ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့သိမ်းသွားသည့် တပ်မတော် စစ်အသုံး အဆောင်ပစ္စည်းများ ပြန်လည်ရရှိပြီဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဧရာဝတီသို့ ပြောသည်။
အဆိုပါ စစ်အသုံးအဆောင်ပစ္စည်းများကို RCSS တပ်ဖွဲ့ဝင်များက တာဝန်မှ ယာယီပြန်လာသော တပ်မတော် တပ်ရင်းမှူး ၂ ဦးထံမှ ဖေဖော်ဝါရီ ၁၂ ရက်နေ့က သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း သိရပြီး ၁၃ ရက်နေ့ ည ၇ နာရီတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “စစ်အသုံးအဆောင်ပစ္စည်းတွေပါ။ ကြီးကြပ် ကန့်သတ်ပစ္စည်းတွေပါ။ ကြီးကြပ် ကန့်သတ်ဆိုတာ ကျနော်တို့ တပ်မတော်မှာတော့ အရေးကြီးတဲ့ ပစ္စည်းတွေပါ။ ပြန်ရပြီခင်ဗျ” ဟု ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပျဉ်းနှင့် ကျိုင်းတုံ အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ငွေကြေး ကောက်နေသည့် RCSS တပ်ဖွဲ့ဝင် ၅၀ ဦးခန့်က ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းတွင် ယာယီ တာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ ပြန်လာသည့် တပ်ရင်းမှူး ၂ ဦးစီးလာသည့် ယာဉ်ကို တား၍ ယာဉ်ပေါ်ပါသည့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းသွားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ယမန်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် RCSS အနေဖြင့် တပ်မတော်၏ စစ်အသုံးအဆောင်များဖြစ်သည်ကို သိပါလျှက်နှင့် သိမ်းဆည်းသွားမှုသည် ထာဝရငြိမ်းချမ်းရေး အတွက် ကြီးမားသည့် ဆန့်ကျင်ဘက် စိန်ခေါ်မှု တခုဖြစ်ကြောင်း ထိုပစ္စည်းများကို တပ်မတော်ထံ အမြန်ဆုံး ပြန်မအပ်ပါက လိုအပ်သလို အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသို့ ထုတ်ပြန်ခဲ့သော်လည်း ယခုအခါတွင် ၎င်းတို့ ပစ္စည်းများကို RCSS ဘက်က ပြန်အပ်လာပြီ ဖြစ်သဖြင့် တင်းမာမှုများ ရှိတော့မည် မဟုတ်ကြောင်း တပ်မတော်ဘက်က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဆက်ဆံရေး အခြေအနေကတော့ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးကို ဦးတည် ဆောင်ရွက်နေတာ ဖြစ်တဲ့ အတွက် ပုံမှန်ပြန်ဖြစ်မှာပါ” ဟု ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီက RCSS ပြောခွင့်ရပုဂ္ဂိုလ်များထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း သော်လည်း တုန့်ပြန်ဖြေကြားခြင်း မရှိသဖြင့် သီးခြားမှတ်ချက် ဖော်ပြနိုင်ခြင်း မရှိပါ။
သို့သော်လည်း RCSS က ၎င်းတို့ကို တပ်မတော်က ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် လွိုင်တိုင်းလျဲန်း ဌာနချုပ် အနီးရှိ လုံခြုံရေးတပ်စခန်းအား မိုင်းပန်အခြေစိုက် တပ်မတော် တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း Taifreedom ဝဘ်ဆိုက်မှတဆင့် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အလားတူ ယမန့်နေ့ ညနေ ၆ နာရီခွဲ့ခန့်ကလည်း ထိုင်း-မြန်မာ နယ်စပ် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်းရှိ RCSS ၏ တပ်စခန်း (လွယ်လမ်တပ်စခန်း) ကိုလည်း တပ်မတော်က လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း တပါတည်း ထုတ်ပြန်ထားသည်။
RCSS အဖွဲ့သည့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ နောက်ပိုင်းတွင် အစိုးရနှင့် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မလုပ်ဖြစ်ဘဲ ရပ်နေသည်။
တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ဟုဆိုကာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေး နယ်မြေအလိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေနှင့် တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများကို စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးသည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။