သတင်း

အမရပူရမြို့ဟောင်း သမိုင်းဆိုင်ရာ စစ်တမ်း ကောက်ယူမှု ပါဝင်လိုသူများ လက်ခံမည်

Want create site? Find Free WordPress Themes and plugins.

အမရပူရနန်းမြို့ဟောင်းနှင့်သက်ဆိုင်သည့် အဆောက်အအုံများနှင့် သမိုင်း ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူ ရာ၌ ပူးပေါင်းဆောင်ရွက်လိုပါက လက်ခံသွားမည်ဟု ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(မန္တလေး ဌာနခွဲ)မှ သိရသည်။

“အမရပူမြို့ဟောင်းနဲ့ ရှေးဟောင်းစေတီ၊ ပုထိုးတွေရဲ့ သမိုင်းအချက်အလက်တွေကို ကျနော်တို့ ကွင်း ဆင်းပြီးတော့ လုပ် ထားတာရှိပါတယ်၊ အဲဒီလို ကွင်းဆင်းလေ့လာတိုင်းတာရေးအတွက် အဓိက လိုအပ်ချက်က ဘဏ္ဍာရေးဖြစ်နေတော့ ဝါသ နာပါတဲ့ အဖွဲ့တွေအနေနဲ့ ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် လက်ခံပြီး တတ်နိုင်သမျှကူညီပေးသွားပါမယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးလွင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် အမရပူရနန်းမြို့ဟောင်းနှင့် သက်ဆိုင်သည့် ရှေးဟောင်း အဆောက်အအုံများနှင့် သမိုင်းဆိုင်ရာ အချက်အလက်များကို ကောက်ယူ၍ မှတ်တမ်းပြုစု ထုတ်ဝေ သွားနိုင်ရန် စတင်လုပ်ဆောင်ခဲ့သော်လည်း ထင်ရှားသော ရှေးဟောင်း အဆောက်အအုံ ၆၅ခုနှင့် ပတ်ဝန်ကျင် ဆက်စပ်မှု သမိုင်း အထောက်အထားများကို ကောက်ယူရာတွင် ဘဏ္ဍာရေး အခြေအနေများကြောင့် ရပ်ဆိုင်းထားရကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က ကျနော်တို့မှာ ရှိတဲ့ အင်အားနဲ့ စာရင်းတွေ လိုက်ကောက်ခဲ့တယ်၊ မနှစ်က ကွင်းဆင်း ပြီး ရသလောက် ကို တော့ စာရင်းလုပ်ထားပြီး ဖြစ်ပါတယ်၊ အဲဒီလို လုပ်ဆောင်ဖို့ ဘတ်ဂျက် အနေနဲ့ က ၁၀သိန်းပဲ ရခဲ့တာပါ၊ အမရပူရ တခု လုံးကိုတော့ မပြီးခဲ့ပါဘူး၊ အခုလက်ရှိမှာတော့ ရပ်ထားပါ တယ်၊ ဒီနှစ်အတွက် လုပ်ငန်းကို ဆက်မလုပ်ဖြစ် သေးပါဘူး”ဟု ဦးအေးလွင်က ရှင်းပြသည်။

အဆိုပါ စစ်တမ်း ကောက်ယူရခြင်းမှာ အမရပူရမြို့နယ် အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များ ကျန်ရှိနေသည့် အခြေ အနေကို သိရှိရန်၊ ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ် ထိန်းသိမ်းရန်နှင့် ခရီးသွားလမ်းညွှန်စာအုပ်အဖြစ် ထုတ် ဝေနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဟုလည်း ဆိုသည်။

“စာအုပ်ထွက်တဲ့ထိ ရည်ရွယ်ခဲ့ပေမယ့် ဘဏ္ဍရေးကြောင့် ရပ်နားထားတယ်၊ စစ်တမ်း ကောက်ခဲ့တဲ့ ရည်ရွယ်ချက်ကိုက ရှေးဟောင်းအမွေအနှစ်တွေ ကျန်ရှိနေတာကို သိရှိနိုင်ဖို့နဲ့ ခရီးသွားလမ်းညွှန် လုပ်ဆောင် ဖို့ ပါပဲ၊ ကွင်းဆင်းတဲ့ အခါမှာ အချို့ နေရာတွေက တစုတစည်းတည်းရှိပြီး အချို့နေရာ တွေကတော့ အခက်အခဲတွေ ရှိနေတယ်” ဦးအေးလွင်က ဆက်လက်ပြောသည်။

မင်းကွန်း ပုထိုးတော်ကြီး (ဇော်ဇော်/ဧရာဝတီ)

အမရပူရနန်းမြို့နှင့် ပတ်သက်သည့် သမိုင်းစာအုပ်ထုတ်ဝေရာတွင် ဘုရားစေတီများ၊ အဆောက်အအုံ သမိုင်းကြောင်းများ ဆိုင်ရာအချက်အလက်များနှင့်အတူ ဓာတ်ပုံများလည်း ပါဝင်မည်ဟု သိရသည်။

“လုပ်ပြီး ထားသမျှကို ပုံဖော် ရေးဆွဲတာတွေ၊ နေရာနဲ့ အတိုင်းအတာ အမှတ်အသားတွေ၊ အကျယ် အဝန်းတွေ၊ လက်ရှိ ကျန်နေတဲ့ အခြေအနေနဲ့ သမိုင်းကြောင်း အချက်အလက် စုဆောင်းတာ တွေကို အားလုံး ပြီးစီးခဲ့ပါတယ်၊ ကုန်ကျစရိတ် အနေနဲ့ အဆောက်အအုံ တခုအတွက် မြေပုံဆွဲခ အနည်းဆုံး ၁သောင်းကျော်လောက် ကုန်ကျမှုရှိပါတယ်” ဟု ဦးအေးလွင်က ဆက်လက်ပြောသည်။

အမရပူရနန်းမြို့ဟောင်းနှင့်ပက်သက်၍ စာအုပ်ထုတ်ဝေနိုင်မည်ဆိုလျှင် ခရီးသွားလုပ်ငန်းအတွက် ခရီးစဉ်ဒေသသစ်၊ နေရာ သစ်များလည်း တိုးလာမည်ဖြစ်ကြောင်း မန္တလေးဒေသခံ ဧည့်လမ်းညွှန် ကိုသိန်းထိုက်ဦးကလည်း ဆိုသည်။

“မန္တလေးမှာက အခုနောက်ပိုင်း Update ဖြစ်တဲ့ ခရီးသွားလမ်းညွှန်က မရှိဘူး၊ လက်ရှိ သုံးနေတာ တွေက လွန်ခဲ့တဲ့ ၁၀နှစ်၊ ၁၅နှစ်လောက်က ပြုစုထားတာတွေ၊ ခရီးသွားလုပ်ငန်းအတွက် နေရာသစ် တွေ၊ အချက်အလက် အသစ်တွေက အမြဲတမ်း လိုအပ်နေတယ်၊ ခရီးသွားတွေ ကလည်း အဲဒီလို Update ဖြစ်တဲ့ အချက်အလက်တွေကို ပိုပြီး လိုချင်တာ၊ဒါကို စနစ်တကျ ကွင်းဆင်း လေ့လာ ပြုစုပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ”ဟု ပြောသည်။

ရှေးဟောင်းပညာရှင် တမ္မဝတီ ဦးဝင်းမောင်ကလည်း “ရှေးဟောင်းက နှစ်တိုင်းလိုလို ဘတ်ဂျက်က အနည်းဆုံး ရတယ်။ လုပ်စရာက အများကြီး၊ ဒါမျိုးကို ပြည်သူနဲ့ပူးပေါင်းပြီး လုပ်နိုင်ရင် တနှစ်မှာ လုပ်ငန်းတခု ပြီးတဲ့နေရာမှာ ၆ခုပြီးသွားမယ်၊ လိုအပ်တာထက် မလွန်ကဲ ဖို့တော့လိုတယ်။ ပြီးခဲ့တဲ့အခြေအနေတွေတုန်းက ပြည်သူတွေဆီကနေ အလှူခံပြီး ရှေးဟောင်း တွေကို ပြင်တဲ့အခါ လှူတဲ့သူတွေက ရွှေချချင်တာတို့ ထီးတင်ချင်တာတို့ဖြစ်လာတယ်။ ဒါတွေက ရှေးဟောင်းအက် ဥပဒေနဲ့ မညီဘူး။ ဒါကိုတော့ ထိန်းဖို့လိုတယ်”ဟု ထောက်ပြသည်။

ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)သည် စစ်တမ်း ကောက်ယူရာတွင် အမရပူရ ဆက်စပ် နယ်မြေ သပြေတန်းခံတပ်၊ ရွှေကြက်ယက်ဘုရား စသည့်နေရာများကိုလည်း ထည့်သွင်းကောက် ယူနိုင်ရန် လုပ်ဆောင်ခဲ့ပြီး အမရပူရကို ခေတ်တခေတ်အနေဖြင့်တင်စားကာ ယဉ်ကျေးမှုဖော်ထုတ်၍ သမိုင်းအမွေအနှစ် များကို ဖော်ထုတ်ထိန်းသိမ်းခြင်းအဖြစ် လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။

မြန်မာ့သမိုင်း ဖြတ်သန်းမှုတွင် အမရပူရသည် ခေတ်တခုအဖြစ် အထင်အရှားပါဝင်နေပြီး အမရပူရမြို့တော်ကို ခရစ်နှစ် ၁၇၈၃ခုနှစ်က ဘိုးတော်ဗဒုံမင်းက မြို့တည်နန်းတည်ခဲ့ကာ အမရပူရ၏ အဓိပ္ပယ်မှာ နတ်မြို့တော်(သို့) မသေသောမင်းမြို့ တော်ဟု ခေါ်ဝေါ်ပြီး မန္တလေးမြို့တည်၊နန်းတည် မင်းတုန်းမင်းလက်ထက် ၁၈၇၈ခုနှစ်အထိ နိုင်ငံ၏ ထီးနန်းစိုက်ရာ မြို့ဖြစ်ခဲ့ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading