ရန်ကုန်နှင့် မန္တလေးမြို့ နှစ်မြို့အကြား နှိုင်းယှဉ် ပြောဆိုနေမည့်အစား နိုင်ငံ၏ လိုအပ်ချက်နှင့် ပြည်ထောင်စုအကျိုးကို အလေးထား ဆောင်ရွက်ရန်သာ လိုအပ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်နှင့် မန္တလေးမြို့အကြား နှိုင်းယှဉ် ပြောဆိုမှုနှင့် ပတ်သက်ပြီး သတင်း ထောက်များက မေးမြန်းမှုအပေါ် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ဖေဖော်ဝါရီ ၈ ရက်နေ့က ပြုလုပ်သည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ၃ နှစ်မြောက် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင် က “ငါကသာတယ်၊ သူကသာတယ်၊ ငါ့မြို့ကကြီးတယ်၊ သူ့မြို့က သေးတယ်လို့ ဘာမှပြောစရာမလိုဘူး၊ နိုင်ငံ့အကျိုးက ဘာလဲ၊ နိုင်ငံမှာ ဘာတွေလိုအပ်နေသလဲ၊ ပြည်ထောင်စုကြီးမှာရော ဘာတွေလိုအပ်နေလဲ၊ တနိုင်ငံလုံးအရေးကိုသာ ကြည့်ရမယ်” ဟု ပြောသည်။
ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park Conference Hall တွင် ဇန်နဝါရီလ ၂၆ ရက်နေ့က ပြုလုပ်သော Yangon Bar Camp 2019 ပွဲတွင် တက်ရောက်လာသူ တဦးက ရန်ကုန်နှင့် မန္တလေး နှစ်မြို့ အကြား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး နှိုင်းယှဉ် ပြောဆိုနေမှုများနှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မြို့နှစ်မြို့အကြား ကွာခြားမှုကို ထောက်ပြပြောဆိုခဲ့သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “မန္တလေးမြို့ဟာ တအိမ်ချင်းဆီ ဒီအိမ်က ဘယ်သူ့အိမ် ဒီအိမ်ကတော့ဖြင့် ဘယ်သူနေတယ်လို့ ပြောလို့ ရသေးတဲ့ အဆင့်မှာဘဲ ရှိသေးတယ်” ဟု ထောက်ပြရှင်းလင်းသွားသည်ကိုတွေ့ရသည်။
မန္တလေးသည် နယ်မြို့ပုံစံမှာပင်ရှိနေပြီး ရန်ကုန်နှင့် ကွာခြားလွန်းကြောင်း ရန်ကုန်မြို့တွင် Shopping Mall ကြီးတခု တည်ဆောက်လျှင် သိပ်မသိသာသော်လည်း မန္တတွင် Shopping Mall တခုဆောက်လျှင် ချက်ချင်း ပြ၍ရကြောင်းလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ယှဉ်ထိုး ပြောဆိုထားသည်။
NLD အစိုးရလက်ထက်တွင် မန္တလေးမြို့သည် အရှေ့တောင်အာရှမှ စမတ်စီးတီးအဖြစ် တက်လှမ်းနေသော ထိပ်တန်းမြို့ပြ ၅ ခုတွင် ပါဝင်ကြောင်း ကြေညာခံခဲ့ရသည့် မြို့ဖြစ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆောင်ရွက်မှု၊ ဖွံ့ဖြိုးရေးဆောင်ရွက်မှုများ ကိုင်တွယ် ဆောင်ရွက်မှု များနှင့်ပတ်ပြီး လူအများအာရုံစိုက်မိလာကြသည်။
ထို့အပြင် တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က နိုင်ငံတွင်း လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွင် မဟာဗျူဟာ ကျသည့် မန္တလေးတိုင်းအား နိုင်ငံ့စီးပွားရေး မောင်းနှင် အား ၏ ဒုတိယ အင်ဂျင်ဖြစ်ရန် မျှော်မှန်းထားကြောင်း တရားဝင် ထုတ်ပြောသည်။
မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ၃ နှစ်မြောက် အခမ်းအနားတွင် ဒေါက်တာ ဇော်မြင့်မောင်က မဲဆန္ဒရှင် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆိုသည့် မဏ္ဍိုင် ၃ ရပ်တွင် တာဝန် ရှိကြောင်း သတိပေးပြောဆိုသွားသည်။
ဒေါက်တာဇော်မြင့်မောင် က “အခုချိန်မှာ စည်းစည်းလုံးလုံးနဲ့ လက်တွဲဆောင်ရွက်ဖို့ လိုအပ်တယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်မယ် ဆိုတဲ့ ကတိပေးထားတယ်၊ ဒါကြောင့် ညီညီ ညွတ်ညွတ် သွားဖို့လိုတယ်၊ မညီညွှတ်ဘဲနဲ့ ပန်းတိုင် မရောက်နိုင်ဘူး” ဟု ဆက်လက်ပြောသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အောင်နိုင်ရေးကိုလည်း မျှော်လင့်ထားသည်ဟု ဆိုသည်။
“၂၀၂၀ မှာလည်း အနိုင်ရဖို့အရေးကြီးတယ်၊ ကျနော်တို့ ဘာကြောင့် အနိုင်ရချင်သလဲဆိုရင် ဒီမိုကရေစီ အမြစ်တွယ်စေချင်လို့ အနိုင်ရချင်တယ်၊ ဒီတော့ အနိုင်ရဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုရင် ပြည်သူတွေကို ကိုယ်စားပြုနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပဲ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
NLD အနေဖြင့် ပါတီထူထောင်စဉ်အချိန်ကတည်းက ချမှတ်ထားသည့် မူဝါဒများကို ပြောင်းလဲ ပြင်ဆင် ဖြည့်စွက်မှုများ ပြုလုပ်သွားမည် မဟုတ်ဘဲ ချမှတ်ခဲ့သည့်မူဝါဒများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – မန္တလေးကို နိုင်ငံ့စီးပွား ဒုတိယ အင်ဂျင်ဖြစ်ရန် တိုင်းဝန်ကြီးချုပ် မျှော်မှန်း
မန္တလေးကို လှည့်တောင် မကြည့်အားဘူးဟု ရန်ကုန်မြို့တော်ဝန် ပြော