သတင်း

စခန်းသိမ်းခံရမှုကြောင့် NCA ထိုးရေး/မထိုးရေး မဆွေးနွေး နိုင်သေးဟု NSCN-K ပြော

Want create site? Find Free WordPress Themes and plugins.

တပ်မတော်က နာဂဗဟိုဌာနချုပ်ကို ထိန်းချုပ်လိုက်သဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ထိုးရေး/မထိုးရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မည်သို့ ပါဝင်မည် လဲ ဆိုသည့် ထိပ်တန်းခေါင်း ဆောင်များ ဆွေးနွေးရန် စီစဉ်ထားမှုများကို ရပ်ဆိုင်းထားရသည်ဟု NSCN-K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ဧရာဝတီသို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တာဂါဒေသရှိ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)၏ ဗဟိုဌာနချုပ် တကားစခန်းကို အနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာ မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က အိန္ဒိယသူပုန်များကို ခိုအောင်းခွင့် ပြုထားခြင်းကြောင့် နယ်မြေ ရှင်း လင်းရေး လုပ်ကာ ထိန်းချုပ်ထား ခြင်းဖြစ်သည်။

ထိုအခြေအနေကြောင့် NCA ထိုးရေး/မထိုးရေး ထိပ်သီး ခေါင်းဆောင်များ ဆွေးနွေးရန် ယခုလ အတွင်း စီစဉ်ထားမှုများကို ရပ်ဆိုင်းထားရကြောင်းနှင့် နေပြည်တော်သို့ သွားရောက်၍ အစိုးရဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် စီစဉ်ထား ခြင်းများ ရပ်ဆိုင်းထားရကြောင်း NSCN-K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ဧရာဝတီသို့ ပြောသည်။

“လုပ်ငန်းစဉ်က နည်းနည်း ရပ်သွားတယ်၊ စစ်ဆင်ရေး ဆုတ်သွားမှပဲ လူကြီးတွေ ပြန်ဆုံပြီး လုပ်ရ မယ်၊ ရပ်သွားတာက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လုပ်ရ ကိုင်ရမယ့် ဟာတွေပေ့ါ၊ NCA ထိုးပါလို့ အစိုးရက ပြောတယ်၊ NSCN – Kအနေနဲ့ ဘယ် လို ပုံစံနဲ့ ဆောင်ရွက်ပြီး လုပ်ရမလဲ ဒါတွေကို ကျနော်တို့ ဖေဖော်ဝါရီလအတွင်း ဆွေးနွေးဖို့ လုပ်ထားတာ၊ အဆင်မပြေဘူး ဖြစ်သွားတယ်၊ NCA ထိုးဖို့ မထိုးဖို့ အကြိတ်အနယ် ဆွေးနွေးမှာပေါ့၊ လူတယောက်ချင်းစီ ရဲ့ သဘောထားတွေကို ပါ”ဟု ၎င်းက ပြောသည်။

ယခင်က NSCN-K သည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံရှိ နာဂများကို လွှမ်းခြုံနိုင်သည့် စေ့စပ်ညှိနှိုင်းမှု ရမှသာလျှင် NCA ထိုးရေး မထိုးရေး စဉ်းစားမည်ဖြစ်ကြောင်းနှင့် လွတ်လပ်သော နာဂလန်း ပြည်ထောင်စု ထူထောင်ရေးသာ စိတ်အား ထက်သန် သည့် နာဂ လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင် / fb

လက်ရှိတွင် တပ်မတော်က တပ်ရင်း ၆ ရင်း၊ အင်အား ၄၀၀ ကျော်ဖြင့် NSCN-K ဌာနချုပ်မှာ တပ်စွဲ ထားဆဲဖြစ်ပြီး နယ်မြေ လုံခြုံရေး ကိစ္စများကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို လိုက်နာခြင်းနှင့် အိန္ဒိယသူပုန်များကို လက်ခံခြင်း မပြုပါက တပ်စွဲထားမှုကို နောက်ဆုတ်ပေးရန် ရှိကြောင်း၊ NSCN-K ကို အမြဲတမ်း ငြိမ်းချမ်းရေး တံခါးဖွင့်ထားကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

“ပထမ အချက်ကတော့ ပြည်နယ်အဆင့် သဘောတူညီ ထားတာတွေကို လိုက်နာဖို့ လိုတယ်၊ ဒုတိယအချက် ကတော့ ဟိုဘက်မှာ ရှိတဲ့ တရားမဝင် အဖွဲ့အစည်းတွေ လက်နက်ကိုင် သောင်းကျန်းသူတွေ၊ ဟိုဘက်နိုင်ငံရဲ့ တရားမဝင် အဖွဲ့ အစည်းတွေနဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေ လက်ခံတာတွေ မလုပ်ဖို့လိုတယ်။ တခြား နိုင်ငံတွေက သောင်းကျန်း သူ အဖွဲ့အစည်းတွေကို ကျနေ်ာတို့က လက်ခံလို့မရပါဘူး”ဟု ၎င်းကဆိုသည်။

သို့သော် NSCN-K အနေဖြင့် တဘက်နိုင်ငံမှ တရားမဝင်အဖွဲ့များနှင့် ဆက်လက်၍ ဆက်သွယ်နေ သည့် အတွက် တပ်မ တော် အနေဖြင့် လုံခြုံရေးအရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ပြည်နယ်အဆင့် လက်မှတ်ထိုးပြီး သားဖြစ်သည့် NCA လမ်းကြောင်းပေါ် တိတိကျကျ လျှောက်လှမ်းနေသူကို တပ်မတော်အနေဖြင့် တံခါးဖွင့်ထားကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ရှင်းပြသည်။

NSCN-K သည် တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ်၊ဧပြီလ ၉ ရက်က အစိုးရဖြင့် လက်မှတ်ရေး ထိုးထားပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီစာချုပ်(NCA)ထိုးရန် ကမ်း လှမ်းခံထားရသည့် နာဂ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

သို့သော် အိန္ဒိယ အစိုးရကို တိုက်ခိုက်နေသည့် အာသံနှင့် ကသည်း သူပုန်များကို NSCN-K က ၎င်းတို့၏ ဌာနချုပ်မှာ ခိုအောင်း ခွင့်ပြုထား ခြင်းကြောင့် တပ်မတော်က ဇန်နဝါရီလ ၂၉ ရက်တွင် ဝင်ရောက်၍ နယ်မြေ ရှင်းလင်းရေးလုပ်ခဲ့ရပြီး စခန်း ၃ ခုနှစ်၊ သင်တန်းကျောင်း နေရာ ၂ ခု၊ ယာယီအခြေပြုနေရာ ၁ ခုတို့ကို အသီး သီး ရှင်းလင်း သိမ်းပိုက် ရရှိခဲ့ သည်ဟု ဖေဖော်ဝါရီလ ၃ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

ထိုထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ်၊အောက်တိုဘာလ ၃၀ ရက်ကလည်း ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ခိုတေကျေးရွာအနီးမှာ MPA ကသည်း သောင်းကျန်းသူ စခန်း တခုအား တွေ့ရှိ ရှင်းလင်းခဲ့ရာ လက်နက်ငယ်မျိုးစုံ ၅ လက်၊ ခဲယမ်းများ၊ ဆက်စပ် ပစ္စည်းများ၊ MPA လက် မောင်းတံဆိပ် များနှင့် ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများနှင့် အတူ စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။

“ဒီနာဂတောင်တန်းကြီးကတော့ အိန္ဒိယနယ်စပ်နဲ့ တလျောက်လုံး နယ်စပ်ဖြစ်တာ၊ အဲလိုဆိုတော့ အနည်းနဲ့အများပဲ ဒါ တော့ နယ်စပ်ချင်း ထိစပ် တဲ့ အခါကျတော့ လာခိုလှုံကြမှာပဲ။ နာဂနယ်မြေမှာ လာခိုလှုံတာတော့ ကိုယ့်ဘက်ကတော့ ဝန်ခံတာပေါ့၊ နယ်မြေချင်း ထိစပ်လို့ လာခိုလှုံသွားတာတော့ ကျနော်တို့ဆီမှာပဲ မဟုတ်ဘဲနဲ့ တခြားသော အဖွဲ့အစည်းဆီမှာ လည်း ခိုလှုံတာလည်း ရှိရင် ရှိမှာပေါ့နော်၊ ဒီအပိုင်းနဲ့ ပြောတာတော့ အစိုးရဘက်က ပြောတာတော့ ဒါတော့ မမှားပါဘူး” ဦးကျော်ဝမ်းစိန် ပြောသည်။

ထို့အတွက် NSCN-K အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီ ချက် အပိုဒ်(၁)၊ အပိုဒ်ခွဲ(ဂ၊ဃ၊င)တို့အား ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရ၍ NSCN-K အဖွဲ့အား လိုအပ်သလို ဆက် လက် အရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော်က ဖေဖော်ဝါရီလ ၃ ရက်က ထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ အရေးယူသွားမယ်ဆိုတာက ကျနော်တို့ ဆက်လက် စုံးစမ်း စစ်ဆေးသွားမယ်၊ လုံခြုံရေးအရ စိတ်ချရ အောင် လုပ်ဆောင်သွားမယ်ဆိုပြီး အဲလိုရည်ရွယ်ခြင်း ဖြစ်ပါတယ်၊ ပဏမထိုးထားတဲ့ ဟာတွေ လိုက်နာဖို့ လိုပါတယ်”ဟု ပြောသည်။

NSCN-K ဘက်ကတော့ တကားစခန်းတွင် တပ်စွဲထားသည့် တပ်မတော် စစ်ကြောင်းများ နောက်ဆုတ်ပေးရန် မေတ္တာရပ်ခံ ပါကြောင်း၊ တပ်မတော်စစ်ကြောင်းများ ဆုတ်ခွာသွားမှသာလျှင် အဝေး တနေရာစီ ရောက်ရှိသွား သည့် ထိပ်သီး ခေါင်း ဆောင်များ ပြန်လည်စုစည်း၍ အစည်းအဝေးထိုင်ကာ NCA ထိုးရေး မထိုးရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းတွင် မည်သို့ ပါဝင်မည်နည်းနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး မည်ကဲ့သို့ ဆောင်ရွက် မည်နည်း၊ ဒေသဖွံ့ဖြိုးရေး မည်ကဲ့သို့ ဆောင်ရွက်မည်နည်း စသည့် ကိစ္စရပ်များကို း အစိုးရဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဟု ဆိုသည်။

ဌာနချုပ်စခန်း ထိန်းချုပ်ခံထားရမှုနှင့် ပတ်သက်ပြီး တပ်မတော်က ပြန်လည် နောက်ဆုတ်ပေးရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ မေတ္တာရပ်ခံစာ ပေးပို့ထား ကြောင်း NSCN-K ဘက်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading