ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိသည့် ကိစ္စနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသော ကယားပြည်နယ်ဝန်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်ပေးရန် ကရင်နီပြည်လူငယ်များအင်အားစုက နိုင်ငံတော် သမ္မတထံ စာပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်နီပြည် လူငယ်များ အင်အားစုက အချက် ၆ချက်ပါသည့် သဘောထား ထုတ်ပြန်ချက် တစောင် ကို ယနေ့ထုတ်ပြန်ရာ အဆိုပါအချက်ကို ထည့်သွင်းတောင်းဆိုခဲ့ပြီး၊ မနက်ဖြန်တွင် သမ္မတဦးဝင်းမြင့် ထံ ပေးပို့ သွားမည် ဖြစ်ကြောင်း ဦးဆောင် သပိတ်ကော်မတီဝင် ခူးရီးရယ်(ခ) ရီးဒူက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ အားကိုးတကြီးနဲ့ ယုံကြည်ပြီးတော့မှ မဲထည့်ခဲ့တယ်။ သူ(ဝန်ကြီးချုပ်)အစိုးရ တက်ဖြစ် တဲ့ အချိန်မှာ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒတွေကို လျစ်လျူရှုတယ်။ လူငယ်တွေ ကို ပုဒ်မအမျိုးမျိုး တပ်ပြီး ဖမ်းချင်သလို ဖမ်း တယ်။ ဒီကိစ္စကို ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါကြောင့် ဝန်ကြီးချုပ် နေရာကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုရခြင်း ဖြစ် တယ်” ဟု ၎င်းက ရှင်းပြသည်။
ယမန်နေ့က လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တု မထားရှိရေး၊ ပြည်နယ် ဝန်ကြီးချုပ် နှုတ်ထွက် ပေးရေးနှင့် တရားစွဲ ခံထားရသော လူငယ် ၅၅ ဦးတို့၏ အမှုများအား ရုပ်သိမ်းပေးရေးအတွက် ချီတက် ဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်မှုကြောင့် ၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီးနောက် ပြည်နယ်အစိုးရနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။
ယင်းတွေ့ဆုံညှိနှိုင်းမှုတွင် ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးနှင့် ပတ်သက်၍ ပြောဆိုရာ ရှင်းလင်း တိကျ သည့် အဖြေကို မရရှိခဲ့ဘဲ နိုင်ငံတော် သမ္မတက တဆင့်ညွှန်ကြားမှ ဖြစ်မည်ဟူသော ပြောဆိုမှုများ ကြောင့် စာပို့ တောင်းဆိုရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် အယ်ဖောင်းရှိုထံ ဧရာဝတီက ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း စက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပါ။
ဗိုလ်ချုပ်ရုပ်တု မထားရှိရေး ကန့်ကွက်ဆန္ဒပြ ဦးဆောင်သူများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ယမန့်နေ့ ညနေက တွေ့ဆုံ ညှိနှိုင်းမှု ပြုပြီးနောက် ကရင်နီပြည်လူငယ်များအင်အားစုက အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် တရားစွဲခံထားရသော ကရင်နီလူငယ် ၅၅ ဦး အမှုအား ရုပ်သိမ်းပေးရန် သဘောတူ ညီထားသည့်အချက် ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန်နှင့် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်စာရင်းအား ပြည်နယ် အစိုးရမှ တရားဝင် ထုတ်ပြန်ပေးရန်လည်း ဖော်ပြထားသည်။
ဆန္ဒပြ ကရင်နီလူငယ်များနှင့် ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီတို့ ကြေးရုပ်ရွှေ့ပြောင်းရေး ညှိနှိုင်း နေစဉ် ၁ လအတွင်း သပိတ်ကို ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်သော်လည်း အပြီးတိုင် ရပ်ဆိုင်းခြင်း မဟုတ်ကြောင်း၊ ညှိနှိုင်းမှု ရလဒ်များအပေါ် မူတည်၍ ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကန့်ကွက်ဆန္ဒပြသူများက ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဗိုလ်ချုပ်ကြေး ရုပ်တု ထားရှိခြင်းသည် ပါတီ၏ မူဝါဒ မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်၏ စီမံခန့်ခွဲမှုနှင့်သာ သက်ဆိုင် ကြောင်း The Voice နှင့် အင်တာဗျူး၌ ဖြေဆိုထားသည်။
“သူ့ပြည်နယ်ရဲ့စီမံခန့်ခွဲမှုနဲ့ပဲ ဆိုင်ပါတယ်။ ပြည်သူရဲ့ မိမိတို့ဆန္ဒအလျောက် မိမိတို့ ကိုယ်တိုင် ကောက်ခံငွေနဲ့ စိုက်ထူတဲ့ ရုပ်ထုမျိုးကိုပဲ ကျနော်တို့ အားပေးတာပါ။ ရုပ်တုကို စိုက်ထူထို့ ညွှန်ကြားချက် ဘယ်တုန်းကမှ မထုတ်ခဲ့ပါဘူး” ဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုပြဿနာကို အစပြုခဲ့သော ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာ ဝန်ကြီးတို့သည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို လွှဲပြောင်းခြင်းသည် ပြည်သူအချင်းချင်းကို ရန်တိုက် ပြီး ပြဿနာကို ပိုမိုဖြစ်ပေါ်လာစေရန် ဖန်တီးနေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီ လူငယ်အင်အားစု ဦးဆောင်သည့် လူအင်အား ထောင်ချီက ဗိုလ်ချုပ်ကြေးရုပ်တု ဖယ်ရှား ပေးရန်၊ ရုပ်တုနှင့်ပတ် သက်၍ အဓိက တာဝန်ရှိသည့် ဝန်ကြီးချုပ် နှင့် စီမံဘဏ္ဍာဝန်ကြီး နှုတ်ထွက် ပေးရန်၊ တရားစွဲခံ လူငယ်များအား ခြွင်းချက် မရှိ လွှတ်ပေးရန် ဟူသည့် အချက် ၃ ချက်ဖြင့် ဖေဖော် ဝါရီ ၁၂ ရက် နံနက်ပိုင်းက လူထုချီတက်ပွဲ ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့၏ အင်အားသုံး ဖြိုခွင်းမှုကြောင့် ရော်ဘာကျည်ဆံထိမှန်သူများ အပါအဝင် အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန် – ကရင်နီ လူထု ဆန္ဒပြပွဲ ရာဘာကျည်ဖြင့် ပစ်ခတ်ခံရမှု ၄ ဦး ဒဏ်ရာရ
ကရင်နီလူငယ်များ ဆန္ဒပြမှုရပ်၊ အမှုများ ရုပ်သိမ်းပေးရန် သဘောတူညီမှုရ