သတင်း

မီတာခ နှုန်းထားသစ် လုပ်ငန်းရှင်နှင့် အခြေခံ သုံးစွဲသူများ မျှတစွာ ခံစားနိုင်ရန် စီစဉ်နေ ဟုဆို

Want create site? Find Free WordPress Themes and plugins.

ပြောင်းလဲ ကောက်ခံမည့် လျှပ်စစ် မီတာခ နှုန်းထားသစ်သည် စီးပွားရေး လုပ်ငန်းရှင်များနှင့် အခြေခံ သုံးစွဲသူများ မျှတစွာ ခံစားနိုင်မည့် စနစ် ဖြစ်ရန် စီမံနေကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန (စွမ်းအင်) မှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၌ ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သည့် လစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြော ခြင်း ဖြစ်သည်။

လက်ရှိ၌ ပြောင်းလဲ ကောက်ခံမည့် လျှပ်စစ် မီတာခ နှုန်းထားကို အဆင့် ၆ ဆင့် သတ်မှတ် ဆောင်ရွက်နေပြီး အဆင့် သုံး ဆင့် ပြီးစီးကြောင်းလည်း ဦးစိုးမြင့်က ဆိုသည်။

ဦးစိုးမြင့်က“အခု အဆင့် ၃ ဆင့် ပြီးပါပြီ။ နောက် တဆင့် အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ရှင်းပြဖို့ အစီအစဉ် ဖြစ်ပါတယ်။ ဒီအဆင့် ပြီးရင် ၄ ဆင့် ပြီးပြီ ဖြစ်ပါတယ်။ ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် အတွက် ဆောင် ရွက်နေပါတယ်”ဟု ပြောဆိုသည်။

ပြီးမြောက်ခဲ့သည့် အဆင့် ၃ ဆင့်မှာ လွှတ်တော်၂ ရပ်ရှိ လျှပ်စစ် စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၊ စက်မှုနှင့် လျှပ် စစ် စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီများနှင့် တိုင်ပင်ခြင်း၊ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ပြည်သူ ကိုယ်စားပြုသည့် လျှပ်စစ် ဝန်ကြီးများနှင့် ဆွေးနွေး တိုင်ပင်ပြီး သဘောထား မှတ်ချက် တောင်းခံခြင်း၊ စက်မှု လုပ်ငန်းသုံး၊ ကုန်သွယ်မှု လုပ် ငန်း သုံးများ အတွက် သုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ လွှတ်တော် အမျိုးသား လွှတ်တော်များမှ ကိုယ်စားလှယ်များကို ရှင်းလင်း ပြသရန် စီစဉ်ထားခြင်း၊ ကမ္ဘာ့ဘဏ်၊ ပြည်တွင်း၌ လုပ်ကိုင်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ ပြည်သူများကို လုပ်ဆောင်မည့် ကိစ္စရပ်များ ချပြရန် အဆင့်များ ကျန်နေသေးကြောင်း ဦးစိုးမြင့်က ရှင်းပြသည်။

၎င်းက“အားလုံးပြီးရင် အဆင့်ပေါင်း ၆ ဆင့်ရဲ့စကားသံတွေကို ကျနော်တို့ နားထောင်ပါမယ်။ နားထောင်ပြီးမှ ပြောင်းမှာပါ။ ဒီအတိုင်း လက်လွတ်စပယ် မပြောင်းပါဘူး”ဟု ပြောသည်။

အသစ် ပြောင်းလဲ ကောက်ခံမည့် မီတာခ နှုန်းထားသည် ပြည်သူများ စိုးရိမ်စရာ ကောင်းသည့် နှုန်းထားမျိုး မဖြစ်စေရန် နှင့် တချို့လျှပ်စစ်မီး အနည်းငယ်သာ အသုံးပြုသူများ အတွက် လုံးဝ ပြောင်းလဲခြင်း မရှိသည့် ပုံစံမျိုးနှင့် ပြောင်းလဲ တွက် ချက်ထားသည့် နှုန်းထား အသစ်လည်း ဆီလျော်သည့် နှုန်းထားဖြစ်ရန် တွက်ချက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဇန်နဝါရီ ၂၁ ရက်က ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် အစည်း အဝေးသို့ တက်ရောက် လာစဉ် မီဒီယာများကို ပြောကြားထားသည်။

လှှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က“လျှပ်စစ် မီတာခ ဈေးနှုန်းလည်း တက်မယ်လို့ ကြားတယ်။ အခု စက်မှု ဇုန်တွေရဲ့ ဈေးနှုန်းက တခြားနိုင်ငံတွေရဲ့ ဈေးနှုန်းထက် များနေပါတယ်။ အခု ပေးဆောင်နေရတဲ့ ကျပ် ၁၅၀ ထက် ထပ်တက်ဖို့က သိပ်မကောင်းပါဘူး။ ဒါမှသာ ပြည်ပနဲ့ ယှဉ်ပြိုင်ပြီး လုပ်နိုင်မှာပါ။ မဟုတ်ရင် စက်ရုံတွေက မကိုက်ရင် တဖြည်းဖြည်း လျော့သွားမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

NLD အစိုးရ တက်လာပြီး အချိန်ကစ၍ လျှပ်စစ် မီတာခ ပြောင်းလဲ ကောက်ခံမည်ဟု သတင်းများ စတင် ထွက်ပေါ်ခဲ့ရာ ပြည်သူများကြား ကုန်ဈေးနှုန်းများ တက်နေသည့် အပြင် လျှပ်စစ် မီတာခပါ ပြောင်းလဲ ကောက်ခံပါက ယခင်ထက် စီးပွား ရေး ကျပ်တည်းနိုင်ကြောင်း ပြောဆိုသံများ ထွက်ပေါ်ခဲ့သည်။

သို့သော် ပြောင်းလဲ ကောက်ခံမည့် နှုန်းထား အသစ် မည်သည့် အချိန်တွင် ကောက်ခံသွားမည်ကို အချိန်အတိ အကျ ပြော နိုင်ခြင်း မရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ပြောဆိုထားသည်။

ပျဉ်းမနားမြို့ ရန်အောင်၂ ရပ်ကွက်နေ ဦးနေမျိုးက“မီတာခ တက်မယ် ဆိုတဲ့သတင်း ကြားတာ ကြာနေပြီ။ အခုထိတော့ ပုံမှန် အတိုင်း ဆောင်နေရတုန်းပဲ။ စကြားတုန်းကတော့ အများကြီး တက်မယ်ထင်လို့ စိုးရိမ်နေတာပါ”ဟု ဧရာဝတီသို့ ပြော သည်။

နေပြည်တော် ဘောဂသီရိ ကားကွင်းရှိ ကားဝပ်ရှော့ တည်ထောင်ထားသည့် လုပ်ငန်းရှင် ဦးရန်နိုင်ကလည်း“တိုးကောက် မယ် ဆိုရင်လည်း ပြည်သူတွေက ပေးရမှာပါပဲ။ ဒါပေမယ့် စပါးစိုက်တောင်သူ အတွက် စပါးဈေး ကောင်းဖို့ သလို၊ လျှပ် စစ်ကို အသုံးပြုပြီး လုပ်နေတဲ့ ပြည်သူ အတွက် မီးမှန်မှန် လာဖို့ လိုတာပေါ့”ဟု ပြောဆိုသည်။

လက်ရှိတွင် အိမ်သုံး အတွက် တယူနစ်လျှင် အနိမ့်ဆုံး ၃၅ ကျပ်မှ အမြင့်ဆုံး ကျပ် ၅၀ နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှု လုပ်ငန်းသုံး အတွက် တယူနစ်လျှင် အနိမ့်ဆုံး ကျပ် ၅၀ မှ အမြင့်ဆုံး ကျပ် ၁၅၀ ထိ အလွှာအလိုက် သတ်မှတ်ကောက် ခံလျက် ရှိသည်။

ကမ္ဘာ့ဘဏ်၏ ကွင်းဆင်း လေ့လာမှုများ အရ မြန်မာနိုင်ငံ အတွင်း ၇၀ ရာခိုင်နှုန်းရှိ အိမ်ထောင်စုများသည် တရက်လျှင် အနည်းဆုံး လျှပ်စစ်မီး၂ နာရီခန့်သာ အသုံးပြုခွင့် ရနေပြီး အာဆီယံ ဒေသတွင် လျှပ်စစ်မီး အနည်းဆုံး ရရှိသည့် နိုင်ငံဖြစ် သည် ဟု ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင် ဦးမျိုးမြင့်က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရ သဖြင့် ရာခိုင်နှုန်း အရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်သာ ရှိနေဆဲ ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading