ဒေလီမြောက်ပိုင်း ကာရို ဘက်ဂ် ရှိ အထပ် ၅ ထပ်မြင့်သော ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မီးအကြီးအကျယ် လောင်ကျွမ်းပြီးနောက် မြန်မာဗုဒ္ဓဘာသာ ဘုရားဖူးနှစ်ဦးသေဆုံးပြီး ၎င်းတို့နှင့်အတူလိုက်ပါလာသော အမျိုးသမီး ဧည့်လမ်းညွှန်မှာ နှစ်ထပ်မှ ခုန်ဆင်းလိုက်သောကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ဒေလီရှိ မြန်မာသံရုံးက ပြောသည်။
ထိုဘုရားဖူးနှစ်ဦးတို့သည် လူ ၇ ဦးပါဝင်သော ဘုရားဖူးအဖွဲ့မှဖြစ်ပြီး အိန္ဒိယနိုင်ငံတဝှမ်းမှ ဘုရားဖူးလာသူများဖြစ်သည်ဟု ထိုအရာရှိကပြောသည်။
အခြားသူ ၁၅ ဦးသေဆုံးစေသည့် မီးလောင်မှုအတွင်း မြန်မာနိုင်ငံမှ ဘုရားဖူးနှစ်ဦး အသက်ဆုံးရှုံးပြီး တဦး ဒဏ်ရာရရှိကြောင်း မြန်မာဘာသာဖြင့် ထုတ်ပြန်သည့် ဖေ့ဘွတ်စာမျက်နှာတွင် ဒေလီရှိမြန်မာသံရုံးက ဖော်ပြထားသည်။
“အဖွဲ့ဝင် ၇ ဦးပါသော မြန်မာဘုရားဖူးအဖွဲ့သည် ဟိုတယ်တွင် တည်းခိုနေချိန်ဖြစ်သည်။ ထိခိုက်သူများအတွက် လိုအပ်သောအကူအညီများကို ဒေလီရှိ မြန်မာသံရုံးနှင့်သံဃာတော်များက ဆေးရုံတွင် ပံ့ပိုးပေးနေသည်” ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုဘုရားဖူးအဖွဲ့သည် ဘီဟာပြည်နယ် ဗုဒ္ဓဂါယာမှ ဓာတ်ပုံဆရာတဦးကိုလည်း ငှားရမ်းထားပြီး ထို ဓာတ်ပုံဆရာလည်း မီးလောင်မှုတွင် သေဆုံးသွားသည်ဟု အထက်ပါ အရာရှိက ပြောသည်။
မီးလောင်သေဆုံးသည့် မြန်မာနိုင်ငံသားများမှာ တိုက်ကြီးမြို့နယ် မှ အသက် ၆၆ နှစ်အရွယ် ဒေါ်လှမေ နှင့် အသက် ၄၄ နှစ်အရွယ် ဒေါ် မြမြဌေးတို့ဖြစ်သည်ဟု သိရသည်။
ဒဏ်ရာရသူများသည် ဟာဟင်းမယ်တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းနှင့် အခြားမြန်မာနိုင်ငံသား ၄ ဦးတို့သည် Hotel Metro View တွင် ဆက်လက်တည်းခိုနေကြောင်းလည်းဖော်ပြသည်။
အဖွဲ့နှင့်အတူလိုက်ပါလာသော အသက် ၃၃ နှစ်အရွယ် မြန်မာဧည့်လမ်းညွှန် ချန်းချန်းသည် ဒုတိယထပ်မှ ခုန်ချခဲ့သဖြင့် လွတ်မြောက်ကြောင်း၊ ခြေထောက်ကျိုးသွားသဖြင့် ဟာဒင်းမယ်တော်ကောလိမ်ဆေးရုံတွင် ကုသမှုခံယူနေသည်ဟု သိရသည်။
“သူတို့တွေက မြန်မာနိုင်ငံကနေ ဒေလီကိုလာကြတယ်။ ဒေလီကိုမလာခင် ဗုဒ္ဓဂါယာကို ရောက်ခဲ့တယ်။ ဘုရားဖူးထွက်လာတာပေါ့။ ကွယ်လွန်သူတွေရဲ့ မိသားစုတွေကို အကြောင်းကြားထားပြီးပါပြီ။ လုပ်ထုံးလုပ်နည်းတွေ လုပ်ပြီးရင် အလောင်းတွေကို မြန်မာနိုင်ငံကို ပြန်ပို့မှာပါ” ဟုလည်း သံရုံးအရာရှိပြောသည်။
“သူတို့ဒီနေ့ ဗာရာဏသီကို သွားဖို့စီစဉ်ထားတာ” ဟုလည်း သူပြောသည်။
ဘုရားဖူးအဖွဲ့သည် ထိုမြို့မှ ISCKON ဘုရားကျောင်းအနီးရှိ အာသောက ကျောက်စာတိုင်များသို့သွားရောက်ရန်လည်း စီစဉ်ထားသည်ဟု မြန်မာဘုရားဖူးများကို ကူညီနေသော သံဃာတော် ဦးဂျန်ဒိကပြောသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဟိုတယ်အတွင်း မီးအကြီးအကျယ်လောင်ကျွမ်းပြီး အနည်းဆုံး ဧည့်သည် ၁၅ ဦးသေဆုံးသည်ဟု အာဏာပိုင်များပြောသည်။ လျှပ်စစ်ချို့ယွင်းမှုကြောင့်မီးလောင်သည်ဟု သံသယရှိကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုများအရသိရသည်။
ကိုးကား ။ ။ NDTV