ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၇ ခု၌ ဝက်သက် ရောဂါ ကူးစက် ပျံ့နှံ့မှု ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး ကျန်းမာရေး ဦးစီးဌာနက သိရသည်။
အဆိုပါ မြို့နယ် ၇ မြို့နယ် ဖြစ်သည့် ဒဂုံ အရှေ့၊ ဒဂုံ တောင်၊ ဒဂုံ ဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန် တို့တွင် ဝက်သက် ရောဂါနှင့် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းကို ပြုလုပ်မည်ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ဗဟို တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ဒေါက်တာ အောင်နိုင်ဦးက“ဒီလို ကြောက်စရာ ကောင်းတဲ့ ဝက်သက် ရောဂါဟာ ကာကွယ်ဆေးထိုးတဲ့ တမျိုးတည်းက သာ ကာကွယ်နိုင်ပါတယ်”ဟု ပြောပြသည်။
ဝက်သက်ရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းသည် ကာကွယ်ဆေး ထိုးနှံမှု မရှိခြင်းကြောင့် ဖြစ်ပြီး လူဦးရေ ၇၀ ရာခိုင် နှုန်းမှာ ကာကွယ်ဆေး ထိုးထားခြင်း မရှိခြင်း၊ ၁၇ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး ထိုး/မထိုး မသေချာခြင်း၊ ၁၀ ရာခိုင် နှုန်းမှာ ကာကွယ်ဆေး ၁ ကြိမ်သာ ထိုးထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနတွင် ဖေဖော်ဝါ ရီ ၁၃ ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝက်သက် ရောဂါ လက္ခဏာများ အနေနှင့် ဖျားနာခြင်း၊ နှာစေး ချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်းနှင့် မျက်စိ နာခြင်းများ ဖြစ်နိုင်ပြီး ၂ ရက်မှ ၄ ရက် အတွင်း ခန္ဓာကိုယ်၌ အနီစက်များ ထွက်ပေါ်လာနိုင်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဝက်သက်ရောဂါ ဖြစ်သည့် လူ ၁၀၀ တွင် ၃ ဦးမှ ၃၀ အထိ အသက် သေဆုံးနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၈ အထိ အသက် ၉ လမှ ၁၅ နှစ် အတွင်း ရှိသည့် ကလေးငယ်များကို နံနက် ၈ နာရီမှ ညနေ ၄ နာရီ အတွင်း သက်ဆိုင်ရာ မြို့နယ်များတွင် ကာကွယ်ဆေး ထိုးပေးသွားမည် ဖြစ်ကြောင်း တိုင်းကျန်းမာရေး ဦးစီး ဌာနက သိရသည်။
အင်းစိန် မြို့နယ်တွင် နေထိုင်သူ မအေးမြင့်က“သား ၉ လ ပြည့်တုန်းက ကလေးက ဝမ်းသွားနေလို့ ကိုယ်ခံအား နည်းနေ မှာ စိုးတာနဲ့ မထိုးပေးလိုက်ရဘူး။ ခဲအိုက ဝက်သက်ဖြစ်တော့ ကူးမှာ စိုးရိမ်တာ။ သူဝက်သက် ဖြစ်နေမှန်း မသိဘဲ ၃ ရက် လောက် အိမ်မှာ တူတူ ရှိနေခဲ့တာ။ သူကလည်း ဆေးရုံသွားမှ ဝက်သက်မှန်း သိတာဆိုတော့ ကူးမလား ဆိုပြီး စိုးရိမ်နေ တာ။ အခုထိ ဖျားတာနာတာ မရှိသေးတော့ မကူးဘူးလို့ ယူဆရတာပဲ။ ကာကွယ်ဆေး ထိုးမယ့် ရက်ကို သွားထိုးဖို့ လုပ် ထားတယ်”ဟု ဆိုသည်။
ဝက်သက် ရောဂါသည် ပုံမှန် ကာကွယ်ဆေးထိုး လုပ်ငန်း အားနည်းသည့် ဒေသ၊ လူဦးရေများပြီး ဝင်ထွက် သွားလာမှုများ သည့် ဒေသနှင့် ခရီးလမ်း သွားလာရေး ခက်ခဲသော ဒေသများတွင် ဝက်သက် ရောဂါ ဖြစ်ပွားလာသည်ကို တွေ့ရကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ဝက်သက်ရောဂါ ဖြစ်ပွားမှုသည် ၂၀၁၇ ခုနှစ်တွင် မြန်မာ တနိုင်ငံလုံး အနေဖြင့် ၁၂၉၃ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၂၇၆ ဦး အနက် မှ ရန်ကုန်တွင် ၆၄၆ ဦးနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ တနိုင်ငံလုံးတွင် သံသယ ရှိလူနာ ၄၃၂ ဦးအနက်မှ ဓာတ်ခွဲစစ်ဆေး အတည်ပြုချက် ယူပြီးသူ ၂၇၆ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ရန်ကုန်တွင် ၂၆၈ ဦး ဓာတ်ခွဲစစ်ဆေးပြီး အတည်ပြုထားသူ ၂၄၈ ဦး ရှိကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က“၂၀၁၈ တုန်းကဆိုရင် တနှစ်လုံးပေါင်းမှ ၆၄၆ ယောက်။ ဒီ case က တလကျော်ကျော်ပဲ ရှိသေးတယ်။ ၂၄၈ ဦး ဆိုတော့ တော်တော်များနေပြီ။ အဖြစ်အများဆုံးကတော့ ဒဂုံတောင်၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာဒုံ၊ ဒဂုံအရှေ့တွေ”ဟု ပြောသည်။
ဝက်သက်ရောဂါ ဖြစ်ပွားမှုမှ ၇၅ ရာခိုင်နှုန်းသည် ၁၅ နှစ်အောက်ကလေးများဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းသည် လူကြီးများ ဖြစ်ကြောင်းနှင့် အများစုမှာ ကျန်းမာရေး ဝန်ထမ်းများတွင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။