ရန်ကုန် မြို့၌ လာမည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန်အတွက် ကြိုတင် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း ရန် ကုန်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးအောင်ကျော်ဦး ကပြောသည်။
ဦးအောင်ကျော်ဦး က “ဒီနှစ်နွေရာသီမှာ ရန်ကုန်မြို့ ဓာတ်အား မပြတ်တောက်ရေးအတွက် ဖြန့်ဖြူးရေး နဲ့ ပတ်သက်လို့ကျနော်တို့ဘက်က အဆင်သင့် ဖြစ်နေပါပြီ။ ဓာတ်အားလိုင်းတွေ လုပ်နေတာတော့ အများကြီး ရှိပါတယ်။ တခြား ခွဲရုံ အသစ် ၇ ရုံလောက်ကို ကြိုတင် ပြင်ဆင်ပြီးတော့ ဖွင့်လှစ်ထားတာ ရှိပါတယ်။ ဓာတ်အားလိုင်းတွေလည်း တော်တော် များများ ဆွဲထားပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။
နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတွင် လစဉ် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် မီဒီယာများ ၏ မေးမြန်းမှုကို ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လျှပ်စစ်မီး မပြတ်တောက်စေရန် အတွက် ဓာတ်အားထုတ်လုပ်သည့် အပိုင်း၊ သယ်ဆောင်သည့် အပိုင်းနှင့် ဖြန့်ဖြူးသည့် အပိုင်း ဟူ၍ အပိုင်း ၃ ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း ၊ ၆၆ ကေဗွီ ရှိသည့် ဓာတ်အားခွဲရုံ အသစ်ကို ရန်ကုန်ဆေးရုံကြီး ဧရိယာအတွင်း နှင့် တောင်ဥက္ကလာပ မြို့နယ်တွင် ဆောက်လုပ်၍ ပြီးစီးပြီး ဖြစ်ကြောင်း၊ လာမည့် မတ်လအတွင်း လှိုင်တက္ကသိုလ် ခွဲရုံနှင့် အခြား ခွဲရုံ ပေါင်း ၇ ရုံကို ဆောက်လုပ်၍ ကြိုတင်ပြင်သွားမည် ဖြစ်ကြောင်း ဦးအောင်ကျော်ဦး က ဆိုသည်။
ပြီးခဲ့သည့် နှစ် နွေရာသီ မေလ အတွင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ် သုံးစွဲခဲ့သည့် မဂ္ဂါဝပ် ၁၅၅၀ သုံးစွဲခဲ့ပြီး ယခုနှစ်တွင် ယခုနှစ် နွေရာသီတွင် ၁၈၀၀ ခန့် အသုံးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ သုံးစွဲမည့် လျှပ်စစ်ကို လုံလောက်စွာ ဖြန့်ဖြူးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
အပူချိန် မြှင့်တက်သည့် လများတွင် လျှပ်စစ် သုံးစွဲမှု ပိုမိုသုံးစွဲကြပြီး လျှပ်စစ်လုံလောက်မှု မရှိခြင်း၊ မကြာခဏ မီးပြတ် တောက်မှု များဖြစ်ပေါ်ခြင်းကြောင့် ပြည်သူများ မကျေနပ်သည့် အသံများ လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြမှုကို လည်းတွေ့ရသည်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အတွင်း နေထိုင်သူ ဦးပြည့်စုံကလည်း “ရန်ကုန်မှာ ခဏခဏ မီးပျက်နေတာ ဆိုတော့ မီးပျက်တဲ့ ကိစ္စဟာ Complains တက်ရမယ့် ကိစ္စလို့တောင် မမြင်တော့ဘူး။ မီးပျက်တာ ရိုးသွားတာမျိုးတော့ သူတို့က မပျက်ဘူးပြောလည်း ယုံကြည်မှုတော့ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ရန်ကုန် တိုင်းဒေသကြီးမှ တနိုင်ငံလုံးသုံးစွဲသည့် လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ထက်ဝက်ခန့်ကို သုံးစွဲနေပြီး တနိုင်ငံလုံး သုံးစွဲရန် ထုတ်လုပ်နေသည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃,၀၀၀ ကျော်တွင် ရန်ကုန်တိုင်း က မဂ္ဂါဝပ် ၁,၅၀၀ သုံးစွဲနေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းအတွင်း ၂၃၀ ကေဗွီဓာတ်အားခွဲရုံ ၉ ရုံ ၊ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ၃၄ ရုံ ၊ ၃၃ ကေဗွီဓာတ်အားခွဲရုံ ၇၅၀ ၊ ၁၁ ကေဗွီ ဓာတ်အားခွဲရုံ ၉၀၈၃ ရုံ ၊ ၆ ဒသမ ၆ ကေဗွီ ဓာတ်အားခွဲရုံ ၃၄၈၂ ရုံ ရှိပြီး အိမ်သုံးမှာ ၅၀ ရာခိုင်နှုန်း၊ စက်မှုနှင့် စီးပွားရေး လုပ်ငန်းသုံး ၃၄ ရာခိုင်နှုန်း၊ လမ်းမီးနှင့် အခြားသုံးစွဲမှုမှာ ၁၆ ရာခိုင်နှုန်း အသုံးပြုလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ သိရသည်။
လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “လျှပ်စစ်မီး မမှန်ရင် ကုန်ထုတ်လုပ် မှုစရိတ် တက်သွားတော့ ဈေးက မြင့်ရတယ်။ တခြားနိုင်ငံတွေရဲ့ ကုန်ချောနဲ့ မယှဉ်နိုင်ဘူး။ နဂိုကမှ သူတို့နိုင်ငံက စက်အသစ်ကြီးတွေ ၊ ကောင်းတာ တွေနဲ့ လုပ်တော့ ကုန်ထုတ်လုပ်မှု စရိတ်က ကျတယ်လေ။ ဒီမှာက အဲ့လိုလည်း မလုပ်နိုင်ဘူးလေ။ အဲ့လိုမျိုးတွေ မထိခိုက်အောင် မီးမှန် မှန်လာဖို့ အဆင်ပြေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နှစ်သစ်ကူး ရက်ရှည် ရုံးပိတ်ရက်များ ရောက်ခါနီးတွင် မီးအများဆုံးပျက်ခြင်းကြောင့် စက်ရုံ လုပ်ငန်းများ အနေဖြင့် ခက်ခဲမှုများ အများ ဆုံး ကြုံတွေ့ ရကြောင်း၊ ရုံးပြန်ဖွင့်ရက် ကာလများတွင်လည်း လျှပ်စစ်မီး မှန်မှန် လာပေးရန် အတွက် လုပ်ငန်း များအနေဖြင့် အလွန် အရေးကြီးကြောင်း ဦးမြတ်သင်းအောင် က ဆိုသည်။