ထိုင်းမင်းသမီးကြီး ဦးဘိုလ်ရတနာ ရာဂျာကန်ရာ သီရိဗက်ဓန ဘန်နာဗာဒီက တော်ဝင်မိသားစု၏ အစဉ်အလာကို ဖောက်ဖျက်၍ နိုင်ငံရေး အသိုင်းအဝန်းသို့ ဝင်ရောက်ရန် ကြိုးစားမှုနှင့် ပတ်သက်၍ သူမ၏ ပထမဆုံး သဘောထား မှတ်ချက်ကို Instagram လူမှုကွန်ရက်တွင် အင်္ဂါနေ့က ရေးသား ထုတ်ဖော်ခဲ့သည်။
Nichax ဟုသော အမည်ကို သုံး၍ ရေးသား လွှင့်တင်ရာတွင် တိုင်းပြည်ဘေးကျပ်နံကျပ် ဖြစ် နေမှု အပေါ် အကူအညီ ပေးရန် သူမအနေဖြင့် အာရုံစိုက်မိခြင်းကို ဝမ်းနည်းမိကြောင်း ဖော်ပြထားသည်။
“တိုင်းပြည်နဲ့ ကျမတို့ ပြည်သူတွေကို ကူညီဖို့ ရိုးရိုးသားသား ရည်ရွယ်မိတာက ဒီနေ့ဒီအသက် အရွယ် မှာ မလိုလား အပ်ဘူး လို့ ရှုမြင်ပြီး ပြဿနာတွေပေါ်စေခဲ့လို့ ကျမ ဝမ်းနည်းမိပါတယ်” ဟု ၎င်း၏ ပို့စ်တွင် ဖတ်ရှုရသည်။
အဆိုပါ ပို့စ်ကို အင်္ဂါနေ့ ည ၁၁နာရီ ၃၅ မိနစ်တွင် စတင်လွှင့် လိုက်ရာ သူမ၏သဘောထား ထုတ်ဖော်မှု ကို like ပေါင်းရာနှင့်ချီ၍ အလျင်အမြန် တက်လာခဲ့ပြီး ဆန့်ကျင်ဘက် သဘောထား မှတ်ချက်များ မတွေ့ရပေ။
ဝင်ရောက်ရေးသားကြသည့် သဘောထား မှတ်ချက်များတွင် လေးစားသမှုနှင့်ချစ်မြတ်နိုးမှုတို့ကို ညွှန်းဆိုသော စိတ်ခံစားမှုပြသင်္ကေတ နှစ်ခုသာ ပါဝင်ကြကြောင်း လေ့လာတွေ့ရှိရသည်။
အဆိုပါ မင်းသမီးကြီးသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၈ ရက်နေ့က ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ကို သစ္စာခံသော ပါတီမှနေ၍ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း ခဲ့သော်လည်း မောင်ဖြစ်သူ ဘုရင် ဗာဂျီယာလောင်ကွန်က ထိုနေ့နှောင်းပိုင်းတွင်ပင် သူမ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည် မသင့်တော်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း မညီကြောင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် လာမည့် မတ်လ ၂၄ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။