တပ်မတော်က အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခြင်းကြောင့် ထောင်ဒဏ် ၆ လ ကျခံနေရသည့် ကချင်လူငယ် ခေါင်းဆောင် ၃ ဦးကို နိုင်ငံတကာ ကချင် ကွန်ဂရက် (WKC) က ကချင် လူ့အခွင့်အရေးဆု ပေးလိုက်သည်ဟု သတင်း ရရှိသည်။
ကချင် လူ့အခွင့်အရေးဆု ရရှိသည့် ကချင် လူငယ်ခေါင်းဆောင် ၃ ဦးမှာ ထွယ်ဂျန်ဒါ ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်နန်ပူ၊ ကချင် အမျိုးသား လူမှု ဖွံ့ဖြိုးရေး အသင်းမှ ဦးဇော်ဂျက်နှင့် တရားလွှတ်တော်ရှေ့နေ ဦးလွမ်းဇောင်းတို့ ဖြစ်သည်။
၎င်းတို့သည် “ပိတ်မိ ပြည်သူများ လွှတ်ပေးပါ” ဆန္ဒပြပွဲတွင် တပ်မတော်ကို ဂုဏ်သိက္ခာ ကျစေသည့် အသုံးအနှုန်းများ သုံးခဲ့သည်ဟု ဆိုကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကြည်းတပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားရုံးကို ဦးတိုက် လျှောက် ကာ ပုဒ်မ ၅၀၀ ဖြင့် ၂၀၁၈ ခုနှစ် မေလ အတွင်းက တရားစွဲဆိုခဲ့ခြင်းကြောင့်၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် တရားရုံး က ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ကျပ် ၅ သိန်းစီ ချမှတ်ခံထားရခြင်း ဖြစ်သည်။
ဆုပေးပွဲ ဖြစ်မြောက်ရေး ကော်မတီမှ ဦးစတီဗင်နော်အောင်က“တကမ္ဘာလုံးမှာရှိတဲ့ ကချင်တွေရဲ့ စည်းလုံး ညီညွတ်မှု၊ အထူး သဖြင့် ပြင်ပမှာရှိတဲ့ ကချင်တွေရဲ့ အားပေးမြှင့်တင်ချင်တဲ့ စီစဉ်မှုပါ။ ကျနော်တို့က ပြည်တွင်းကနေ ပြန်ပူးပေါင်းပြီး ဒီက လူကြီးတွေ အဖွဲ့အစည်းတွေနဲ့ ချီးမြှင့်ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် ကချင်ရိုးရာ ယဉ်ကျေးမှု မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကချင်ဘာသာရေး ဆရာများ၊ ကချင် အရပ်ဘက် အဖွဲ့အစည်းများ၊ ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ ပါဝင် ကျင်းပခဲ့ပြီး ဆုလက်မှတ်များကို အကျဉ်းကျနေသည့် ကချင်လူငယ် ခေါင်းဆောင် ၃ ဦး၏ မိသားစု ဝင်များက လက်ခံ ရယူခဲ့သည်။
ဆုလက်မှတ် တံဆိပ်များ အပြင် ဆုရသူ ၃ ဦးကို တဦးလျှင် ကျပ် သိန်း ၄၀ ကျပ်စီလည်း ဆုငွေ အဖြစ် ပေးအပ်လိုက်ပြီး ကချင် လူမှု အသိုင်းအဝိုင်းတွင် ကချင် လူ့အခွင့်အရေးဆု ချီးမြှင့်ပေးခြင်း ခံရသည်မှာ ၎င်းတို့ ၃ ဦးက ပထမဆုံး ဖြစ်သည် ဟုလည်း ဦးစတီဗင်နော်အောင် က ဆိုသည်။
ကချင် ဘာသာဖြင့် “MUSHE” (မူရှယ်) – ကချင် လူ့အခွင့်အရေးဆုဟု အဓိပ္ပာယ်ရသည့် ဆုများပေးရခြင်း ရည်ရွယ်ချက်မှာ လူငယ်ခေါင်းဆောင် ၃ ဦးကို ဂုဏ်ပြုလိုသည့် အပြင် အခြား ကချင်လူငယ်များကိုလည်း တရားမျှတမှု၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားစေလိုပြီး မြန်မာ့ ဒီမိုကရေစီအရွေ့ကို အောင်မြင်စေရန် တကမ္ဘာ လုံးတွင် ပျံ့နှံ့ နေထိုင်နေသည့် ကချင် လူမျိုးအားလုံး စည်းစည်းလုံးလုံးဖြင့်ရှိရန် တွန်းအား ပေးနေကြောင်းကို ပြသလိုခြင်း ဖြစ်သည်ဟု ဦးစတီဗင်နော်အောင်က ဆိုသည်။
ဆုပေးပွဲ ဖြစ်မြောက်ရေး ကော်မတီမှ မဆွတ်ဆိုင်းထွယ်ကလည်း“သူတို့ ၃ ဦးမို့လို့ ဒီဆုကို ချီးမြှင့်တာ မဟုတ်ဘူး။ ဒီနေရာ မှာ ဘယ်သူမဆို တရားမျှတမှု အတွက် လူ့အခွင့်အရေး အတွက် မားမားမတ်မတ်နဲ့ ရပ်တည်ပေးမယ် ဆိုရင် တဦးနဲ့ တဦး ချီးမြှောက်ခြင်းဟာ ထိုက်တန်တယ်လို့ ကျမ အနေနဲ့ ပြောချင်ပါတယ်”ဟု ပြောဆိုသည်။
အကျဉ်းကျနေသည့် ၃ ဦး အနက် ဒေါ်နန်ပူမှာ ဆီးချိုရောဂါ၊ အဆုတ် တီဘီရောဂါအခံများ ရှိသဖြင့် ကျန်းမာရေး အနည်း ငယ် ချို့တဲ့နေသည်ဟု မဆွတ်ဆိုင်းထွယ်နှင့် ဦးစတီဗင်နော်အောင်က ပြောသည်။
ဦးစတီဗင်နော်အောင်က“သူတို့ ဆောင်းတွင်းတုန်းက အေးတဲ့ဒဏ်ကို တော်တော်ခံရတယ်။ အခုဆောင်းကုန် လာတော့ ခြင်တွေ တအား ပေါလာတယ်။ ခြင်ထောင် ထောင်ခွင့် မရှိတော့ ခြင်ကိုက်ခံရတဲ့ အတွက် ငှက်ဖျားတွေ စိုးရိမ်ရတယ်။ ကျန်းမာရေးက အထူးသဖြင့် ဆရာမနန်ပူဆို အဆုတ် တီဘီအခံရှိတော့ သူ့အတွက် ကျန်းမာရေး ထိခိုက်ပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်သည့် ဒေါ်နန်ပူ၊ ကိုလွမ်းဇောင်းနှင့် ဦးဇော်ဂျက် တို့ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားရင်း ထောင်ကျသွားခြင်း ဖြစ်သဖြင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ကလည်း နိုင်ငံရေး အကျဉ်းသားများ အဖြစ် သတ်မှတ်ထားသည်။
ဒေါ်နန်ပူ၊ ကိုလွမ်းဇောင်းနှင့် ဦးဇော်ဂျက်တို့ ဦးဆောင်သည့် “ပိတ်မိပြည်သူများ လွတ်မြောက်ရေး” ဆန္ဒ ပြပွဲများ ပြုလုပ် နေစဉ်က တနိုင်း၊ အင်ဂျန်းယန်၊ ဝိုင်းမော်နှင့် ဖားကန့်မြို့နယ် တို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ ကျော် ထွက်ပြေးခဲ့ရပြီး ထိုသူများထဲမှ ၂၀၀၀ ကျော်သည် တောလမ်းများတွင် ပိတ်မိနေကြသည်။
ထိုစဉ်က ဖားကန့်မြို့နယ် လိုင်နောင်ခူး ကျေးရွာမှ ထွက်ပြေးလာသည့် ဒေသခံ ၁၅၀ ကျော်ကို တပ်မတော်က ရွာသို့ ပြန်ရန် အဓမ္မ ခိုင်းစေခဲ့ပြီး လမ်ပြခိုင်းသဖြင့် လမ်းတွင် အရပ်သား တဦး မိုင်းထိကြောင်း၊ ကျန်အရပ်သားများ၏ ဖုန်းများကို လည်း တပ်မတော်က သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ရက် ၂၀ ကျော်ကြာပြီးနောက်တွင် ရာချီသည့် ဆန္ဒပြလူငယ်များက ကချင်ပြည်နယ် ဝန်ကြီးချုပ်ရုံး အနီး ထိုင်သပိတ် လုပ် သဖြင့် ဝန်ကြီးချုပ်က ခေါ်တွေ့ကာ ပိတ်မိနေသူများကို ကယ်ထုတ်ပေးရန် သဘောတူခဲ့ပြီးနောက် အရပ်သားများ လွတ်မြောက် လာခဲ့သည်။
ဆန္ဒပြပွဲတွင် “လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထား ဗုံးကျဲခြင်းရပ်”၊ “ပြည်သူများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှု ချက်ချင်းရပ်” ဟူသည့် စကားများ သုံးနှုန်းခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြည်သူများ ထွက်မပြေးနိုင်အောင် တားဆီး ပိတ်ပင်ပြီး ခြိမ်းခြောက်နေသည်မှာ တပ်မတော် ဖြစ်သည်ဟူသည့် စကားများ ပြောဆိုခဲ့သဖြင့် ဒေါ်နန်ပူ၊ ကိုလွမ်းဇောင်းနှင့် ဦးဇော်ဂျက်တို့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကြည်းတပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။