သတင်း

တနင်္သာရီ ဝန်ကြီးချုပ် ပြဿနာ စုံစမ်း စစ်ဆေးနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ဒေသခံ ပြည်သူများ တိုင်ကြားထားသည့် ကိစ္စများအား သက်ဆိုင်ရာ ဌာန များက စုံစမ်းနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယနေ့ နေ့လယ်ပိုင်းက ထားဝယ်မြို့ မြို့တော် ခန်းမ၌ ပြုလုပ်သည့် လူထု တွေ့ဆုံပွဲတွင် ဒေသခံတဦးက ပြည်သူများ၏ လို လားချက်များကို အကောင်အထည် မဖော်နိုင်သည့်၊ ယခင်ကလည်း တိုင်ကြားထားပြီး ဖြစ်သည့် ဝန်ကြီးချုပ် ဒေါက်တာ လဲ့ လဲ့မော် အပါအဝင် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုး၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့ ၃ ဦးကို တိကျ မှန်ကန်သည့် အဖွဲ့ များနှင့် စစ်ဆေး ဆောင်ရွက်ပေးရန် တောင်းဆိုမှု အပေါ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့ စုံစမ်း စစ်ဆေးရမယ့် ကိစ္စတွေကို သက်ဆိုင်ရာ ဌာနက တာဝန်အရ လုပ်ဆောင် သွား မှာ ဖြစ်ပါတယ်။ ကျမတို့ အနေနဲ့ ဒီဌာနတွေရဲ့ တွေ့ရှိချက်တွေကို ဘာမှ ဖုံးကွယ် ထားစရာလည်း ရှိမှာ မဟုတ်ပါဘူး။ ကျမ ပြောတဲ့ အတိုင်းပဲ ပြည်သူ လူထုတွေက ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ပါ။ ကျမတို့ တိုင်းအစိုးရများ၊ ပြည်နယ် အစိုးရ များ တာဝန် ကျေပွန်ဖို့ အတွက်လည်း ကျမတို့ ဗဟို အစိုးရကနေ တာဝန်ယူပါ့မယ်”ဟု ပြောဆိုသည်။

ထို့ပြင် ဒေသခံ တဦးက ပြည်ထောင်စုသို့ ဂက်စ်ဖိုး အကြွေး ကျပ်သိန်း ရှစ်သောင်းကျော် ပေးသွင်းရန် ကျန်ရှိနေသည့် ထား ဝယ် ခရိုင်တွင် လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးနေသော Global Grand Service (GGS) ကုမ္ပဏီနှင့် ပတ်သက်၍ ပြည်သူများ အလိမ် ခံနေရပါ သလား ဟု မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းချက် အပေါ် ဒေါ်အောင်ဆန်းစုကြည်က“ဒီကိစ္စ အကြောင်းလည်း ကျမတို့ သိပါတယ်။ ဒါပေမယ့် ဒီကိစ္စ က ကျမတို့ လက်ထဲမှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ဌာနက ဒါကို စုံစမ်း စစ်ဆေးနေပါတယ်။ စုံစမ်းစစ်ဆေးတဲ့ အဖြေကို သိ လို့ရှိရင် ပြည်သူ လူထုကို ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ယင်း GGS ကုမ္ပဏီတွင် ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် ခဲအို တော်စပ်သူ ဦးအောင်စိုး၏ သားမက် ဦးနေမျိုးအောင် သည် တာဝန်ခံ အနေဖြင့် ပါဝင် ဆောင်ရွက်နေကြောင်း စုံစမ်း သိရှိရသည်။

“တိုင်းပြည်ရဲ့ အစိုးရများဟာ ပြည်သူလူထုက တင်မြှောက်ထားလို့ ဖြစ်တာပါ။ ဒါကြောင့် ပြည်သူ လူထုကို ယုံကြည်ရမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ရမယ်။ ကိုယ်ဘာမှ မလုပ်ထားလို့ ရှိရင် ကိုယ့်ကိုယ်ကိုယ် မယုံကြည်စရာ အကြောင်းမရှိ ဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားသည်။

တိုင်းအစိုးရ အဖွဲ့ဝင်များ အနေဖြင့် ပြည်သူများနှင့် နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံမှု ရှိရန်၊ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ရန် အမြဲ တိုက်တွန်း သကဲ့သို့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ ကလည်း ထိုနည်းတူ ပြုလုပ်ရန် တိုက်တွန်း သွားခဲ့သည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးတို့သည် ဆွေးမျိုး နီးစပ်သူများအား လုပ်ပိုင်ခွင့် ချထားပေးမှု၊ ကိုယ်ရေးအရာရှိ ခန့်အပ်မှုတို့နှင့် ပတ်သက်၍ အဂတိ လိုက်စားမှု ရှိမရှိ စစ်ဆေးပေးရန် ထား ဝယ်နှင့် မြိတ် ဒေသခံ ၁၀၀ ကျော် လက်မှတ် ရေးထိုးကာ NLD ဗဟိုသို့ တိုင်ကြားထားသည်။

ထို့ပြင် တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး လက်မှတ်ရေး ထိုး၍ ဝန်ကြီးချုပ်အပေါ် ပြည်သူများ၏ တိုင်ကြားမှုများနှင့် အတူ လွှတ်တော်၏ တွေ့ရှိချက် အစီရင်ခံစာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံတော် သမ္မတတို့ထံ ပေးပို့ထားသည်။

အဆိုပါ တိုင်ကြားမှုများနှင့် ပတ်သက်၍ NLD ဗဟိုနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့မှ စုံစမ်း စစ်ဆေးမှု များ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ဝေဖန်မှုများ ထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ ရှင်းစရာ မလိုကြောင်း၊ အ ချိန်တန်လျှင် သိသွားမည် ဖြစ်ကြောင်း၊ ၎င်းအား တာဝန်မှ အနားပေးမည် ဆိုပါကလည်း နားမည် ဖြစ်ကြောင်းကို ဧရာဝတီ သတင်း ဌာနသို့ ပြောဆိုထားသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်း ခရီးစဉ် အပြီးတွင်လည်း ယင်း တိုင်ကြားထားသည့် ကိစ္စများနှင့် ပတ်သက် ၍ တစုံတခု အဖြေထွက်လာရန် ဒေသခံများက မျှော်လင့်နေကြသည်။

ကော့သောင်း ဒေသခံ တဦးက“နိုင်ငံတော် အတိုင်ပင်ခံ ပြောတဲ့စကား အရ ဒီကိစ္စတွေဟာ အဂတိ လိုက်စားမှု ကော်မရှင် ကို စိစစ် ခိုင်းထားပါတယ်။ ကော်မရှင်ရဲ့ စိစစ်တွေ့ရှိမှု အပေါ်မှာလည်း လွှမ်းမိုးချက် ဘာမှ မရှိပါဘူး။ ကော်မရှင်က ထွက် လာတဲ့ အဖြေပေါ်မှာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ် ဆိုတော့ ဒေသခံ တဦး အနေနဲ့ အပြည့်အဝ မဟုတ်တာတောင် တော် တော်ကြီး ကျေနပ် အားရ မိပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက လူထု တွေ့ဆုံပွဲ လုပ်သည့် နေရာများသည် ခန်းမများ အတွင်း ပြုလုပ်ခြင်း ဖြစ်ရာ ဒေသခံလူထု အား လုံး ပါဝင်ခွင့် မရကြောင်း၊ အချိန်သည်လည်း အကန့်အသတ် ဖြစ်နေသဖြင့် လူတိုင်း ပါဝင် ဆွေးနွေးခွင့် မရကြောင်း၊ နောင် အခါ ဒေသခံ လူထု အားလုံး ပါဝင်နိုင်မည့် ပိုမို ကျယ်ဝန်းသော နေရာတွင် လူထု တွေ့ဆုံပွဲ လုပ်စေချင်ကြောင်း ပြောဆို သည်။

လူထု တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံများက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဒေသ၏ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေး ဆိုင်ရာ လိုအပ်ချက်များ၊ တိုင်းအစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အဓိက ပြောဆို တင်ပြခဲ့ ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၃ ရက်က စတင်ခဲ့သည့် ၃ ရက်ကြာ တနင်္သာရီ တိုင်းခရီးစဉ် အတွင်း မြိတ်၊ ကော့သောင်း၊ ထားဝယ်တို့မှ ဒေသခံ လူထုနှင့် တွေ့ဆုံခြင်း၊ သဘာဝ ငှက်သိုက် မွေးမြူရေး စခန်း၊ ပုလဲကျွန်းနှင့် လန်ပိ အဏ္ဏဝါ အမျိုးသား ဥယျာဉ်တို့အား သွားရောက် ကြည့်ရှုခြင်း၊ ကော့သောင်း မြို့နယ် မကြုံဂလက်(မော်ကင်း) ကျေးရွာမှ ဆလုံ တိုင်းရင်းသား ဒေသခံ လူထုနှင့် တွေ့ဆုံခြင်း တို့ ပြုလုပ်ခဲ့သည်။

အဆိုပါ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမှုများနှင့် အတူ ဒေသခံတချို့၏ “တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့အမြန်ဆုံး ပြောင်းပေး”၊ “တိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးအား ဖယ်ရှားပေး” ၊ “အမေ တနင်္သာရီကို လူစား လဲ ပေးပါ” ၊ “၂၀၂၀ တွင် NLD ပါတီ အပြတ်အသတ် အနိုင်ရလိုပါက ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုး စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးဖြိုးဝင်းထွန်း ဖယ်ရှားပေးပါ” ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒ ဖော်ထုတ်မှု များလည်း ပြုလုပ်ခဲ့ကြသည်။

Loading