ရပ်နားထားပေးဖို့ သဘောတူညီခဲ့ကြတယ်” ဟု ကိုကျော်ထင်အောင် က အတည်ပြုသည်။
ဆက်လက်၍ ၎င်းက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ လက်ရှိအချိန်ထိ ဗိုလ်ချုပ်ကြေးရုပ်တု မထားရှိရေး ကန့်ကွက်ဆန္ဒပြမှု၊ ကရင်နီသမိုင်းကြောင်းမှန် ဖြန့်ဝေမှုတို့ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ)၊ ငြိမ်း ချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ၂၀ တို့ဖြင့် တရားစွဲဆိုခံထားရသည့် အမှုပေါင်း ၈၆ မှု ရှိပြီး အချို့လူငယ်များမှာ ၂/၃ ကြိမ် ထပ်မံစွဲခံရမှုများကြောင့် လူငယ် ၅၅ ဦး ဖြစ်ကြောင်း ရှင်းပြသည်။
ကန့်ကွက် ဆန္ဒပြသူများ တောင်းဆိုထားသည့် အချက် ၃ ချက်အနက် တတိယ အချက်သာ အပြည့်အဝ သဘောတူညီမှု ရရှိခဲ့ပြီး ကြေးရုပ်တုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက တာဝန်မခံဘဲ ပရဟိတအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ရုပ်တုဖြစ် မြောက်ရေး ကော်မတီနှင့်သာ တလအတွင်း ရုပ်တု ထားသင့် မသင့်ကို ဆက်လက်ညှိနှိုင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
“ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နှုတ်ထွက်ပေးရေးမှာတော့ သူတို့နဲ့ မဆိုင်တာဖြစ်တဲ့အတွက် ပြောစရာမလို ဘူး။ ပြည်ထောင်စုကနေ ပြောဆိုလာမှသာလျှင် ပုံစံမျိုးနဲ့ ချန်ထားခဲ့တယ်” ဟု ကိုကျော်ထင်အောင်က ဆိုသည်။
ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနှင့် ကန့်ကွက်သူ ကော်မတီအဖွဲ့တို့မှ ယနေ့ညမှစ၍ ညှိနှိုင်းနေစဉ် ၁ လအတွင်း ပြည် နယ်ခန်းမမှ အပ ဗိုလ်ချုပ်ရုပ်တု တည်ရှိရာ ကန္ဒာဟေဝန် ပန်းခြံ၌ ထောက်ခံပွဲနှင့် ကန့်ကွက်ပွဲများ မပြုလုပ်ရန် အချက် လည်း ပါဝင်ကြောင်း သိရသည်။
ကယား ပြည်နယ်အတွင်းရှိ ဒေသခံများ ဆန္ဒမပါဘဲ ဗိုလ်ချုပ်ရုပ်တု ထားရှိခြင်းအပေါ် ကရင်နီ လူငယ်အင်အားစုက ကန့် ကွက်ဆန္ဒပြမှုအား ထောက်ခံကြောင်းနှင့် ဆန္ဒပြသူများကို ရာဘာကျည်ဖြင့် ပစ်ခတ်မှုအား ကန့်ကွက်ကြောင်း ယနေ့ နေ့ လယ် ၃ နာရီက ရန်ကုန်မြို့တွင် ကရင်နီလူငယ်များနှင့် တက်ကြွလှုပ်ရှားသူများကလည်း ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲတွင် ‘တိုင်းရင်းသားတွေ လိုချင်တာ အောင်ဆန်းကတိ၊ ရုပ်တုမဟုတ်’ ‘ဗိုလ်ချုပ်အောင်ဆန်းကို ထပ်ပြီး မသတ်ကြပါနဲ့’ စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း၊ အနော်ရထာလမ်းနှင့် ဆူးလေ ဘုရားလမ်း တလျှောက်နှင့် မဟာဗန္ဓုလ ပန်းခြံအထိ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ မအိသဉ္ဇာမောင် က “ဒေသခံ တိုင်းရင်းသားတွေဟာ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့်မရဘူး။ ကိုယ့် သမိုင်းအမှန် ဖော်ပြခွင့်မရဘူး။ ပိုဆိုးတာက သမိုင်းကြောင်းအမှန် ဖော်ထုတ်တဲ့ လူငယ်တွေကိုပါ ဖမ်းဆီးတယ်။ သေနတ်နဲ့ ပစ်တယ်။ ဒါက ဖြေရှင်းနည်း မဟုတ်ဘူး” ဟု ပြောဆိုသည်။
ရှေ့ဆက် ယခုအတိုင်းသာ သွားမည်ဆိုပါက ငြိမ်းချမ်းရေးသည် ယခုထက် ပို၍ဝေးသွားနိုင်ပြီး တိုင်းပြည်အတွက် ပိုပြီး ထိ ခိုက်နစ်နာစေကြောင်း၊ အချိန်မီတုန်း ပြည်သူ့အစိုးရ အာဏာရတုန်း အမှားများကို ချက်ချင်းပြင်ဆင်နိုင်လျှင် ပိုကောင်းမည် ဟုလည်း ၎င်းက ဆိုသည်။
ကရင်နီပြည် လူငယ်အင်အားစုမှ အမျိုးသားတန်းတူရေး ပြဿနာအား ဦးစွာဖြေရှင်းနိုင်မှု မရှိချိန်တွင် ဗိုလ်ချုပ်ပုံတူ ကြေး ရုပ်တု မတည်ဆောက်ရန် အမျိုးမျိုး တောင်းဆိုခဲ့သော်လည်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် စီမံဘဏ္ဍာ ဝန်ကြီး ဦးမော်မော်တို့သည် ပြည်နယ်လူထု၏ သဘောဆန္ဒကို လျစ်လျူရှု၍ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား အတင်း အကြပ် ဆောက်လုပ်ခဲ့မှုကြောင့် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆန္ဒပြ ကရင်နီလူငယ်များက ပြောဆို ထားသည်။
ကရင်နီပြည်နယ်တွင် လူထုသဘောဆန္ဒမပါဘဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စိုက်ထူခြင်းအပေါ် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ် ကန့်ကွက်သည့် ကရင်နီပြည်သူလူထုများ၏ သပိတ်စန်းများ ဖြိုခွဲခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများ လုပ်ဆောင် ခဲ့သော ကရင်နီပြည်နယ် အစိုးရအဖွဲ့၏ လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း တိုင်းရင်းသား လူငယ်အင်အားစုများ နှင့် အရပ်ဖက်အဖွဲ့အစည်း အသီးသီးကလည်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။