ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာယာကုန်း ကျေးရွာ အုပ်စု အတွင်း ရာအိမ်မှူး အဖွဲ့ဝင် ၁ ဦး ဖြစ်သူ အသက် ၅၀ ကျော် အရွယ် ဦးမောင်ကျော် ဆိုသူသည် ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းက သေနတ်နှင့် ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သတင်း ရရှိသည်။
ယမန်နေ့ ည ၈ နာရီကျော် အချိန်က နေအိမ်တွင်းသို့ အမည်မသိ သေနတ်သမား ၂ ဦး ဝင်ရောက်လာကာ ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း သာယာကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းက ပြောသည်။
ဦးမောင်ထွန်းက“နေအိမ်ထဲမှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာပါ။ အဲဒီ အချိန် လူ ၂ ယောက်က ဝင်လာပြီး တ ယောက် က ကိုမောင်ကျော်ကို သေနတ်နဲ့ ပစ်သွားတယ်လို့ ပြောပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သာယာကုန်း ကျေးရွာ အုပ်စုတွင် ကျောက်ခုတ်ကျေးရွာ အပါအဝင် ကျေးရွာ ၆ ရွာရှိပြီး ပစ်သတ် ခံလိုက်ရသည့် ဦးမောင်ကျော် သည် ကျေးရွာ အုပ်စုတွင် ရာအိမ်မှူး အဖွဲ့ဝင်တဦး ဖြစ်သလို ကျောက်ခုတ်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ တဦး လည်း ဖြစ်သည်။
ကျောက်ခုတ် ကျေးရွာ တာဝန်ခံ ဦးမောင်ကျော် ပစ်သတ်ခံရချိန်တွင် မိသားစုဝင်များက ရွာထဲသို့ ရောက်ရှိနေကြောင်း ဒေ သခံ ကျေးရွာသား များထံမှ သိရသည်။
သာယာကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းက“သူတို့မှာ မုန့်ဖို တခုရှိတယ်။ မိသားစုဝင်တွေက ရွာထဲကမုန့်ဖိုကို ရောက်နေတယ်လို့ ပြောတယ်။ သမီးလေး တဦးကတော့ အဖေနဲ့ နေအိမ်မှာပဲ ကျန်နေခဲ့တယ်လို့ သိရတယ်။ အသတ်မခံရ ခင် သူ့သမီးလေးကလည်း ဘေးနားက အိမ်သွားပြီး မီးလှုံနေတော့ အဲဒီမှာ သေနတ်ပစ်သံကိုကြားမှ အဲဒီကလေးမလေးက အိမ်ကိုပြေးလာတဲ့ အချိန် လူ ၂ ယောက် ထွက်သွားတာကို မြင်လိုက်ရတယ်လို့ ပြောပါတယ်”ဟု ပြောပြသည်။
ယင်း ပစ်ခတ်မှုကြောင့် ဦးမောင်ကျော်မှာ နေရာတွင်ပင် သေနတ်ဒဏ်ရာ ၄ ချက်နှင့် သေဆုံးသွားခဲ့ပြီး လက်ရှိ အချိန်တွင် ရုပ်အလောင်းအား မင်းပြား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း မင်းပြားမြို့မ စခန်းမှူး ဒုရဲမှူး မြဇော်က ပြော သည်။
ဒုရဲမှူး မြဇော်က“ကျနော်တို့ အလောင်းကို ဆေးရုံပို့ဆောင်နေတုန်း အချိန်မို့ အသေးစိတ်တော့ မပြောနိုင်သေးပါဘူး။ အသတ် ခံရတဲ့ ဖြစ်စဉ်ကတော့ မှန်ပါတယ်”ဟု ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
ကျောက်ခုတ် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးမောင်ကျော်သည် ကျေးရွာအုပ်စု အတွင်း သာရေး၊ နာရေး ကိစ္စများတွင် တက်ကြွစွာ ဆောင်ရွက် လုပ်ကိုင်သူတဦး ဖြစ်ပြီး ယခင်ကလည်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တွင် ဆယ်အိမ်မှူး၊ ရာအိမ် မှူး စသည့် တာဝန်များကို ထမ်းဆောင် လုပ်ကိုင်လာသူ တဦးလည်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်း ကျေးရွာ တချို့တွင် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များက ခတ်စိတ်စိတ် ဖြစ်ပွား နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လုပ်ကြံ သတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့် အတူ တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ဇန်နဝါရီလ၂၂ ရက် ည ၉ နာရီ ကျော် အချိန်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်း ကျေးရွာသား ဦးမောင်အေးသိန်း ( ၅၆) နှစ် ဆိုသူသည် အမည်မသိ သေနတ်သမား၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်ကလည်း မြေပုံမြို့နယ် ကြာအင်းတောင် ကျေးရွာတွင် နေထိုင်သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ပါတီမှ ဗဟို ကော်မတီဝင်တဦး ဖြစ်သည့် ဦးခင်သန်းမောင် သည်လည်း နေအိမ်တွင် တဦးတည်း တီဗီ ကြည့်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။