နိုင်ငံ ၂၉နိုင်ငံ ပါဝင်သည့် အာရှ-ပစိဖိတ်ဒေသ၏ အကြီးမားဆုံး နိုင်ငံပေါင်းစုံ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ရွှေမြွေဟောက် (Cobra Gold) ကို ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်၌ တပ်ဖွဲ့ အင်အား ၁သောင်း ဝန်းကျင်နှင့် အင်္ဂါနေ့က စတင်သည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် ပါဝင်သည့် နိုင်ငံများအကြား အပြန်အလှန်စစ်ဆင်ရေးစွမ်းရည်နှင့် ချစ်ကြည်ရေး ခိုင် မာစေမှု မြှင့်တင်ရန် ရည်ရွယ်၍ လုံခြုံရေး ခြိမ်းခြောက်မှုနှင့် အမျိုးသား သဘာဝ ဘေးတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဦး တည်ကျင်းပခြင်းဖြစ်သည်။
ထိုင်းနှင့်အမေရိကန်တို့က နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုတွင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးပြီး စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် မလေးရှားတို့က လေ့ကျင့်မှုအတွင် အပြည့်အ၀ ပါဝင်ကြကာ တရုတ်နှင့်အိန္ဒိယတို့က ကန့်သတ်ထားသောမူဘောင်ဖြင့် လာရောက် ပေါင်း စပ်ကြသည်။
အက်တော့ဆာရော့ စစ်စခန်းတွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ ဘန်ကောက်မြို့ အမေရိကန် သံရုံး ယာယီ တာဝန်ခံ ပီတာဟေမွန်က တက်ရောက်၍ အမှာစကားပြောကြားရာ၌ ယခု စစ်ရေး လေ့ကျင့်မှု၏ သိသာ ထင်ရှားသော ဆောင်ရွက် ချက် အနေဖြင့် ယမန်နှစ်က နိုင်ငံတကာ ကျွမ်းကျင် အဖွဲ့များ ပူးပေါင်း၍ ထိုင်းလိုဏ်ဂူအတွင်း ဘောလုံးသမားလေး များကို မှတ်မှတ်ရရ ကယ်ထုတ်ခဲ့ရ သည့် ဖြစ်စဉ်အပါအဝင် လူသားချင်းစာနာမှုနှင့်သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများအဖြစ် သက်သေပြခဲ့ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Cobra Gold စစ်ရေးလေ့ကျင့်မှုသည် အမေရိကန်-ထိုင်းစစ်ရေးဆက်နွှယ်မှုကို ကိုယ်စားပြု ဂုဏ်ပြု လျက် ၁၉၈၂ ခုနှစ်က တည်း တင်ဆက်ခဲ့ခြင်းဖြစ်သည်။
ယခု စစ်ရေးလေ့ကျင့်မှုတွင် စားပွဲဝိုင်း သင်ခန်းစာများ၊ ကွင်းဆင်း လေ့ကျင့်ခန်းများနှင့် လူသားစာနာ မှု အထောက်အပံ့နှင့် သဘာဝဘေး ကယ်ဆယ်ရေး အများအပြားပါဝင်ထားသည်။
တရုတ်နှင့်အိန္ဒိယတို့က လူသားချင်း စာနာမှု အထောက်အပံ့ ပေးရေး လေ့ကျင့်မှုတွင် ပါဝင်ကြမည်ဖြစ်သည်။
အမေရိကန်က ယခုနှစ်အတွက် တပ်ဖွဲ့ဝင်အင်အား ၄၅၀၀ စေလွှတ်ပေးပြီး၊ ဂျပန်က အင်အား ၁၇၀ နှင့် C-130 သယ်ယူပို့ဆောင်ရေးလေယာဉ် စေလွှတ်ပေးသည်။
ယခုနှစ် လေ့ကျင့်မှုမှာ ၃၈ ကြိမ်မြောက်ဖြစ်ပြီး၊ အင်္ဂ ါနေ့ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ ကိုယ်စားပြုတက် ရောက်ခြင်း မရှိပေ။ ယခုနှစ်အတွက် မြန်မာက လေ့လာသူအနေဖြင့် အခြား ၉ နိုင်ငံနှင့်အတူ ပါဝင်မည်ဖြစ်သည်။