ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့နယ်၌ ရှမ်း လက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် ရှမ်ပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား ယခုလ အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် တိုက်ပွဲ ရှောင် ၁၀၀၀ ကျော် အထိ တိုးလာခဲ့သည်ဟု သိရသည်။
တိုက်ပွဲရှောင် ပြည်သူများသည် ၎င်းတို့ ရွာနှင့် ၇ မိုင်ခန့် ဝေးသည့် ကျောက်မဲမြို့ရှိ ဓမ္မမေဒနီ ရွှေကျင် ဘုန်းတော်ကြီး ကျောင်း၊ အောင်ဆုပန် ဘုန်းတော်ကြီးနှင့် နမ့်စစ်လင်းကျောင်းတိုက် တို့၌ ခိုလှုံလျက် ရှိသည်။
ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက် အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင်း ကျောက်မဲမြို့ပေါ်ရှိ အောင်ဆုပန် ဘုန်းကြီး ကျောင်းတိုက်တွင် နမ့်ပျဉ် ကျေးရွာမှ ၃၀၇ ဦး၊ ပန်လော့ ကျေးရွာမှ ၃၈၃ ဦး ရွှေကျင်ဘုန်းကြီး ကျောင်းတွင် ခိုလှုံနေပြီး နမ့်စစ်လင်းကျောင်းတွင် နားပုံ၊ နားပြိန်း ကျေးရွာမှ ၂၉၄ ဦး ရောက်ရှိနေကြောင်း သိရသည်။
ပန်လော့ ကျေးရွာမှ တိုက်ပွဲရှောင် မနန်းလှဟန်က “ရွာကနေ အမြန် လာရတဲ့အတွက် ဘာမှ မပါလာဘူး။ အားလုံးထား ခဲ့ရတယ်။ ပြောင်းဖူးနဲ့ စပါးစိုက်တာ ပြောင်းတွေလည်း မရောင်းရသေးဘူး။ ကျွဲတွေလည်း ထားခဲ့ရတော့ စိတ်လည်း မကောင်းဘူး” ဟု ပြောသည်။
ယခု တိမ်းရှောင်လာသော ကျေးရွာများသည် တကြိမ်တခါမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိသည့် ကျေးရွာများမှ ဖြစ်ပြီး ဗမာ၊ ပလောင် (တအန်း) လူမျိုးများ အများဆုံး နေထိုင်သည့် ကျေးရွာများ ဖြစ်ကြဟု ဒေသခံများက ပြောဆိုသည်။
နမ့်ပျဉ် ကျေးရွာမှ ကျောင်းအုပ် ဆရာမ ဒေါ်ခင်မာဆွေက “တိုက်ပွဲတွေ မလိုဘူး။ အေးအေးဆေးဆေး နေချင်တယ်။ စစ်သားတော့ မကြောက်ဘူး၊ သေနတ်တော့ ကြောက်တယ်” ဟု ပြောသည်။
ထို့ပြင် တိုက်ပွဲရှောင်လာသူ အများစုသည် အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်ကြပြီး အမျိုးသားများမှာ ရွာစောင့် အဖြစ် ကျန်နေခဲ့သည့် ရွာသားတချို့လည်း ရှိနေသေးကြောင်း တိုက်ပွဲရှောင် အမျိုးသမီးများက ပြောကြားသည်။
တိုက်ပွဲရှောင်များအား အကူအညီပေးနေသည့် အိုမ်တမောဝ် လူမှု ကူညီရေး အသင်းမှ မနွယ်နီထွန်း ကလည်း “ဒုက္ခ ရောက်ရင်တော့ ရှမ်းဖြစ်စေ၊ ပလောင်ဖြစ်စေ ကိုယ်တတ်နိုင် သလောက် ကူညီရမှာပဲ။ တကယ်တမ်း သွားကြည့်ရင် သနားစရာ ကောင်းတယ်။ သက်ကြီး ရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ အဖိုးအဖွားတွေ၊ ကလေးတွေလည်းပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ ထွက်ပြေးလာသည့် လွယ်ဆာ ကျေးရွာမှ တိုက်ပွဲရှောင်များသည် ဖေဖော်ဝါရီ ၁၃ ရက် အထိ ဝင်ရောက်နေဆဲ ဖြစ်ပြီး လူဦးရေ ထပ်တိုးလာနိုင်ဖွယ် ရှိကြောင်း တိုက်ပွဲရှောင်များကို အကူအညီ ပေးနေသည့် ကျောက်မဲ ဒေသခံ ကို သားဇော်ကလည်း ပြောသည်။
ကိုသားဇော်က “လွယ်ဆာက အခု အချိန်ထိ ဝင်နေတုန်း။ အခု ပြေးလာတဲ့သူတွေကို စာရင်းထဲ မထည့်ထားဘူး။ အခု လာတဲ့ သူတွေထဲမှာ ယောကျ်ားလေး နည်းတယ်။ လေးပုံတပုံတောင် ယောကျ်ားလေး မပါဘူး” ဟု ဆိုသည်။
ကျောက်မဲမြို့တွင် ရောက်ရှိလာသည့် တိုက်ပွဲရှောင် ၁ ထောင်ကျော်ကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ NGO အဖွဲ့ အစည်းများကလည်း အကူအညီပေးနေ သကဲ့သို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်များလည်း လာရောက် ကြည့်ရှု ခဲ့ကြပြီး လူမှု ဝန်ထမ်း ကယ်ဆယ်ရေး ဦးစီးဌာနကလည်း ပစ္စည်းများ ဝေဌပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် တိုက်ပွဲရှောင် ပြည်သူများ ကူညီ စောင့်ရှောက်ရေး ကြီးကြပ်မှု ကော်မတီ၊ ဘဏ္ဍာရေး တာဝန်ခံ ဦးတင် မောင်ဦးက “ငြိမ်းချမ်းရေး ရစေချင်တယ်။ ကျနော်တို့ ဒုက္ခခံနေရတဲ့ ဒေသက အတောင့်တဆုံးပဲ။ ငြိမ်းချမ်းရေး မရှိလို့ လူတွေရဲ့ စားဝတ်နေရေး မပြောနဲ့ အသက်တောင် အနိုင်နိုင် လုနေရတယ်။ ဒါကြောင့် ဒီလို ပြေးလာတာ” ဟု ဆိုသည်။
လက်ရှိ ကျောက်မဲ တိုက်ပွဲရှောင်များ အတွက် စားနပ်ရိက္ခာများလည်း လိုအပ်နေလျက် ရှိကြောင်း သတင်းရရှိသည်။
RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA ) ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး SSPP မှာ NCA ထိုးနိုင်ရေး အစိုးရဖြင့် ညှိနှိုင်းနေသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
RCSS နှင့် SSPP သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းက စ၍ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နမ္မတူ စသည့် မြို့နယ်များ အတွင်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့ကြသည်။
နှစ်ဖက် လက်နက်ကိုင်များ တပ်ဖွဲ့များ၏ သတင်း ထုတ်ပြန်ချက် အရ ၂၀၁၈ ခုနှစ် အတွင်း TNLA နှင့် RCSS တို့ တိုက်ပွဲ ဖြစ်ပွားမှု အကြိမ် အရေအတွက်ပေါင်း ၄၀ ခန့် ရှိကြောင်း သိရသည်။