ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသော လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၌ လာမည့် ရက်သတ္တပတ်၌ စတင်၍ ကြားနာ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက “Right to Recall က လွှတ်တော်ဖွင့်ရက်မှာ ဥပဒေကြမ်း ကော်မတီကို ရောက်လာမယ်လို့ သိထားပြီးသား။ အခုတော့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီကို ရောက်လာပြီ၊ လာမယ့်အပတ်မှာ စပြီးကြားနာ နိုင်လိမ့်မယ်” ဟု သတင်းထောက်များကို ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရေးဆွဲထားသော အဆိုပါ ဥပဒေကြမ်းကို ကော်မတီတွင် ကြားနာပြီးနောက် အစီရင်ခံစာနှင့် အတူ လွှတ်တော်တွင် ဆွေးနွေးရန် တင်သွင်းမည်ဖြစ်သည်။
အဆိုပါ ဥပဒေသည် ရှိသင့်သည့် ဥပဒေဖြစ်သည့်အတွက် ပြဌာန်းနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး ဖွဲ့စည်းပုံတွင် ပါဝင်သည့် အချက်များ အတိုင်း တူညီချင်မှ တူညီမည်ဟုလည်း ၎င်းက ပြောသည်။
ဦးဇော်မင်း က “ပထမ အကြိမ် လွှတ်တော်သက်တမ်းတုန်းကလည်း ဒါကို ဆွေးနွေး ပြီးသားလေ။ သို့သော် ဖွဲ့စည်းပုံထဲမှာ ပါနေတဲ့ အတိုင်းတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါကို ပြင်ဖို့တော့ ရည်ရွယ်ချက်ရှိတယ်။ ဒါကို ကော်မရှင်ကလည်း နဂိုကလည်း ပြောထားပြီးသား ဒါပြင်မယ်။ ပြင်ဖို့ရည်ရွယ်ချက် ရှိတယ်ဆိုတာ ပြောထားပြီးသား။ အန်ကယ်တို့ပြင်မှာပါ” ဟု ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရေးဆွဲသည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း (Right to Recall) တင်သွင်းရန် ကြန့်ကြာနေမှု အပေါ် ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် က ဇန်နဝါရီလကုန်ပိုင်းက မေးခွန်းထုတ်ခဲ့ပြီးနောက် ယခုကဲ့သို့ လွှတ်တော်ကော်မတီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ယင်းဥပဒေနှင့် ပတ်သက်ပြီး အများပြည်သူ အကြံပြုနိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော် ဝက်ဆိုဒ်တွင် ထုတ်ပြန် ကြေငြာထားသည်။
အဆိုပါ ဥပဒေသည် ပြည်သူက မဲပေးရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်ပြီး တပ်မတော်သား ကိုယ်စားလှယ်များနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုသည်။
အဆိုပါဥပဒေသည် ပြည်သူများအတွက် ရှိသင့်သည့် ဥပဒေဖြစ်ကြောင်းလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း လည်းဖြစ် လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးခင်အောင်မြင့်က ပြောသည်။
ဦးခင်အောင်မြင့် က “ပြည်သူက ရွေးကောက်တင်မြှောက်ထားလို့ရှိရင် ပြည်သူက ပြန်ခေါ်ခွင့်ရှိတာပေါ့။ သဘောကဒါပဲလေ။ ကိုယ်က ကိုယ့်ကိုယ်စား လွှတ်တော်တက်ခိုင်းတာကိုး” ဟုဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ Right to Recall နှင့် ပတ်သက်ပြီး ဥပဒေပြဌာန်းရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သတ်မှတ်ထားကြောင်း၊ ယင်းသို့ ပြဌာန်းရမည့် အခြေခံ အချက်အလက်သည် လက်တွေ့ အကောင်အထည် ဖော်နိုင်သည့် အနေအထားဖြစ် မဖြစ်ကိုလည်း ဥပဒေအပေါ် မူတည်စဉ်းစားရမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က ပြောသည်။
ယင်းဥပဒေနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ရုတ်သိမ်းရန် တိုင်ကြားနိုင်မည့် မဲဆန္ဒရှင် ရာခိုင်နှုန်းနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် မဲပေးသူ စုစုပေါင်း၏ ၁ ရာခိုင်နှုန်းဆိုသည်မှာ နည်းပါး၍ ယင်းပမာဏထက် တိုးမြှင့်သင့်သည်ဟု ကိုယ်စားလှယ်များက ဝေဖန်ဆွေးနွေးခဲ့ကြသည်။
ဦးခင်အောင်မြင့် က “အဲဒီလို လုပ်လို့ မရဘူးလေ။ အခြေခံဥပဒေမှာ ၁ ရာခိုင်နှုန်းဆို ၁ရာခိုင်နှုန်းပဲ။ အခြေခံဥပဒေမှာ ပြင်မှ မပြင်ရသေးဘဲ။ ဆွေးနွေးလို့တော့ မရသေးဘူး” ဟု မှတ်ချက်ပြုသည်။
ယင်းအချိုး အစားအပေါ် NLD ပါတီမှ ဦးအောင်ကြည်ညွှန့် က “အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတာကိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့အထဲမှာလည်း အဲဒီ ၁ ရာခိုင်နှုန်း အစား ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ သင့်လျော်တာ ဘာတွေလဲ ဆိုတာ စဉ်းစားရဦးမယ်လေ။ ခုလောလောဆယ်တော့ ဒီဥပဒေကြမ်းပေါ်လာတော့ အခု အမျိုးသားက စကိုင်ပြီ။ အမျိုးသား ဥပဒေကြမ်း ကော်မတီမှာ ဘာတွေဖြစ်ဦးမလဲ ဘယ်လိုသုံးသပ်ဦးမလဲဆိုတာ မသိသေးဘူးပေါ့” ဟု ပြောသည်။
နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိစေရန် ဖြည့်ဆည်းပေးနိုင်မည့် Right to Recall ဥပဒေကြမ်းကို ရွေးကောက်ပွဲ ကော်မရှင်က ရေးဆွဲပြီးပြီဟု ဖြေကြားထားသော်လည်း ၆ လကြာသည်အထိ လွှတ်တော်သို့ တင်သွင်းခြင်း မရှိသေး၍ မည်သည့် အတွက်ကြောင့် ကြန့်ကြာနေသည်ကို သိလိုကြောင်း ဦးမောင်မြင့် က ဇန်နဝါရီလ ၂၈ ရက်က ပြည်သူ့လွှတ်တော်တွင် မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး က ယင်းဥပဒေသည် ပထမအကြိမ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး ဆိုင်းငံ့ထားသည့်ကိစ္စ ဖြစ်သောကြောင့် လွှတ်တော်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း ဖြေဆိုခဲ့ပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥပဒေကြမ်း ရေးဆွဲတင်ပြရန် ပြည်ထောင်စု လွှတ်တော်၏ လမ်းညွှန်မှု မလိုအပ်ဘဲ ယင်းဥပဒေကို စီမံခန့်ခွဲရသည့် ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်သာလျှင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တဦးသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက် တရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်အောင် မဆောင်ရွက်ခြင်းတို့ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။
လွှတ်တော်ကိုယ်စားလှယ် တဦးသည် အထက်ပါအကြောင်းတရပ်ကို ဖောက်ဖျက်ပါက တာဝန်မှ ရုပ်သိမ်းပေးရန် သက်ဆိုင်ရာ နယ်မှ မဲဆန္ဒရှင်ပြည်သူများအနက် အနည်းဆုံး ၁ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရမည်ဖြစ်သည်။
ကော်မရှင်က တိုင်တန်းချက် ရရှိပါက လွှတ်တော်ဥက္ကဋ္ဌထံ အကြောင်းကြားခြင်း၊ တိုင်ကြားခံရသော လွှတ်တော် ကိုယ်စားလှယ်ထံ အကြောင်းကြားခြင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ခြင်းတို့ ပြုလုပ်စစ်ဆေးရမည်ဖြစ်သည်။
ကော်မရှင်က တိုင်တန်းသူ ၁ ရာခိုင်နှုန်းမပြည့်ခြင်း၊ တိုင်ကြားချက်မမှန်ခြင်း၊ တာဝန်မှ ရုပ်သိမ်းရန် အကြောင်း မတွေ့ခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း ခံစားခွင့်တို့ကြောင့်တိုင်တန်းခြင်းတို့ကို တွေ့ရှိလျှင် ပလပ်နိုင်သည်။
တိုင်ကြားချက်မှန်ကန်ပြီး ဆက်လက်တာဝန်ထမ်းရန် မသင့်ဟု ယူဆပါကလည်း သတ်မှတ်ထားသော နည်းလမ်းများဖြင့် မဲဆန္ဒရှင်ပြည်သူများကို ဆန္ဒမဲပေးဆုံးဖြတ်စေရမည်ဖြစ်ပြီး မူလမဲဆန္ဒရှင်ပြည်သူ ထက်ဝက်ကျော်က လာရောက် မဲမပေးပါက တာဝန်မှ မရုပ်သိမ်းရန် ဆုံးဖြတ်ရမည်ဟု ဥပဒေကြမ်းတွင် ပါရှိသည်။ ထို့အပြင် လာရောက်မဲပေးသူ၏ ထက်ဝက်ကျော်က တာဝန်မှ ရုပ်သိမ်းကြောင်း ဆန္ဒမပြုလျှင်လည်း တာဝန်မှ ရပ်စဲနိုင်ခြင်း မရှိဟုလည်း ပါရှိသည်။