မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တပ်ဦး(ABSDF) အနေဖြင့် ကချင်ပြည်နယ် ပါဂျောင်ဒေသ၌ အသတ်ခံ ခဲ့ရသည့် ကျောင်းသား ရဲဘော်များနှင့် ပတ်သက်၍ အသိအမှတ်ပြု စေလိုပြီး၊ အမှားများကိုလည်း ဝန်ချ တောင်းပန်ရန် တာဝန်ရှိကြောင်း လိုင်စင်စခန်းမှ လွတ်မြောက် လာသူ ABSDF မှ ရဲဘော်ဟောင်းများက ပြောသည်။
ABSDF(မြောက်ပိုင်း)မှ ရဲဘော်များ ပါဂျောင်ဒေသတွင် သတ်ဖြတ်ခံရ၍ ကျဆုံးသွားခြင်း ၂၇နှစ် မြောက် အထိမ်းအမှတ်နေ့ ကို ယမန်နေ့က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်း ဘုံပျံတောရ၊ မြဝတီမင်းကြီးကျောင်းတိုက်အတွင်းရှိ ငြိမ်းချမ်းရေး ရင်ပြင်တွင် ပြုလုပ်စဉ် ထိုသို့ ပြောခြင်းဖြစ်သည်။
ABSDF (မြောက်ပိုင်း) ရဲဘော်ဟောင်း ကိုညီညီကျော်က “ဒီကနေ့ ABSDF ဟာ ကောင်းမွေ ဆိုးမွေ ခံရမယ့် နေရာမှာ ကောင်းမွေပဲ ယူပြီး၊ ဆိုးမွေနဲ့ ပတ်သက်ရင် တာဝန်ယူခြင်း မရှိဘူး၊ ကျနော်တို့ အလိုလားဆုံးက ကျဆုံးသွားသူတွေဟာ တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေ ဖြစ်ခဲ့တယ်ဆိုတာကို အသိအမှတ်မပြုတာကိုတော့ ပွင့်ပွင့် လင်းလင်း ပြောရင် မကျေနပ်ဘူး၊ အနည်းဆုံး ဝန်ချတောင်းပန်တာမျိုး ဖြစ်သင့်တယ်”ဟု ဆိုသည်။
ထိုအခမ်းအနားကို ၂၀၁၂ခုနှစ်က စတင်၍ ပါဂျောင်ဒေသ၊ လိုင်စင်စခန်းမှ လွတ်မြောက်လာသူ ABSDF မှ ရဲဘော် ဟောင်းများမှ စုပေါင်း ပြုလုပ်ကြခြင်း ဖြစ်သည်။
အလားတူ ရဲဘော်ဟောင်း ကိုတိုးကြည်ကလည်း “ဒီနေ့ ဒီအချိန် ရောက်တိုင်း ကျဆုံးသွားတဲ့ သူငယ် ချင်းတွေ၊ ရဲဘော် တွေ အတွက် တသက်လုံး သတိရနေမှာပါ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ မှားပါ တယ်ဆိုတဲ့ ဝန်ခံမှုတခု ပြုခဲ့ရင်တောင် ကျေ နပ်တယ်၊ ဒါပေမယ့် အဲဒီလိုမျိုး မလာခဲ့ပါဘူး” ဟုဆို သည်။
ထို့အပြင် “လက်ရှိ မြောက်ပိုင်း ABSDFမှာ ဥက္ကဌလုပ်နေတဲ့ ကိုလှဆိုင်း၊ အခု စစ်ရေးတာဝန်ခံဖြစ်ပြီး အဖမ်းခံထားရတဲ့ ကိုအောင်ဆွေဦး စတဲ့သူတွေက အဲဒီတုန်းက ကိုယ်တိုင် ပါခဲ့ပေမယ့် ဒီအချိန်မှာ သူတို့ ပါဝင်ပတ်သက်မှု မရှိသလို ပြောနေတယ်၊ အဲဒီတုန်းက သူတို့ ကိုယ်တိုင် ရက်ရက်စက်စက် နှိပ်စက်ခဲ့တယ်၊ သတ်ဖြတ်တဲ့အချိန်မှာလည်း သူတို့ ကိုယ်တိုင်ပါခဲ့ တယ်”ဟု ကိုတိုးကြည်က ဆက်လက် ပြောသည်။
ကချင်ပြည်နယ် ပါဂျောင်ဒေသ၌ ABSDF – NB) အဖွဲ့ဝင် ၁၀၇ ဦးအား ထောက်လှမ်းရေးဟု စွပ်စွဲကာ ဖမ်းစီးစစ်ဆေးမှု များပြုလုပ်ရာပြီး ကျောင်းသူ တဦးအပါအဝင် ၃၅ ဦး အသတ်ခံခဲ့သည်။
ထိုစဉ်က လွတ်မြောက်ခဲ့သူ ကိုကျော်ဇင်ထွန်း ကလည်း “သူတို့ပြောတာက ကြာလည်းကြာသွားပြီ၊ သူတို့ ဆုပ်ကိုင်ထား တာက အကုန်လုံးမဟုတ်တောင်မှ တယောက်တလေက ပြိုကွဲအောင် လုပ်ခဲ့သူ တွေ ဆိုပြီးတော့ ဆုပ်ကိုင်ထားဆဲပဲ၊ သက် သေလည်း မပြနိုင်ဘူး၊ ရှင်းလည်း မရှင်းနိုင်ဘူး၊ ငြင်းတုန်း ရှောင်တုန်းပဲ၊ ဒါ မရိုးသားမှုပဲ၊ အပြစ်ကျူးလွန်တဲ့သူတွေကို အရေးမယူဘဲနဲ့ ကာကွယ်ပေး နေတာကို က သူတို့က အမှန်တရားကို လက်ကိုင်ထားပြီး မဆောင်ရွက်ရဲ တာကိုက သူတို့ အကျိုးအတွက်ကိုပဲ သူတို့ ကြည့်နေသေးတယ်လို့ မြင်တယ်”ဟု ဆိုသည်။
ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF-NB)မှ ရဲဘော် များ အသတ်ဖြတ်ခံ ကျဆုံးခြင်းအတွက် လက်ရှိ ABSDF နှင့် ရဲဘော် ဟောင်းများ ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ထား ကြောင်း သိရသည်။
လက်ရှိ ABSDF မှ ဗဟိုကော်မတီဝင် ကိုကျော်လင်းက “ABSDF အနေနဲ့ ဒါကို ညီလာခံအဆက် ဆက် မှာရော၊ အစည်း အဝေးတွေမှာရော၊ ဗဟိုကော်မတီ အစည်းအဝေးမှာရော အကြိမ်ကြိမ် ဆွေးနွေး တာ တွေရှိတယ်၊ ကော်မရှင်ဖွဲ့ပြီး လုပ် ဆောင်ပေးခဲ့တယ်၊ ကော်မရှင်က အစီရင်ခံစာ ထုတ်ပေးထား တယ်၊ မိသားစုဝင် တွေကိုလည်း ဗဟိုကော်မတီကနေ တောင်းပန်စာ ဆိုပြီး ပို့ထားတယ်၊ ABSDF အနေနဲ့ မလုပ် ပေးတာ မဟုတ်ပါဘူး၊ လုပ်ပေးထား တာတွေ အများကြီး ရှိပါတယ်၊ သို့သော် အဖွဲ့ အစည်း အနေနဲ့ အခုအချိန်မှာ လုပ်နိုင်တာမှန်သမျှ အမြင့်ဆုံးထိ လုပ်ပေးထားတယ်လို့ အထူး ပြောချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ABSDFသည် ယခုအခါ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် အပစ်ရပ်လက်မှတ် ရေးထိုးထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်နေလျက်ရှိသည်။
အလားတူ ပါဂျောင်ဒေသ၌ ဖြစ်ပွားသည့် သတ်ဖြတ်မှုမှ လွှတ်မြောက်လာသော ABSDF(မြောက်ပိုင်း) ရဲဘော်များ အနေဖြင့် ရှစ်လေးလုံး လူထုအုံကြွမှု နောက်ဆက်တွဲ ကျောင်းသား တော်လှန်ရေးကာလ တွင် ပါဂျောင်ဒေသ၌ ဖြစ် ပွားခဲ့သည့် အသတ်ဖြတ်ခံ ကျဆုံး ရဲဘော်များ၏ သမိုင်းမှန် အတွက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ဒီအဖြစ်အပျက်ကို သမိုင်းမှတ်တမ်း တခုအနေနဲ့ ချန်ထားခဲ့နိုင်ဖို့ဟာ ကျနော်တို့ရဲ့ အမြင့်ဆုံး ရည်ရွယ်ချက်ပဲ၊ ပြောချင် တာက လူတွေရဲ့ လူသားမဆန်တဲ့ လုပ်ရပ်အပေါ်မှာ လူတွေရဲ့ တုန့်ပြန်မှု အရေးယူမှုကို ပိုပြီး လိုလားတယ်ပေါ့၊ ဒီအတွက် အချိန်မရွေး ထပ်ကာထပ်ကာ ပြောသွားမယ်၊ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထား တွေနဲ့ သမိုင်းမှတ်တမ်း တရပ် အနေနဲ့ ချန်ထားခဲ့နိုင်ဖို့ လုပ်သွားပါမယ်” ကိုညီညီကျော်က ဧရာဝတီကို ရှင်းပြသည်။