ရခိုင် ပြည်နယ် မာန်အောင်ကျွန်းတွင် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့ပိုင် “ဆင်ပြောင်” အမည်ရှိ သင်္ဘော နစ်မြုပ်မှု တွင် ၁၉ ဦး ပျောက်ဆုံးလျက် ရှိရာမှ စုစုပေါင်း ရုပ်အလောင်း ၉ လောင်း ဆယ်ယူ ရရှိထားကြောင်း သတင်း ရရှိသည်။
ဆယ်ယူ ရရှိထားသော ရုပ်အလောင်း ၉ လောင်း အနက် ဖေဖော်ဝါရီလ ၁၂ ရက်က တွေ့ရှိသော ရုပ်အလောင်း ၈ လောင်း ကို မာန်အောင်မြို့သို့ ပို့ဆောင်ထားကြောင်း မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ပြောသည်။
ဦးမြင့်လှိုင်က“မနေ့က ၈ လောင်း ရတယ်။ ဒီနေ့ ၁ လောင်း ရတယ်။ ၈ လောင်းကတော့ ဒီကို ရောက်နေပြီး။ ကျန် ၁ လောင်းကတော့ မယူရသေးဘူး။ ပင်လယ် ကမ်းစပ်မှာ ကျန်နေသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က တွေ့ရှိသော ရုပ်အလောင်းများမှာ ရေယာဉ်မှူး ဦးထွန်းထွန်း၊ ဦးတင်မောင်ဝင်း၊ ဦးထွန်းအောင်၊ ဦးမြတ်မော်၊ ဦးကျော်ညွန့်၊ ဦးမြတ်ဆွေ၊ ဦးသိန်းလွင်၊ ဦးထွန်းဦး တို့ ဖြစ်ကြပြီး ယနေ့ တွေ့ရှိသည်မှာ ဦးမင်းလွင်၏ ရုပ်အလောင်း ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ အချိန်တွင် သေဆုံးသွားသူများ၏ မိသားစုဝင်များ မာန်အောင်မြို့သို့ ရောက်ရှိနေပြီး ရုပ်အလောင်းများ သဂြိုဟ် ရန်လည်း ပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မိသားစုဝင်တို့ တွေ့ဆုံ ဆွေးနွေးလျက် ရှိကာ ကျန် ပျောက်ဆုံး နေသည့်သူ ၁၀ ဦးကို ဌာနဆိုင်ရာများ ပူးပေါင်း ရှာဖွေလျက် ရှိနေသည်ဟု ဆိုသည်။
အဆိုပါ သင်္ဘောသည် မာန်အောင်မြို့နယ် ဇီးတော ကမ်းခြေနှင့် ၄ မိုင်ခန့် အကွာ ကျောက်ချ ရပ်နားနေစဉ် လှိုင်းပုတ် ရိုက်ခတ်မှုမှ တဆင့် ရေဝင်ပြီး ဇန်နဝါရီလ ၁၁ ရက် နံနက် ၄ နာ ရီ ၃၀ မိနစ်က နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သက် ဆိုင် ရာ တာဝန်ရှိသူများ က ပြောသည်။
ထိုသို့ သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားရာတွင် ပါဝင်ခဲ့သည့် ၂၆ ဦးမှ ၇ ဦး အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့သော်လည်း ၁၉ ဦး ရေထဲမျောပါကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများ အနေဖြင့်လည်း လက်ရှိအချိန်တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်း များကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိသော ရုပ်အလောင်းများနှင့် ပတ်သက်၍ မိသားစုဝင်များ၏ ဆန္ဒ အတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်နေသူ မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်မှ အထွေထွေ မန်နေဂျာ ဦးဇော်ထွန်းလွှင်က ပြောပြသည်။
အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွှင်က“ရုပ်အလောင်းတွေကို မာန်အောင်ဆေးရုံကို ပို့ဆောင်မယ်။ ပြီးရင် မိသားစု ဝင် တွေကို ပြမယ်။ သူတို့ ဘယ်လို ဖြစ်ချင်လဲ၊ ရန်ကုန်ယူချင်တယ် ဆိုရင်လည်း ဆောင်ရွက်ပေးမယ်။ ဒီမှာပဲ သဂြိုဟ် မယ် ဆိုရင်လည်း ဒေသအာဏာပိုင်တွေ၊ နာရေးကူညီမှု အသင်းတွေနဲ့ တိုင်ပင်ပြီးတော့ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် ပေးပါမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးစီးသွားသည့် အချိန်တွင်လည်း ဝန်ကြီးဌာန အနေဖြင့် သေဆုံး သွားသူ ဝန်ထမ်းများ၏ မိသားစုဝင်များအား ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများက ပြောဆိုသည်။
အဆိုပါ ဆင်ပြောင် သင်္ဘော၏ အရွယ်အစားမှာ အလျား ပေ ၁၈၀ ပေ၊ အနံ ပေ ၄၀၊ ရေစူး ၉ ပေ ရှိပြီး ယင်းသို့ နစ်မြုပ် မှု ဖြစ်ပွားခဲ့သည့် အတွက် သင်္ဘော ကိုယ်ထည်လည်း ရေထဲသို့ နစ်မြုပ် ပျောက်ဆုံးလျက် ရှိသည်ဟု ဆိုသည်။
“ဆင်ပြောင်” အမည်ရှိ သင်္ဘောသည် မာန်အောင်ကျွန်းရှိ လက်ဖက်တောကျွန်း မီးပြတိုက်သို့ ပြုပြင်ရန် အတွက် ရန်ကုန် မှ ဖေဖော်ဝါရီလ ၇ ရက်က ရေယာဉ်မှူး ဦးထွန်းထွန်းဦးပါ ၂၄ ဦးနှင့် မီးပြတိုက် ဝန်ထမ်း ၉ ဦး၊ သင်္ဘော စာရင်းတွင် မပါဘဲ ရန်ကုန်မှ လိုက်ပါလာသူ ၁ ဦး စုစုပေါင်း ၃၄ ဦးတို့နှင့် ထွက်ခွာလာခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက် တွင် မာန်အောင် ကျွန်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
မာန်အောင်ကျွန်း သင်္ဘောနစ်မြုပ်မှု ၁၈ ဦးပျောက်ဆုံးနေ
မာန်အောင်ကျွန်းတွင် လူ ၂၅ ဦးပါသည့် သင်္ဘောတစီး နစ်မြှုပ်မှုဖြစ်ပွား