ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း ဝင်ရောက်နေသည့် မြန်မာ စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ခိုလှုံခွင့် မပေးသည့် အတွက် ဒုက္ခသည်များ နယ်စပ်၌ သောင်တင်နေသည်ဟု သတင်း ရရှိသည်။
အဆိုပါ ဒုက္ခသည် ၂၀၀ ကျော်မှာ ပလက်ဝ မြို့နယ်၊ ကင်းတလင်း ကျေးရွာနှင့် ခမောင်းဝ ကျေးရွာတို့မှ ချင်း၊ ခမီ၊ မြို နှင့် ရခိုင် ဒေသခံများ ဖြစ်ပြီး တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား တိုက်ပွဲများကြောင့် ဖေဖော်ဝါရီလ ၃ ရက် တွင် နေရပ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ခိုလှုံသွားကြခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ကူညီပေးနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘန်ဒါဘင် ခရိုင် အခြေစိုက် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဝင်းသိန်းက “မွတ်စလင် ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာ ဖြစ်ဖြစ် ဘယ်ဒုက္ခသည်မှ ပေးမဝင်ဘူး ဆိုပြီး နယ်ခြား စောင့်တပ် (BGB) တွေ က ဒုက္ခသည်တွေကို ခင်များတို့ ဒီမှာ နေလို့ မရတော့ဘူး။ ၃ ရက် အချိန်ပေးမယ်။ ၃ ရက် အတွင်း မြန်မာ ပြည်ကို ပြန်သွား။ မဟုတ်ရင် ကြိုက်တဲ့ နေရာသွားတော့ ဆိုပြီး ပြောတယ်”ဟု ပြောပြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘန်ဒါဘင် ခရိုင်မှ အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ တရပ် ပြု လုပ်ကာ မြန်မာ ဒုက္ခသည်များကို ၃ ရက် အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှ ထွက်ခွာသွားရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဦးဝင်းသိန်းက ပြောသည်။
ဖေဖော်ဝါရီလ၁၂ ရက်တွင် ဒုက္ခသည်များထဲမှ အိမ်ထောင်စု ၈ စုမှာ အိန္ဒိယနိုင်ငံ နယ်စပ်ကို သွားမည်ဟု ပြောဆိုကာ တဖွဲ့ သီးသန့် ထွက်သွားပြီး ကျန် အိမ်ထောင်စု ၄၀ မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်သို့ ပြန်သွားသည်ဟု ၎င်းက ဆို သည်။
ဦးဝင်းသိန်းက“Zero Point နားလောက်မှာ ပီမြို့ဆိုတဲ့ မြို့တမြို့ ရှိတယ်။ ဘင်္ဂလား ပိုင်နက်။ အဲဒီမှာ တောင်တခုက တော်တော် ကြီးတယ်။ သူတို့ အဲဒီနားမှာပဲ စခန်း ချနေတယ်။ အဲဒီနားက မြိုရွာ၊ ချင်းရွာတို့က အလှူခံပြီး ရတာနဲ့ စားပါ တယ်။ ကျနော်တို့က ကူညီဖို့ တရားဝင် ခွင့်ပြုချက် မရလို့ ခိုးပြီးတော့ ပို့ပါတယ်”ဟု ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး A K Abdul Momen က မြန်မာ ဒုက္ခသည်များ နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာပြီး ဖေဖော်ဝါရီလ ၇ ရက် ကတည်းက မြန်မာဘက်မှ ဒုက္ခသည်များ ထပ်မံ ခိုလှုံလာခြင်း မရှိစေရန် နယ်စပ်များ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုထားသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကလည်း မြန်မာနှင့် ထိစပ်နေသည့် နယ်စပ် တလျှောက်ကို လုံခြုံ ရေး တပ်ဖွဲ့များ တိုးချထားသည်ဟု ဖေဖော်ဝါရီလ ၇ ရက်က ပြောဆိုကြောင်း The Times of India သတင်းဌာနက ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ် ဘက်သို့ ဝင်ရောက်သည့် ဒုက္ခသည် ၂၈၀ ကျော် အနက် ၁၂၄ ဦးကို ပလက်ဝ မြို့နယ်အတွင်း ပြေးလာ စဉ် AA တပ်ဖွဲ့ဝင်များက တွေ့သဖြင့် နယ်စပ်ထိ ရောက်အောင် ရိက္ခာပေးကာ လမ်းပြပေးပြီး ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံ နိုင်ရန် ကူညီပေးလိုက်သည်ဟု AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်မှ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးမည်ဟု မျှော်လင့်ကြောင်းလည်း ဦးခိုင်သုခ က ဆိုသည်။
သို့သော် ဖေဖော်ဝါရီလ ၈ ရက်ထုတ် အစိုးရပိုင် ကြေးမုံ သတင်းစာ၊ သတင်းနှင့် ပြန်ကြားရေး ဌာနတို့က ကင်းတလင်း နှင့် ခမောင်းဝ ကျေးရွာတု့ိမှ မူလတန်း ကျောင်းသူ ကျောင်းသား ၃၈ ဦး၊ ရခိုင်နှင့် အခြား တိုင်းရင်းသား ၂၀၀ ခန့်ကို AA က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ခေါ်သွားကာ ချစ်ခင် ရင်းနှီးနေသည့် အိမ်နီးချင်း နှစ်နိုင်ငံကြား နားလည်မှု လွဲအောင် ဆောင် ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။
ဦးဝင်းသိန်းက ဒုက္ခသည်များမှာ ကျောက်တော်နှင့် ပလက်ဝမြို့သို့ ပြေးရန် ကြိုးစားသော်လည်း တိုက်ပွဲများ ဖြစ်လာသ ဖြင့် ၎င်းတို့ ဆုံးဖြတ်ချက်နှင့် ဘင်္ဂလားဒေ့ရှ် ဒေသတွင်း ပြေးလာခြင်း ဖြစ်သည်ဟု ပြောဆိုကြကြောင်း ပြန်ပြောပြ သည်။
ဆက်လက်၍ ၎င်းက“UNHCR က ကူညီဖို့ သွားတယ်ဗျ။ ဘင်္ဂလား အစိုးရက ခွင့်မပြုပါဘူး။ Red Cross ကလည်း ကား ၃ စီး သွားပါတယ်။ ပစ္စည်းတွေရော ကူဖို့ကို ဘင်္ဂလား စစ်တပ်က ခွင့်မပြုပါဘူး”ဟု ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ ကူညီမည်ကို လက်မခံဘဲ ဘင်္ဂလားဒေ့ရှ် ပိုင်နက် အတွင်းမှ နှင်ထုတ်ခံလိုက်ရပြီးနောက် နယ် စပ် မျဉ်းအနီး ရောက်နေသည့် မြန်မာ ဒုက္ခသည်များကို စစ်ဘေးရှောင် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ (ဘင်္ဂလား ဒေ့ရှ်) မှ ရိက္ခာ၊ အမိုးအကာနှင့် အဝတ်အစားများ သွားရောက် ပို့ပေးကာ လှူဒါန်းထားသည်ဟု သိရသည်။
စစ်ဘေးရှောင် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ (ဘင်္ဂလားဒေ့ရှ်)တွင် ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဦးဝင်းသိန်းက ၎င်း တို့ ကော်မတီသည် ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင် အသိုင်းအဝိုင်းတွင် အလှူခံပြီး မွတ်စလင် ဒုက္ခသည်များ ပိုလျှံနေ သဖြင့် ပြန်ရောင်းချထားသည့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) တံဆိပ်ပါ အမိုးအကာ နှင့် အသုံးအဆောင် ပစ္စည်းများကို ပြန်ဝယ်၍ မြန်မာ ဒုက္ခသည်များကို ကူညီထားသည်ဟု ဆိုသည်။
ဦးဝင်းသိန်းက“ကျနော်တို့ အဖွဲ့တွေလည်း နောက်ထပ် တခေါက်လောက် ပို့နိုင်ရင် ပို့နိုင်မယ်။ အမြဲတော့ မပို့နိုင်ပါ ဘူး။ ပြဿနာက မြေပြင်ကို ကျနော်တို့ သွားလို့ မရဘူး။ လုံးဝကို သွားလို့ မရပါဘူး”ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင် သောင်တင်နေသည့် ဒုက္ခသည်များကို ဆက်သွယ်နေခြင်း ရှိ မရှိ ချင်းပြည်နယ်၊ လူမှု ရေး ဝန်ကြီး ဦးပေါင်လွန်မင်းထန်ကို မေးမြန်းရာ “လောလောဆယ် Update ဘာမှ မရသေးဘူး။ ဒီလ ၃ ရက်က တိုက်ပွဲ ရှိလို့ AA က ခေါ်သွားတာ။ တဖက်မှာလည်း ကျနော်တို့ ခေါ်သွားရခြင်း အကြောင်းအရင်းကို မသိနိုင်ပါဘူး။ သူတို့ ပိုလုံခြုံ တဲ့ နေရာကို သွားတာလား။ ဒါမှမဟုတ် ဒီအဖွဲ့တွေနဲ့ သွားမှ သူတို့ လုံခြုံမှာလား မသိပါဘူး”ဟု ပြောဆို သည်။
ဒုက္ခသည်များ၏ နေရပ်ရင်း ဖြစ်သည့် ကင်းတလင်း ကျေးရွာနှင့် ခမောင်းဝ ကျေးရွာတို့ တဝိုက်တွင် တိုက်ပွဲ ဖြစ်သံများ မကြားရတော့သော်လည်း တပ်မတော်မှ အင်အားဖြင့် လုံခြုံရေး တင်းကြပ်ထား သဖြင့် အပြင်လူများ ဝင်ထွက် သွားလာ ရန် ခက်ခဲသည်ဟု ၎င်းက ဆိုသည်။
ဦးပေါင်လွန်မင်းထန်က ၎င်းတို့ အစိုးရ အဖွဲ့မှ ပလက်ဝ မြို့နယ်တွင်း စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေသည့် ဒုက္ခသည် ၃၀၀၀ ကျော်ကိုလည်း ကြည့်ရှု ကူညီပေးနေပြီး ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေသည့် ဒုက္ခသည်များကို ဘင်္ဂလား အာဏာ ပိုင်များက ထွက်ခွာသွားရန် ပြောဆိုသည့် သတင်း အချက်အလက်များကို မသိရှိသေးဟု ပြော သည်။
“ပြည်နယ် အစိုးရ အနေနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို တတ်နိုင်သလောက် ကူညီတာပဲ ရှိတယ်။ တိုက်ပွဲတွေကြောင့် လူ ငယ်တွေ တော်တော်များများ ဘဝ ပျက်စီး သွားတယ်။ ဒါတော့ စိတ်မကောင်းပါဘူး။ တိုက်ပွဲ ဖြစ်နေသရွေ့လည်း ကျနော် တို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး မြန်မြန် ဆွေးနွေးနိုင်ဖို့ ဖြစ်စေချင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
နယ်စပ်တွင် သောင်တင်နေသည့် ဒုက္ခသည်များ အရေးကို နှစ်နိုင်ငံကြား ဆွေးနွေးမှု ရှိမရှိ မေးမြန်းရန် နိုင်ငံခြားရေး ဝန် ကြီးဌာနမှ ပြောရေး ဆိုခွင့် ရှိသူများကို ဧရာဝတီက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့၌ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀၀ ကျော် ရှိကြောင်း သိရ သည်။
ဆက်စပ် ဖတ်ရှုရန်
ပလက်ဝ စစ်ရှောင်များကို ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံရန် ပို့ဆောင်ပေးဟု AA ပြော
ရာနှင့်ချီသော ချင်းနှင့်ရခိုင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး