ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ် ကြေးရုပ်တု ထားရှိခြင်းနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြနေကြသည့် ကရင် နီလူငယ်များအား ထောက်ခံကြောင်း ရန်ကုန်တွင် ဆန္ဒပြသူများထဲမှ ၉ ဦး အရေးယူ အမှုဖွင့် ခံရကြောင်း သိရ သည်။
အိသဉ္ဇာမောင်၊ မူဆူဇန်၊ တင်ထွဋ်ပိုင်၊ မင်းဘုန်း၊ အောင်မှိုင်းဆန်း၊ မိုးဃ်သွေး၊ သက်ဆွေဝင်း၊ အိအိမိုးနှင့် လင်းထက်နိုင် တို့ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ (ငြိမ်းစုစီ) ၁၉ ဖြင့် အမှုဖွင့်ခံရ ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံရသူ တဦးဖြစ်သည့် မအိသဉ္ဇာမောင်က ဧရာဝတီကို ပြောသည်။
မအိအိမိုးကလည်း“အဲဒီပွဲမှာ ဘယ်သူဦးဆောင်တယ်လို့ မပြောသွားဘူးဆိုတော့ ပုံမှန်လုပ်နေကျ သူတို့ နာမည်သိတဲ့ သူ တွေကို အမှုဖွင့်လိုက်တယ်လို့ ထင်တယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက အမှုဖွင့်ခံရသူများထံသို့ အကြောင်းကြားစာများ ရောက်ရှိနေပြီဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီတွင် ကျောက်တံတား ရဲစခန်းသို့လာရန် ချိန်းထားကြောင်း၊ ဆန္ဒပြမည့်ကိစ္စနှင့် ပတ်သက်၍ ကြိုတင် အကြောင်း ကြားခြင်း မရှိသည့်အတွက် အမှုဖွင့်ခံရသည်ဟု သိရှိထားကြောင်း ရှင်းပြသည်။
ကျောက်တံတားမြို့နယ် ရဲစခန်း စခန်းမှူး ဒုရဲမှူး ဘိုထွန်းကလည်း“မှန်ပါတယ်။ ၉ ဦးပါ။ ငြိမ်းစုစီ ၁၉ နဲ့ပါ။ အကြောင်း ကြားစာ မပို့ဘဲ လုပ်လို့ပါ”ဟု ဧရာဝတီကို ပြောသည်။
ကယားပြည်နယ်အတွင်း ဒေသခံများ ဆန္ဒမပါဘဲ ဗိုလ်ချုပ်ရုပ်တု ထားရှိခြင်းအပေါ် ကရင်နီပြည် လူငယ်များ အင်အား စု က ကန့်ကွက်ဆန္ဒပြမှုအား ထောက်ခံကြောင်းနှင့် ဆန္ဒပြသူများကို ရာဘာကျည်ဖြင့် ပစ်ခတ်မှုအား ကန့်ကွက် ကြောင်း ဖေဖော် ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) က ရန်ကုန်မြို့၌ ကရင်နီလူငယ်များနှင့် တက်ကြွ လှုပ်ရှားသူများက ချီတက် ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲတွင် ‘တိုင်းရင်းသားတွေ လိုချင်တာ အောင်ဆန်းကတိ၊ ရုပ်တုမဟုတ်’ ‘ဗိုလ်ချုပ် အောင်ဆန်းကို ထပ်ပြီး မသတ်ကြပါနဲ့’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း၊ အနော်ရထာ လမ်း၊ ဆူးလေ ဘုရားလမ်း တလျှောက်နှင့် မဟာဗန္ဓုလ ပန်းခြံအထိ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာတွေ၊ တိုင်းရင်းသားအရေး လုပ်ဆောင်နေတဲ့ တိုင်းရင်း သားလူငယ်တွေကို ဒီလို ပုဒ်မတွေနဲ့ မတရားစွဲခံရတဲ့ အပေါ်မှာတော့ မျှတတဲ့ တကယ် ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ပြည့် ဝတဲ့ နိုင်ငံမဟုတ်သေးဘူးလို့ ပြောချင်ပါတယ်” ဟု မအိအိမိုးက ဆိုသည်။
ပြည်ထောင်စုနေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း လူထောင်ချီ ရှိသော ကရင်နီပြည် လူငယ် များ အင်အားစု ဦးဆောင်သည့် လူထုက ဗိုလ်ချုပ်ကြေးရုပ်တု ဖယ်ရှားပေးရန်၊ ရုပ်တုနှင့် ပတ်သက်၍ အဓိက တာဝန်ရှိ သည့် ဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရန်၊ တရားစွဲခံ လူငယ်များအား ခြွင်းချက်မရှိ လွှတ်ပေးရန် လူထု ချီတက်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ချီတက်ပွဲတွင် လမ်းပိတ်ဆို့မှုအား ဖောက်ထွက်ခဲ့သည့် ချီတက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရေပိုက်များ၊ ရာဘာ ကျည်များ အသုံးပြု၍ လူစုခွဲခဲ့ရာ ရာဘာကျည်ဆန် ထိပြီး ဒဏ်ရာရသူများနှင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၂၀ ကျော် ရှိကြောင်း ဆန္ဒပြ ဦးဆောင်ကော်မတီက တရားဝင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လူထုချီတက်ပွဲအပြီးတွင် ဆန္ဒပြဦးဆောင်ကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး တရား စွဲခံထားရသည့် ကရင်နီလူငယ် ၅၅ ဦးတို့၏ အမှုများ ရုပ်သိမ်းပေးရန်နှင့် ကရင်နီလူငယ်များ ဘက်ကလည်း ဆန္ဒပြမှုများ ခေတ္တရပ်နားထားရန် သဘောတူညီမှု ရရှိခဲ့သည်။