ကျောင်းလုံခြုံရေးနှင့် ကျောင်းတွင်း သန့်ရှင်းရေး တိုးမြှင့်ဆောင်ရွက်ပေးရန် အစိုးရဝန်ကြီးများ၏ ရုပ်ပုံများကို အသုဘ အခမ်းအနားပုံစံ မီးရှို့ ဆန္ဒပြခဲ့ကြသည့် ရတနာပုံ တက္ကသိုလ်ကျောင်းသား ၇ ဦးကို ထောင်ဒဏ် သုံးလစီ ချမှတ်လိုက် သည်။
အဆိုပါ ကျောင်းသား ၇ ဦးကို မီးရှို့ဖျက်ဆီးမှု ပုဒ်မ ၄၃၅၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ – ၁၉ တို့ကို တပေါင်းတည်း ကျခံစေရန် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
ဖမ်းဆီးခံ ဗကသ ကျောင်းသား ကိုရဲမျိုးဆွေ က “ကျနော်တို့ကို အမိန့်ချတာ မချတာက သူတို့ကိစ္စ၊ ကျနော်တို့ကတော့ ထောင်က ထွက်လာရင်လည်း ကျနော်တို့တောင်းဆိုချက်ကို ဆက်တောင်းဆိုသွားမှာပါ” ဟု ပြောသည်။
ရတနာပုံတက္ကသိုလ်က ဖမ်းဆီးခံကျောင်းသားများမှာ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း၊ ကိုရဲမျိုးဆွေ၊ ကိုဘုန်းမြင့်ကျော်၊ ကိုမျိုးချစ်အောင် (ခ) ဘချစ်၊ ကိုနေဝင်းကျော်နှင့် ရဲလင်းအောင် တို့ဖြစ်သည်။
အဆိုပါ ကျောင်သားများကို အမရပူရမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးက တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ပုဒ်မ – ၄၃၅၊ ၅၀၅ (ခ) နှင့် ၁၁၄ ဖြင့်လည်းကောင်း၊ အမရပူရမြို့နယ် ရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ-၁၉ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်လှစ်ခဲ့သည်။
ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးကိစ္စအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဗကသ ကျောင်းသားများ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ ဖမ်းဆီးခံကျောင်းသားများနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး ဖြေလျော့ ပေးသွားမည်ဟု ပြောကြားခဲ့ပြီးနောက် ကျောင်းသားများအား စွဲဆိုထားသည့် အမှုများ အနက် ၅၀၅ (ခ) ကို ပယ်ဖျက်ပေးခဲ့သည်။
မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှုးကြီး မျိုးအောင် က “တရားခွင်မှာ မြို့နယ်ထွေအုပ်က ဒုဦးစီးမှူး က ကျောင်းသားများရဲ့ ပညာရေးကို ငဲ့ညာသောအားဖြင့် ပုဒ်မ- ၅၀၅ (ခ) နဲ့ပုဒ်မ-၁၁၄ တို့ကို ရုပ်သိမ်းပေးရန် တင်ပြခဲ့တာကြောင့် ပယ်ဖျက်ပေးခဲ့ပြီး ပုဒ်မ-၄၃၅နဲ့ ငြိမ်းစုစီပုဒ်မ-၁၉တို့အတွက်ကို မြို့နယ် တရားသူကြီးက အပြီးသတ် အမိန့် ချမှတ်ခဲ့တာပါ”ဟု ပြောသည်။
ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ဗကသ) များအဖွဲ့ချုပ်သည် ကျောင်းလုံခြုံရေး၊ ကျောင်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ပေးရန်နှင့် ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓါတုဗေဒက နောက်ဆုံးနှစ် ကျောင်းသားတဦး ရတနာပုံ တက္ကသိုလ် အနီး ကန်ပတ်လမ်းတွင် လုယက် သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးတိုးမြှင့်ပေးရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။
ယင်းသို့ဆန္ဒပြရာတွင် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဇာနည်အောင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်တို့၏ ဓာတ်ပုံများအား အခေါင်းပုံစံပေါ်တွင် တင်၍ နာရေးပုံစံ မီးရှို့ခဲ့ကြခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ဖမ်းဆီးခံကျောင်းသားများအရေး ဖြေလျှော့ပေးမည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ပြော
ဖမ်းဆီးထားသည့် ရတနာပုံ ဗကသ ကျောင်းသားသုံးဦးကို ချုပ်ရမန်ယူ