တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ခန့်ထားရာတွင် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် လွှတ်တော်များက တိုက်ရိုက် ရွေးချယ်နိုင်ရေး ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်သည့် ဥပဒေကြမ်းတခု ပြည်ထောင်စု လွှတ်တော်သို့ ကြံ့ခိုင်ရေး ပါတီက တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အခြေခံ ဥပဒေအရ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သမ္မတက တိုင်းနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များထဲမှ ခန့်အပ်တာဝန်ပေးရခြင်း ဖြစ်ရာ ယခုလို ပြင်ဆင်ရခြင်းသည် တိုင်းရင်းသား အခွင့်အရေး ပိုမိုရရှိစေရန် ကြိုးစားခြင်း ဖြစ်ကြောင်း ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
သို့သော် ဥပဒေကြမ်း တင်သွင်းသည့် နေ့ရက်ကိုမှု ထုတ်ဖော် မပြောလိုကြောင်းလည်း ၎င်းက ပြောဆိုသည်။
“ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ ရှိတဲ့ ဝန်ကြီးချုပ်ကို ပြည်နယ်နဲ့ တိုင်းဒေသက ရွေးချယ်ပြီး ခန့်ထားခွင့်တွေ ရအောင် ပြင်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါမှလည်း အမျိုးသား ညီညွှတ်ရေးရော၊ တိုင်းရင်းသားတွေရဲ့ အခွင့် အရေးရော၊ နောက်တခုက လွတ်လပ်ပြီးတရားမျှတတဲ့ အခွင့်အရေးတွေ ပိုပြီးရလာနိုင်မယ်”ဟု ဦးေသောင်းအေးက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်း ကော်မတီ တခု ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုတခုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက ဖေဖော် ဝါရီလ ၈ ရက်နေ့က တင်သွင်းခဲ့ပြီး ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့က ကန့်ကွက်သော် လည်း မဲခွဲဆုံးဖြတ်၍ အတည်ပြုထားသည်။
ထိုသို့ အတည်ပြုပြီးနောက် ပူးပေါင်းကော်မတီတရပ် ဖွဲ့ စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်က ဆက်လက် ဆောင် ရွက်နေစဉ် ကြံ့ခိုင်ရေးပါတီမှ ဦးသောင်းအေးက ယခုလို ပုဒ်မ ၁ ခုတည်း ပြင်ဆင်ရေးအတွက် ဥပဒေကြမ်းတရပ် အဖြစ် တင်ပြလာခြင်း ဖြစ် သည်။
အခြေခံ ဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း အခန်းအရ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ဥပဒေ ကြမ်း တခု ပြုစု၍ တင်ပြရမည်ဟု ပြဌာန်းထားရာ ကြံ့ခိုင်ရေးပါတီတွင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၅ ရာခိုင် နှုန်းသာ ရှိသဖြင့် တပ်မတော် နှင့် အခြားတိုင်းရင်းသား ပါတီများ၏ အင်အားကိုပါ ရယူခဲ့ရကြောင်း သိရသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိနေ သည်။ ထို့ကြောင့် မည်သည့် တိုင်းရင်းသားပါတီများက ကြံ့ခိုင်ရေးနှင့် ပူးပေါင်းခဲ့သည်ကိုမူ ဦးသောင်းအေးက မပြော လို ကြောင်း ဆိုသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချပ် မောင်မောင်ကမူ ကြံ့ခိုင်ရေးပါတီ က တင်သွင်း သည့် ဥပဒေကြမ်းတွင် တပ်မတော်မှ ပါဝင်ပေးခဲ့သော်လည်း အသေးစိတ် မသိရှိကြောင်း ပြောသည်။
ဦးသောင်းအေး တင်သွင်းသည့် ဥပဒေကြမ်းသည် ပြည်ထောင်စု လွှတ်တော်မှ ဥပဒေကြမ်း ပူးပေါင်းကော်မတီသို့ ရောက်သွားနိုင် ပြီး ပူးပေါင်းကော်မတီကလည်း ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့ စည်းထားသည့် ပူးပေါင်း ကော်မတီ သို့ ပေးပို့ပြီး ၂ ခု ပေါင်းသွား နိုင်ကြောင်း၊ အသေးစိတ် ဘာဖြစ်မည်ကို သေချာ မပြောနိုင်သေးကြောင်း NLD ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။
ကြံ့ခိုင်ရေးပါတီက ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော် ပူးပေါင်း ကော်မတီမှာ မပူးပေါင်းဘဲ သီးသန့် ဘာကြောင့် လုပ်တယ်လို့ ထင်ပါသလဲဟု မေးမြန်းရာ “သူတို့ လုပ်ချင်လို့ လုပ်တာပေါ့”ဟု ဦးအောင်ကြည်ညွှန့်က ဧရာဝတီသို့ ပြောသည်။
ဦးအောင်ကြည်ညွှန့်သည် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ သူ ဖြစ်သည်။
ရခိုင် အမျိုးသား ပါတီ (ANP) ကလည်း ယခု ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုသည်မှာ ကြာပြီ ဖြစ်သဖြင့် ပြင်ဆင်မည့် မည် သူ့ ကိုမဆို ပူးပေါင်း ဆောင်ရွက်သွားရန် ရှိကြောင်း၊ ယခု ဥပဒေကြမ်းကို တင်ပြရာတွင် ကြံ့ခိုင်ရေးပါတီက တပ်မတော် နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်နိုင်သဖြင့် အောင်မြင်နိုင်ကြောင်း ANP ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေက ပြောသည်။
“ဒီအချိန်အခါသည် အချိန်ကျတယ်လို့ မြင်တယ်။ တပ်မတော်ရဲ့ ထောက်ခံမှုကိုရမှလည်း ပြည်ခိုင်ဖြိုးက တင်နိုင်မှာ ဖြစ်တဲ့အတွက် ထောက်ခံမှုများတဲ့သူက ဒီဥပဒေအရ ၂၀ ရာခိုင်နှုန်းကို လက်မှတ်ထိုးပြီး လုပ်တဲ့လူက အောင်မြင်လိမ့် မယ်”ဟု ဒေါ်ခင်စောဝေက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၅ ၊ ပုဒ်မ ၂၆၁ မှာ က ကနေ င အထိ ပါဝင်ရာ က တွင် ဝန်ကြီးချုပ်၏ အရည်အချင်း ကို ကန့်သတ်ထားခြင်း ဖြစ်၍ ပြင်စရာ မလိုကြောင်း၊ အပိုဒ် ခ၊ ဂ၊ ဃ၊ င တို့မှာ သမ္မတ၏ လုပ်ပိုင်ခွင့်များက အဓိက ဖြစ်နေသည့် တိုင်းနှင့် ပြည် နယ် လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ဝန်ကြီးချုပ် ခန့်အပ်ခြင်း၊ သတ်မှတ် အရည် အချင်းနှင့် ပြည့်စုံပါက သမ္မတ အမည် စာရင်း တင်သွင်းသည့် ဝန်ကြီးချုပ်ကို ငြင်းပယ်ခွင့် မရှိခြင်းတို့ ဖြစ်သည်။
“အန်ကယ်တို့ လုပ်တာကတော့ ပြင်သင့်တဲ့ဟာတွေကို ပြင်မယ်လို့ နဂိုကတည်းက ခံယူထားပြီးသား ဖြစ်တယ်။ ဒီထဲ ကနေ ပြည်သူ လူထုနဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အလိုအပ်ဆုံး ကိစ္စတခုကို စပြီးတော့ တင်တာပဲ ဖြစ်ပါ တယ်”ဟု ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၀၈ ဖွဲ့ စည်းပုံကို အခန်း ၁၂ ရှိ ပြင်ဆင်ရေး လမ်း ကြောင်းအတိုင်း ပြင်ဆင်ရန်၊ တိုင်းနှင့် ပြည်နယ် လွှတ်တော်များတွင် မဲအများဆုံး ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ် များ၏ မဲဖြင့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ရွေးချယ်နိုင်ရေးမှာလည်း စဉ်းစားရမည့် ကိစ္စတခုဟု နေပြည်တော်တွင် ကျင်းပသည့် NCA ၃ နှစ်ပြည့် အခမ်းအနားတခုတွင် ပြောဆိုခဲ့ဖူးသည်။
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် အားလုံးကသဘောတူ လက်ခံသည့် ဖွဲ့စည်းပုံ အခြေခံတခု လိုအပ်ကြောင်း ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား၌ ဒေါ်အောင်စုကြည်ကလည်း ပြောဆို ထားသည်။
NLD က ဦးဆောင်ကြိုးပမ်းလျက်ရှိသည့် ဖွဲ့ စည်းပုံပြင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးမှာလည်း လွှတ်တော်တွင်း ကိုယ်စားလှယ် ရရှိမှု ရာခိုင်နှုန်းအလိုက် အချိုးကျ ပါဝင်ရန် အဆိုပြုချက်တွင် တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီတို့က သဘောမတူသဖြင့် ယင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်သို့ ရွှေ့ဆိုင်းထားရသည်။