တနင်္သာတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က “ကျမ တနင်္သာရီကို လာတဲ့ အကြောင်းတခုကလည်း အစိုးရအဖွဲ့ကို နည်းနည်း ဆုံးမဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့ နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ဒေသခံတဦးက တနင်္သာရီတိုင်း အစိုးရအဖွဲ့ အလုပ်မလုပ်ကြောင်း ပြောဆို မေးမြန်းမှု အပေါ် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြန်လည် ပြော ဆိုခဲ့ ခြင်း ဖြစ်သည်။
ထို့ပြင် ဒေသခံများအနေဖြင့် အသိပေး ပြောကြားချင်သည့် အကြောင်းအရာများ အားလုံးကို တိုင်ကြားစာ ဌာနသို့ ပေးပို့ရန် တိုက်တွန်းသွားခဲ့ပြီး ရောက်ရှိ လာသမျှ ပြည်သူတို့၏ တိုင်ကြား စာများကို အလေးထား ဆောင်ရွက်ကြောင်းလည်း ဒေါ် အောင်ဆန်းစုကြည်က အသိပေး ပြောဆိုခဲ့ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်မြို့သို့ ယနေ့ နေ့လယ်ပိုင်းက ရောက်ရှိခဲ့ပြီး မြိတ်မြို့ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲ ဆု ချီးမြှင့်ခြင်း အခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။
လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံများက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဒေသ၏ လိုအပ်ချက်များ၊ တိုင်းအစိုးရဖွဲ့၏ ဆောင်ရွက်များနှင့် ပတ်သက်၍ အဓိက ပြောဆို တင်ပြခဲ့ကြသည်။
တွေ့ဆုံပွဲ တက်ရောက်လာသည့် ဒေသခံတဦးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကဲ့သို့ ၂၀၂၀ တွင် NLD အပြတ်အ သတ် အနိုင်ရရှိရန် လက်ရှိအုပ်ချုပ်နေသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးကို အမြန်ဆုံး ဖယ်ရှား ရှင်း လင်းပေးရန် ပြောဆိုသည်ကို တွေ့ရသည်။
အဆိုပါ ပြောဆိုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ ဆောင်ရွက်တယ်ဆိုရင် နိုင်ငံအတွက် ကောင်းဖို့ပါ။ မဲနိုင်ဖို့ မဟုတ်ပါဘူး” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ယနေ့ တွေ့ဆုံပွဲနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ဘယ်လိုပဲပြောပြော ခုလို ပွင့်ပွင့်လင်း လင်း ပြောတာကို သဘောကျတယ်။ ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာကို ကြားချင်လို့ ကျမ ဆင်းလာ တာပဲ ဖြစ်တယ်။ ဒီဆွေးနွေးပွဲမှာ တင်ပြတဲ့ ကိစ္စတွေ အားလုံးကို အလေးအနက်ထားမှာ ဖြစ်ပါတယ်။ တချို့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ မဖြေရှင်း ပေးနိုင်ဘူးဆိုရင် ဘာကြောင့်ဆိုတာ အကြောင်းပြပါမယ်။ ဖြေရှင်းပေးနိုင်တဲ့ဟာတွေကို အမြန်ဆုံးလည်း ဖြေရှင်းပေးမယ်” ဟု ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကော့သောင်းနှင့် ထားဝယ် မြို့နယ်များသို့ သွား ရောက်ရန်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နှင့် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးတို့သည် ဆွေးမျိုးနီးစပ်သူများအား လုပ်ပိုင်ခွင့် ချထားပေးမှု၊ ကိုယ်ရေးအရာရှိ ခန့်အပ်မှုတို့နှင့် ပတ်သက်၍ အဂတိလိုက်စားမှု ရှိမရှိ စစ်ဆေးပေးရန် ထားဝယ် နှင့် မြိတ်ဒေသခံ ၁၀၀ ကျော် လက်မှတ်ရေးထိုးကာ NLD ဗဟိုသို့ တိုင်ကြားထားသည်။
ထို့ပြင် တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး လက်မှတ်ရေး ထိုး၍ ဝန်ကြီးချုပ်အပေါ် ပြည်သူများ၏ တိုင်ကြားမှုများနှင့်အတူ လွှတ်တော်၏ တွေ့ရှိ ချက် အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတတို့ထံ ပေးပို့ထားသည်။
ယခု ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်း ခရီးစဉ်တွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အပေါ် တိုင်ကြားထားသည့် ကိစ္စများနှင့် ပတ်သက်၍ တစုံတခု အဖြေထွက်လာမည်ကို ဒေသခံများက မျှော်လင့်နေကြသည်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဝေဖန်မှုများ ထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ ရှင်းစရာ မလိုကြောင်း၊ အချိန်တန်လျှင် သိသွားမည်ဖြစ်ကြောင်း၊ ၎င်းအား တာဝန်မှ အနားပေးမည် ဆိုပါကလည်း နားမည်ဖြစ်ကြောင်း ဧရာဝတီ သတင်းကို ပြောဆိုထားပြီး ဖြစ်သည်။
ယနေ့ မြိတ်ခရီးစဉ်အတွင်း မြိတ် ပုလဲရတနာ ခန်းမရှေ့တွင် ဒေသခံအချို့က ‘တနင်္သာရီတိုင်း ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ အမြန်ဆုံး ပြောင်းပေး’ ‘တိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးအား ဖယ်ရှားပေး’ ‘အမေ တနင်္သာရီကို လူစားလဲပေးပါ’ ‘၂၀၂၀ တွင် NLD ပါတီ အပြတ်အသတ် အနိုင်ရလိုပါက ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုး စီမံ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း ဖယ်ရှား ပေးပါ’ ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်ဆန်းကစ၍ ချင်း၊ ကချင်၊ ရှမ်းပြည်နယ်သို့လည်း သွားရောက်ကာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။