အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် လက်ရှိ အစိုးရ၏ လုပ်ဆောင်ရမည့် အုပ်ချုပ်ရေး ယန္တရား စီမံခန့်ခွဲမှုများတွင် ဝင်ရောက်စွက်ဖက် နေမည်ဆိုပါက တပါတီစနစ်၊ အာဏာရှင်စနစ် ဖြစ်သွားနိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်က ပြောသည်။
NLD အစိုးရလက်ထက်တွင် ပထမဆုံး အထုတ်ခံရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်း ဖြစ်စဉ်က ပါတီက ဝင်ရောက် စွက်ဖက်ခဲ့ပြီး လက်ရှိ အချိန်အထိလည်း ပုံစံမျိုးစုံဖြင့် ဝင်ရောက်စွက်ဖက်နေဆဲ ဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်သူ လက်ရှိ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးတင်အေးက ပြောသည်။
ဗိုလ်ချုပ်ဟောင်း ဦးတင်အေး က “ပါတီက ဝင်စွက်ဖက်မယ်ဆိုရင် တပါတီစနစ် ဖြစ်သွားပြီလေ။ ကိုယ်တို့က ဒီမိုကရေစီ သွားနေတာဆိုတော့ ဒါက မဖြစ်နိုင်ဘူး။ မဟုတ်လို့ ရှိရင်တော့ ဒီမိုကရေစီ သွားနေရာကနေ အာဏာရှင် ဖြစ်သွားမယ်။ ပါတီစုံနဲ့ ဒီမိုကရေစီ စနစ်မှာ ဒီလိုလုပ်လို့ မရဘူး”
ဆိုသည်။
ထို့ကြောင့် ယင်းကဲ့သို့ကိစ္စကို အစိုးရအနေဖြင့် အရေးယူဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က အဆိုတခု အဖြစ် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုကြောင်း သိရသည်။
၎င်း၏ အဆိုမှာ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား၊ နိုင်ငံတော် အစိုးရ၏ စီမံခန့်ခွဲမှုများနှင့် အစိုးရဌာနများ၏ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် ကိစ္စရပ်များအား နိုင်ငံရေး ပါတီတချို့ မှ ဝင်ရောက် စွက်ဖက်မှု မရှိစေရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် ပြည် ထောင်စု အစိုးရကို တိုက် တွန်းကြောင်း အဆို ဖြစ်သည်။
ဦးတင်အေး က “လောလောဆယ်တော့ မပြောတော့ဘူး။ လောလောဆယ်ပြောရင်လည်း အများကြီး ရှိတယ်။ ဟိုးတုန်းက ဒုဝန်ကြီး ၁ ပါး ရှိတယ်။ ဒေါက်တာ ထွန်းဝင်းကို NLD က CEC တယောက်က ခေါ်ပြီးတော့ ထွက်ဖို့ ပြောတာတွေ ဒီလိုမျိုးလေးတွေ ရှိတယ်။ အဲဒါလေး တချက်ပဲ ပြောလိုက်တယ်။ စည်ပင်ရိပ်သာမှာ ခေါ် ပြောတာလေ”ဟု ပြော သည်။
၎င်းကို လွှတ်တော်က အကြောင်းပြန်ရာတွင် လက်ရှိ ရွေးကော်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို ပြဌာန်း ပေးထားပြီး ယခုကိစ္စသည် ယင်း ဥပဒေနှင့် ဆက်စပ်နေသည့်ကိစ္စဟု ပြောသဖြင့် ပါတီများ မှတ်ပုံတင် ဥပဒေကို လေ့လာနေကြောင်း၊ အဆို အဖြစ် ဆွေးနွေးခွင့် မရသဖြင့် မေးခွန်းတခုလည်း ဖြစ်လာနိုင်ကြောင်း ပြောသည်။
NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပါတီအနေဖြင့် အုပ်ချုပ်ရေး ကဏ္ဍကို လုံးဝ ဝင်ရောက် မစွက်ဖက်ရန် ညွှန်ကြားချက်များ ပေးထားကြောင်း၊ ဒုဝန်ကြီး ဒေါက်တာ ထွန်းဝင်းနှင့် ဦးဝင်းထိန် ကိစ္စမှာမူ ပြီးခဲ့သည့် ကိစ္စဖြစ်၍ မှတ်ချက် တစုံတရာ မပေးလိုကြောင်း ဧရာဝတီသို့ ပြောသည်။
ဒေါက်တာမျိုးညွှန့် က “အခု လတ်တလောမှာ ပါတီအနေနဲ့ ဝင်ရောက် စွက်ဖက်တာမျိုး လုံးဝ မရှိပါဘူး။ ကျနော်တို့ပါတီက အုပ်ချုပ်ရေး တာဝန်ပေးထား တဲ့ သူတွေကိုလည်း ပါတီစည်းကမ်းနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိဘဲ ကြည့်ပါတယ်။ ပါတီဝင် ဖြစ်တဲ့သူတွေကိုတော့ ပါတီစည်းကမ်းအရ အရေးယူတာမျိုး ရှိပြီး အုပ်ချုပ်ရေးကို သွားရောက် နှောက်ယှက်တာမျိုး မလုပ်ပါဘူး” ဟု ရှင်းပြသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကမူ ၎င်း၏ မဲဆန္ဒနယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ရပ်/ကျေး ဥပဒေအရ အောက်ခြေတွင် ရွေးထားသည့်အတိုင်း မြို့နယ် အုပ်ချုပ်ရေးမှူးက အဆုံးအဖြတ်ပေးရမည်ကို ဝန်ကြီးချုပ်က အဆုံးအဖြတ်ပေးခဲ့သည့်အတွက် ယင်းကိစ္စကို လွှတ်တော်တွင် မေးခွန်း မေးမြန်းထားကြောင်း ပြောသည်။
ဦးဖေသန်း က “ပါတီက ဦးဆောင်တဲ့အခါ ပါတီရဲ့ မူဝါဒအတိုင်း အစိုးရက အကောင်အထည်ဖော်ရတာ ရှိတာပေါ့။ ပါတီက တိုက်ရိုက် စွက်ဖက် လုပ်တာမျိုးတော့ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါတီဝင်ပဲလေ။ သူက ပါတီခေါင်းဆောင်ပဲ။ သူ့ရဲ့ မူဝါဒကို အကောင် အထည်ဖော်တာပေါ့။ အဲဒီနေရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင်တော့ အဲလို မြင်နိုင်တာတွေ ရှိတယ်” ဟု သုံးသပ်သည်။
ကြံ့ခိုင်ရေး အစိုးရလက်ထက်ကလည်း ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်မှာ သမ္မတ ဖြစ်လာသည့်အခါ အခြေခံ ဥပဒေအရ ပါတီ လုပ်ငန်းများ လုပ်ခွင့် မရှိချိန်တွင် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီ ပူးတွဲ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ဆုံးတွင် အကွဲအပြဲ ဇာတ်လမ်း တခု ဖြစ်ပေါ်ခဲ့ရဖူးသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့် က “အခု အစိုးရမှာတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သြဇာက ကြီးတဲ့အတွက် ပြဿနာ မရှိဘူး။ ဒီမှာက Level တွေက သိပ်မကွာကြဘူး။ အဓိကက လူပုဂ္ဂိုလ် အပေါ်မှာ မူ တည်တယ်။ အစိုးရဖြစ်သွားရင်တော့ အစိုးရအလုပ်လုပ်ရမယ်။ တတိုင်းပြည်လုံး အရေးအတွက်ပဲ လုပ်ရတော့မှာ”ဟု ပြောသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၁ (က) တွင် နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မ ၃ ဖြာ ဖြစ်သည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား ကျင့်သုံးခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်း ကျောင်းခြင်းတို့ ပြုရမည်ဟု ဖော်ပြထားသည်။