သတင်း

၂၀၁၈ ခုနှစ် အတွင်း ဧရာဝတီတိုင်း၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ ၁၉၀ ကျော်ရှိ

Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ်၌ ဧရာဝတီတိုင်း ဒေသကြီး အတွင်း သေမှုသေခင်းပေါင်း ၉၀၀ ကျော် အနက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ ၁၉၃ ဦး ရှိကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“ဧရာဝတီတိုင်း ဒေသကြီး အတွင်း ၂၀၁၈ ခုနှစ်ထဲမှာ သေမှုသေခင်းပေါင်း ၉၆၅ ခု ဖြစ်ခဲ့ရာမှာ မိမိကိုယ်ကို သတ်သေသူ ၁၉၃ ဦး ရှိပါတယ်။ မိမိကိုယ်ကို သတ်သေရတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်တော့ အဓိကက လူမှုရေး၊ စီးပွားရေး အခက်အခဲတွေကြောင့် ဖြစ်ပါ တယ်”ဟု ဧရာဝတီ ကို ပြောသည်။

ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၁၉၃ ဦး အနက် ကြိုးဆွဲချ သေဆုံးသူ ၁၄၃ ဦး၊ အဆိပ်သောက် သေဆုံးသူ ၄၂ ဦး၊ ကိုယ့်ကိုယ်ကိုယ် ဓားဖြင့် ထိုး၍ သေဆုံးသူ ၆ ဦးနှင့် သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသူ ၂ ဦးတို့ ဖြစ်ကြောင်း ဧရာဝတီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများတွင် ဖော်ပြထားသည်။

ယင်းသို့ သတ်သေသူများ ထဲတွင် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့သူ ၂ ဦးသည် ရဲအရာရှိများ ဖြစ်ကြ သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်က မြောင်းမြခရိုင် ဝါးခယ်မ မြို့နယ် ကျုံမငေး နယ်မြေ ရဲစခန်းတွင် ယာယီ စခန်းမှူး အဖြစ် တာဝန် ထမ်းဆောင်နေသည့် ရဲအုပ် လှိုင်ဝင်းမှာ ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပန်းတနော် မြို့နယ် သုံးခွ နယ်မြေ ရဲစခန်း၏ နယ်ထိန်း ခေါင်းဆောင် ဘုရားချောင်း ရဲကင်းမှူး ဒုရဲအုပ် ကောင်း မြတ်သူ သည်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်တွင် ၎င်းအား ပေးအပ်ထားသည့် ခြောက်လုံးပြူး သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပစ်ကာ အဆုံး စီရင်မှု ဖြစ်ပွားခဲ့သည်။

ထားဝယ် တက္ကသိုလ် စိတ်ပညာ ဌာနမှ ကထိက ဒေါ်သီသီအောင်က“စိတ်ပညာ အရက စိတ်ဓာတ်ကျရင်လည်း Suicide (ကိုယ့်ကိုယ်ကိုယ် သတ်သေမှု) လုပ်လေ့ ရှိသလို စိတ်ကြွလွန်းရင်လည်း Suicide လုပ်လေ့ ရှိပါတယ်။ စိတ်ဓာတ်ကျတာ တော့ ပုံစံ မျိုးစုံ ရှိတာပေါ့။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အရ အဆင်မပြေမှုတွေ အခက်အခဲတွေ ကြုံတဲ့အခါ လူတွေ စိတ်ဓာတ်ကျပြီး Suicide လုပ်တာ များပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “အဲဒီလိုတွေ ဖြစ်လာပြီ ဆိုရင် စိတ်ပညာ ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီး အကြံဉာဏ်တွေ ရယူဖို့ လိုတယ်။ အနီးစပ်ဆုံးကတော့ တိုင်ပင်လို့ရမယ့် သူတွေကို ရင်ဖွင့် တိုင်ပင်ပြီး အကြံဉာဏ် ရယူတာမျိုးတွေ လုပ် သင့်ပါတယ်”ဟု ဆိုသည်။

ထို့ပြင် အရွယ်ရောက်ချိန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ မပြုလုပ်စေရန် အတွက် မိဘ အုပ်ထိန်းသူများ အနေနှင့် မိမိတို့ သားသမီးများကို ငယ်စဉ် အချိန်မှ စတင်၍ ရုပ်ပိုင်းရော၊ စိတ်ပိုင်း ဆိုင်ရာပါ ကြံ့ခိုင်စေရန်၊ အခက်အခဲများ ရင်ဆိုင် ကျော်လွှားနိုင်ရန် ပြုစု ပျိုးထောင်ပေးမှု လိုအပ်ကြောင်း ဒေါ်သီသီအောင်က ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် လပွတ္တာမြို့မှ လယ်သမား လင်မယား နှစ်ဦး ကြိုးဆွဲချ သတ်သေမှု ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ အတွင်းကလည်း ပုသိမ်မြို့ ဇင်ပြွန်းကုန်း ကျေးရွာ အုပ်စု မြင်းချောင်း ကျေးရွာမှ အသက် ၁၉ နှစ် အရွယ် အမျိုးသမီးငယ် တဦးမှာ လူမှုရေး ပြဿနာကြောင့် ကြိုးဆွဲချ သတ်သေမှု ဖြစ်ပွားခဲ့သည်။

ထို့ပြင်၂၀၁၈ နိုဝင်ဘာလ ၉ ရက်က ငါးသိုင်းချောင်းမြို့မှ အသက် ၂၃ နှစ် အရွယ် အင်ဂျင်နီယာ ဘွဲ့ရ ကျောင်းသူ တဦးမှာ လည်း အိမ်တွင်းရေး အဆင်မပြေမှုကို အကြောင်းပြုပြီး ကြိုးဆွဲချ သတ်သေခဲ့သည်။

ပုသိမ် ဆေးရုံကြီးတွင် တက်ရောက် ကုသနေသည့် အမျိုးသား လူနာ တဦးမှာ နိုဝင်ဘာလ ၂၅ ရက်က ဆေးရုံ အရှေ့ ဘက်ရှိ ရေတွင်းထဲသို့ ခုန်ချကာ အဆုံး စီရင်မှု ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။

ပုသိမ်မြို့ အခြေစိုက် မနောဖြူ ဘက်စုံ ပရဟိတ ဆရာတော် ဦးစန္ဒာသီရိက“လောကမှာ ဘာအခက်အခဲပဲ ကြုံကြုံ အသက် ရှင်နေ သရွေ့၊ မနက်ဖြန် ဆိုတာ ရှိနေသရွေ့ မျှော်လင့်ချက် ဆိုတာ ရှိပါတယ်။ ပြဿနာ ဟူသမျှဟာ ဖြေရှင်းဖို့ နည်းလမ်း တခုမဟုတ် တခု ရှိတယ်။ ကိုယ်စိတ်ညစ်ချိန်၊ စိတ်ဓာတ်ကျချိန်မှာ ကိုယ့်အပေါ် နားလည်ပေးနိုင်သူ၊ အကြံဉာဏ်ကောင်း ပေးနိုင်သူတွေကို ရင်ဖွင့်တိုင်ပင်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ အကောင်းဆုံး နည်းလမ်း ရှာဖွေပါ။ ဘဝကို အလွယ် တကူ လက်မြှောက် အရှုံးပေးတာတွေ မလုပ်ကြဖို့ တိုက်တွန်းပါတယ်”ဟု မိန့်ကြားသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင်၂၀၁၈ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် သေမှုသေခင်း ၉၆၅ မှုတွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၃၀၊ ဓာတ်လိုက်၍ သေဆုံးသူ ၂၅ ဦး၊ အရက် အမူးလွန် သေဆုံးသူ ၄၂ ဦး၊ ဆင်နင်း၍ သေဆုံးသူ ၂ ဦး၊ ရထားကြိတ် သေဆုံးသူ ၂ ဦးနှင့် အစာအဆိပ်သင့်၍ သေဆုံးသူ ၅ ဦး ပါဝင်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading