သတင်း

ဇေယျာဖြိုး ပြစ်ဒဏ်ချမှု ဥပဒေနှင့်မညီဟု တရားလိုရှေ့နေ ပြော

Want create site? Find Free WordPress Themes and plugins.

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရသည့် အမှုမှ တရားခံတဦးဖြစ်သူ ဇေယျာဖြိုးကို ချမှတ်လိုက်သော ပြစ်ဒဏ်သည် ဥပဒေနှင့် ညီညွတ်မှု မရှိသည့်အတွက် ရာဇဝတ်မှု ပြင်ဆင် တင်သွင်းသွားမည် ဖြစ်ကြောင်း တရားလို ရှေ့နေ က ပြောဆိုသည်။

တရားလိုရှေ့နေ ဦးနေလက“ဇေယျာဖြိုးနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ ယေဘုယျ သုံးသပ်တယ်”ဟု ပြောသည်။

ဆက်လက်ပြီး ဦးနေလက“ဦးကိုနီမိသားစုဘက်က လုပ်နိုင်တဲ့ အပိုင်းကတော့ ရာဇဝတ်မှု ပြင်ဆင်တင်သွင်းဖို့ ရှိပါတယ်။ ပြင်ဆင် တင်သွင်းရမှာက ဇေယျာဖြိုးအပိုင်းနဲ့ ပတ်သက်ပြီးတော့ သူ့ကိုချမှတ်တဲ့ ပုဒ်မ ၃၀၂(၁)(ခ) အရ ပြစ်ဒဏ် မချ မှတ် ဘဲနဲ့ ပုဒ်မ၂၁၂ ပထမပိုင်းနဲ့ ပြစ်ဒဏ် ချမှတ်လိုက်တဲ့ အပေါ်မှာပဲ ပြင်ဆင်မှု တင်သွင်းရမှာဖြစ်ပါတယ်”ဟု ပြောပြသည်။

ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက အမှုတွင်ပါဝင်ခဲ့သည့် တရားခံ ဇေယျာဖြိုးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဇေယျာဖြိုးကို ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ နည်းတူ သေဒဏ်အထိ ပြစ်ဒဏ်ချနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ခဲ့သော် လည်း ယနေ့ရုံးချိန်းတွင် ပုဒ်မပြောင်းကာ အမိန့်ချခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဦးရဲလွင်က“ရာဇဝတ်ကျင့်ထုံး ပြဋ္ဌာန်းချက်တွေအရ ယေဘုယျ ပြောရမယ်ဆိုရင် ဆွဲချက်တင်စဉ်တုန်းက ပုဒ်မက ပြစ်ဒဏ်ကြီးမားတဲ့ ပုဒ်မ ဖြစ်တယ်ဆိုရင် သူ့ကိုအပြစ်ပေးတဲ့ အခါမှာ ယင်းပြစ်ဒဏ်ထက် လျော့တဲ့ ပုဒ်မပြောင်းလဲပြီးတော့ ပြစ်မှုထင်ရှားစီရင် လို့ရပါတယ်။ ပုဒ်မငယ်နဲ့ စွဲချက် တင် ထားတာ ကိုတော့ ပြစ်မှု ထင်ရှားစီရင်တဲ့ အခါမှာ ပြစ်မှုပြစ်ဒဏ် ကြီးကြီးနဲ့ အပြစ်ပေးလို့ မရပါဘူး”ဟု ပြောသည်။

ယခုချမှတ်လိုက်သည့် ပြစ်ဒဏ်သည် လုံလောက်မှု မရှိသည့်အတွက် ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားလိုရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

“အထက်ရုံးအဆင့်ဆင့်ကို ဥပဒေနဲ့ အညီဆောင်ရွက်မယ်။ ကျနော်တို့ဘက်ကလည်း လုံလောက်မှုရှိတယ်လို့ မထင်ဘူး။ မထင်တဲ့ အတွက် ဥပဒေအညီ ဆောင်ရွက်မယ်”ဟု ၎င်းကဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေ အကြံပေး ဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား လုပ်ကြံခဲ့ သည့် သေနတ်သမား ကြည်လင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁)(ခ)/၃၄အတွက် မသေမချင်း ကြိုးကွင်း စွပ် သတ် အမိန့်၊ ဦးနေဝင်း သေဆုံးမှု အတွက် ပုဒ်မ ၃၀၂(၂)ဖြင့် ထောင်ဒဏ် အနှစ် ၂၀၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) အရ ထောင်ဒဏ် ၃ နှစ် တို့ ချမှတ်ခဲ့သည်။

ထို့ပြင် အောင်ဝင်းဇော်အား ပုဒ်မ ၃၀၂(၁) (ခ)/၃၄ နှင့် သေဒဏ် ချမှတ်ခဲ့ပြီး အောင်ဝင်းထွန်းကို ပုဒ်မ ၂၁၂ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

ကြည်လင်းရှေ့နေ ဦးကျော်ကျော်ထိုက်က“ကျနော်တို့အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ အမှုတွဲကို ကျနော်တို့ အသေးစိတ် ပြန်လေ့လာရမယ်၊ သူတို့ရဲ့သုံးသပ်ချက်၊ ကိုယ့်ရဲ့သုံးသပ်ချက်၊ ဒါလေးတွေ ကျနော်တို့ ပြန်တင်ပြရမယ်။ ဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့ နည်းလမ်းအတိုင်း ကျနော်တို့လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲရှိတာပဲ”ဟု ဆိုသည်။

အမှုတွင် နောက်ကွယ်မှ စေခိုင်းသူ အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုထားသည့် အောင်ဝင်းခိုင်ကိုမူ တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်ထားသည်။

အဆိုပါ အမှု စစ်ဆေးခဲ့သည့် အချိန်၂ နှစ် အတွင်း ရုံးချိန်းပေါင်း ၁၀၄ ချိန်း ရှိခဲ့ပြီး တရားလိုပြ သက်သေ ၇၂ ဦး၊ စွပ်စွဲ ခံရသူ/တရားခံပြ သက်သေ ၄၀ စစ်ဆေးခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေ အကြံပေး ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ သေနတ်သမား ကြည်လင်း၏ အနီးကပ် လုပ်ကြံခံရမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading