ရခိုင်ပြည်နယ်တွင် မကြာမီ ဌာနချုပ် တည်ထောင်မည်ဟု AA အကြီးအကဲပြော
အစိုးရတပ်များနှင့် ရက္ခိုင့်တပ်မတော်(AA) တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားနေစဉ် AA အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မကြာမီအချိန်အတွင်း ရခိုင်ပြည်နယ်အတွင်းတွင် ယာယီ ဌာနချုပ် ထူထောင်မည်ဟု ရခိုင်ပြည်သူများအား ပြောဆိုလိုက်သည်။
ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က ရခိုင်ဘာသာစကားဖြင့် ထုတ်ပြန်သည့် AA အကြီးအကဲ၏ ဗီဒီယိုဖိုင်ကို ဧရာဝတီသတင်းဌာနက လေ့လာခဲ့ရာ AA အကြီးအကဲက ပြည်ပရောက် ရခိုင်များ “ရခိုင်ပြည်နယ် သမိုင်း၏ အရေးပါသောကာလ” တွင် ပါဝင်ရန် ရခိုင်ပြည်နယ်သို့ ပြန်လာကြရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ ထိုဗီဒီယိုသည် ယခုလအတွင်း AA က ဒုတိယအကြိမ်ထုတ်ပြန်သော ဗီဒီယိုဖြစ်သည်။ လွန်ခဲ့သော အပတ်က AA ဒုတိယ အကြီးအကဲ ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ဗီဒီယို တခုထုတ်ပြန်ခဲ့သည်။
ထိုဗီဒီယိုသည် AA အကြီးအကဲ၏ ဗီဒီယို အစစ်အမှန်ဖြစ်ကြောင်း AA နှင့်နီးစပ်သော သတင်းရင်းမြစ်များက အတည်ပြုပြောကြားသည်။ ရခိုင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ယခုဖြစ်ပွားနေသောစစ်ပွဲသည် AA နှင့် အစိုးရတပ်များအကြား လက်နက်ကိုင် ပဋိပက္ခသာမက ရခိုင်ပြည်သူအားလုံးနှင့် စစ်တပ်အကြားဖြစ်ပွားနေသော စစ်ဖြစ်ကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရွာသားများကို ပြောကြားနေသည်ကို ထို ဗီဒီယိုတွင် တွေ့ရသည်။ “ ရခိုင်ပြည်သူတွေဟာ AA နဲ့ အတူ ရပ်တည်နေတယ်လို့ ကျနော် လုံးဝ ယုံကြည်တယ်။ အစိုးရစစ်တပ်ဟာ ရခိုင်တမျိုးသားလုံးကို တိုက်ခိုက်နေတယ်လို့ ကျနော်တို့ အကြိမ်ကြိမ်ပြောခဲ့တယ်” ဟု သူပြောသည်။
တခါက ရခိုင်များသည် အခြားပြည်နယ်များနှင့် နိုင်ငံများတွင် လက်နက်ကိုင်တိုက်ပွဲတွင် ပါဝင်ရေးအတွက် သွားခဲ့ကြောင်း၊ ယခုပြန်လာရန် လိုကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် အကြံပေးသည်။ ယခု AA စစ်မြေပြင်တပ်မှူးများနှင့် ထောက်ခံသူများသည် အင်အားစုဆောင်းနေသောကြောင့် ထိုခေတ်ကုန်သွားပြီဟု သူပြောသည်။ အန္တိမ ရည်မှန်းချက် အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု AA အကြီးအကဲ သတိပေးသည်။ “ AA တပ်ဖွဲ့ဝင်ဖြစ်ချင်ရင် ကချင်ပြည်နယ်ကို သွားစရာမလိုတော့ဘူး။ အိမ်ကိုသာပြန်လာပြီး AA အကြောင်း နည်းနည်းစုံစမ်းလိုက်။ ကမ္ဘာကျော် AK တိုက်ခိုက်ရေးရိုင်ဖယ်တွေ၊ AK သေနတ် အသစ်စက်စက်တွေ ခင်များတို့ကိုစောင့်နေတယ်။ ပြန်လာပူးပေါင်းကြ” ဟု သူပြောသည်။
ဗီဒီယိုတွင် နားထောင်နေသော ရခိုင်တိုင်းရင်းသားများက “ဟုတ်တယ်၊ ဟုတ်တယ်”ဟု တညီတညာတည်း အော်နေကြသည်။ စစ်ပွဲတွင် သေနတ်တလက် ကိုင်ဆောင်ခြင်းသည် တော်လှန်ရေးကို ထောက်ကူသော တခုတည်းသောနည်းလမ်း မဟုတ်ဘဲ ယနေ့ခေတ်တွင် တော်လှန်သော နည်းလမ်းများစွာရှိကြောင်း အမျိုးသမီးများနှင့် မသန်စွမ်းသူများကိုလည်း သူပြောသည်။ သတင်းပေးအဖြစ် လုပ်ကိုင်ခြင်းသည်လည်း တော်လှန်ရေးသမားဖြစ်သည်ဟု သူ ဥပမာပေးသည်။
“ သေနတ်ဆိုတာ ကျားမခွဲခြားဆက်ဆံမှု မရှိဘူး။ လက်ညှိုးလေးကို ဆွဲလိုက်ဖို့ပဲ လိုတယ်” ဟု သူပြောသည်။
AA တပ်ဖွဲ့သို့ ယခုလအတွင်း ဝင်ရောက်မည်လားဟု သူမေးလိုက်သောအခါ နားထောင်နေသူများကြားမှ ရွာသား ၁၀၀ ခန့်ချက်ခြင် းမတ်တပ်ထရပ်ပြီး လက်ထောင်ကြသည်။ လက်တွေ့စစ်ပွဲသည် စိတ်ကူးဖြင့် မှန်းဆချက်ထက် များစွာ ပိုမိုကြမ်းတမ်းကြောင်း နှင့် တိုက်ပွဲအတွင်း သေဆုံး ဒဏ်ရာရနိုင်ကြောင်း ထိုသူများကို သူ သတိပေးသည်။ ခရီးသည် ကြမ်းတမ်းလှသော်လည်း ရခိုင်တိုင်းရင်းသားများအနေဖြင့် နောင်မျိုးဆက်အတွက် ပိုမိုတောက်ပသော အနာဂတ်အတွက် စတေးရန် တိုက်ပွဲဝင်ရမည်ဟုလည်း သူပြောသည်။
ရခိုင်မြောက်ပိုင်းတွင် AA ဌာနချုပ် တည်ထောင်ခြင်းသည် “၂၀၂၀ ရက္ခိုင့်အိပ်မက်”၏ အစိတ်အပိုင်းဖြစ်နိုင်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။ လွန်ခဲ့သော ရက်သတ္တပါတ်များအတွင်း AA ၏ တိုက်ခိုက်မှုကိုလေ့လာပါက စစ်နယ်မြေ သိသိသာသာ ကျယ်ပြန့်လာကြောင်းမြင်နိုင်ပြီး ယခုလအတွင်း AA သည် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကြောင်းကိုပင် တိုက်ခိုက်လာသည်။
ရခိုင်မြောက်ပိုင်းမြို့နယ်များမှ ကျေးလက်ဒေသ အများစုကို AA က ထိန်းချုပ်ထားကြောင်း သူထောက်ပြသည်။ AA နှင့်ဖြစ်ပွားသော တိုက်ပွဲအရေအတွက်နှင့် လှုပ်ရှားမှုကိုကြည့်ပါက AA တွင် တပ်ဖွဲ့ဝင် အတော်များများရှိသည်ဟု ဦးမောင်မောင်စိုးပြောသည်။
“ AA က စတင်တည်ထောင်ကတည်းက ရခိုင်ပြည်နယ်မှာ ခြေကုပ်ယူဖို့ လုပ်နေတာ။ သူတို့က အစိုးရတပ်ကို ထိုးစစ်တွေ အများကြီးဆင်ပြီး ၂၀၂၀ မှာ နိုင်ငံရေးမှာ ပါလာလိမ့်မယ်” ဟု သူပြောသည်။
AA သည် စစ်ရေးအရသာမက နိုင်ငံရေးအရပါ ၎င်းတို့၏ အိပ်မက်ကို မြေပြင်တွင် လက်တွေ့ကျကျ ကျိုးကြောင်းဆီလျှော်စွာ အကောင်အထည်ဖေါ်နေကြောင်း အခြားသုတေသီ ကိုဝင်းအောင်က ဆိုသည်။ AA နှင့် ရခိုင်ပြည်သူများ သွေးစည်းညီညွတ်သောကြောင့် ရခိုင်ပြည်နယ်မှ လက်နက်ကိုင် ပဋိပက္ခသည် အနာဂတ်တွင် အဓိက နိုင်ငံရေး အကျိုးဆက်များဖြစ်လာမည်ဟုလည်း သူပြောသည်။ အစိုးရအနေဖြင့် AA အပေါ်ထားသော အမြင်ကို ပြန်သုံးသပ်သင့်သည်ဟု ဟုလည်း AA အကြီးအကဲ၏ သတင်းစကားကို အခြေခံပြီး သူပြောသည်။
ထိုသို့မလုပ်ပါက ထိုဒေသ အခြေအနေ ပိုမိုဆိုးရွားလာမည်ဟု သူပြောသည်။ ရခိုင်ပြည်နယ်အရေး သက်ဆိုင်ရာ လွှတ်တော်၊ တပ်မတော်နှင့် NLD အစိုးရတို့ သီးခြားစီ မလုပ်ဘဲ ခြုံငုံပူးပေါင်းလုပ်ဆောင်ရန် သူတိုက်တွန်းသည်။
“ အခုအချိန်ကစပြီး သူတို့ အလေးအနက် ထားဖို့ လိုပြီ။ အစိုးရအတွက် အရမ်းအရေးကြီးတဲ့အချိန်ရောက်ပြီ” ဟု ကိုဝင်းအောင်က ပြောသည်။
( Moe Myint ၏ AA Chief Vows to Set Up HQ in Rakhine State Soon ကို ဆီလျော်အောင် ဘာသာပြန်သည်။)