အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေ အကြံပေး ဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား လုပ်ကြံခဲ့ သည့် သေနတ်သမား ကြည်လင်းနှင့် ပူးပေါင်း ကြံစည်သူ အောင်ဝင်းဇော်တို့ကို မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် ယနေ့ တရားရုံးက အမိန့် ချမှတ်လိုက်သည်။
ထို့ပြင် အမှုတွင် ပါဝင်သည့် ဇေယျာဖြိုးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် အောင်ဝင်းထွန်းအား ထောင်ဒဏ် ၃ နှစ် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။
ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံး၌ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့် အမှုကို ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်)တွင် အထက်ပါ အတိုင်း အပြီးသတ် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
တရားခံ၏ ရှေ့နေ ဦးကျော်ကျော်ထိုက် “အလွယ်ပေးရင်တော့ ကြိုးမိန့် ပေးတာ။ အမိန့်ကတော့ ကျနော့် လက်ထဲ မရောက်သေးတော့ အသေးစိတ် ပြန်လေ့လာရဦးမယ်။ အယူခံ ဥပဒေ အရ ၇ ရက် ပေးထားတယ် သူတို့ ၂ယောက် အတွက်။ ကျန်တဲ့ သူတွေက ရက်ပေါင်း ၆၀ ပေးထားတယ်။ အခုလို အမိန့် ချမှတ်ပေးတဲ့ အပေါ်မှာ အယူခံ ဆက်သွားဖို့ ရှိမရှိက ကာယကံရှင်တွေနဲ့ ဘာမှ မပြောရသေးတော့ မသိသေးဘူး။ သူတို့ သဘောထားပဲ” မီဒီယာများကို ပြောဆိုသည်။
၎င်းက ဆက်လက်၍ “ဒီအမှုနဲ့ ပတ်သက်ရင် လူပုဂ္ဂိုလ် အနေနဲ့ ဘာမှ မမျှော်လင့်ထားဘူး။ ဥပဒေ အရ အကောင်းဆုံး မျှော်လင့်ထားတယ်။ ဒီအမိန့် အပေါ် အထောက်အထားနဲ့ သုံးသပ်ရမှာ ဖြစ်တဲ့အတွက် အမိန့်အပေါ် တရားမျှတတယ် မမျှဘူး ဆိုတာ ဒီအချိန်မှာ ပြောဖို့ အရမ်းစောသေးတယ်” ဟု ဆိုသည်။
ယင်းအမှုတွင် သေနတ်သမား ကြည်လင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁)(ခ)/၃၄အတွက် မသေမချင်း ကြိုးကွင်း စွပ် အမိန့်၊ ဦးနေဝင်း သေဆုံးမှု အတွက် ပုဒ်မ ၃၀၂(၂)ဖြင့် ထောင်ဒဏ် အနှစ် ၂၀၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) အရ ထောင်ဒဏ် ၃ နှစ် တို့ ချမှတ်ခဲ့ကာ၊ အောင်ဝင်းဇော်အား ပုဒ်မ ၃၀၂(၁) (ခ)/၃၄ နှင့် သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အမှုတွင် နောက်ကွယ်မှ စေခိုင်းသူ အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုထားသည့် တပ်မတော် အရာရှိ ဟောင်း အောင်ဝင်းခိုင်ကိုမူ လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
ဇေယျာဖြိုးအား ပြစ်ဒဏ် ၅ နှစ် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း တရားလို ရှေ့နေများက အထက်ရုံး အဆင့်ဆင့်သို့ ထပ်မံ တင်ပြသွားရန် လတ်တလော ဆုံးဖြတ်ထားကြောင်း တရားလို ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။
အဆိုပါ အမှု စစ်ဆေးခဲ့သည့် အချိန်၂ နှစ် အတွင်း ရုံးချိန်းပေါင်း ၁၀၁ ချိန်း ရှိခဲ့ပြီး တရားလိုပြ သက်သေ ၇၂ ဦး၊ စွပ်စွဲ ခံရသူ/ တရားခံပြ သက်သေ ၄၀ ဦး စစ်ဆေးခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေ အကြံပေး ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ သေနတ်သမား ကြည်လင်း၏ အနီးကပ် လုပ်ကြံခံရမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထွန်းထွန်း ပူးပေါင်း ရေးသားသည်
ဆက္စပ္လင့္ .
အခြေခံ ဥပဒေ ပြင်ရေး ကြိုးပမ်းသူ ဦးကိုနီ နိုင်ငံရေး အရ လုပ်ကြံခံခဲ့ရဟု NLD ပြော
ခြိမ်းခြောက်ခံရသဖြင့် ဦးကိုနီအား လုပ်ကြံဟု ကြည်လင်းပြော