စစ်ပွဲကြောင့် ပိတ်မိ ပြည်သူများလွတ်မြောက်ရေးဆန္ဒပြမှုဖြင့် ထောင်ချခံထားရသော ကချင် အမျိုးသမီး ဒေါ်နန်ပူ အပါ အဝင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ သုံးဦးကို ရန်ကုန်ရှိ ဥရောပသမဂ္ဂက ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ၂၀၁၉ ခုနှစ် (Schuman Awards) ရှူးမန်းဆုဖြင့် ဂုဏ်ပြုလိုက်သည်။
ထိုဆုကိုလက်ခံရရှိသည့် အခြားသူနှစ်ဦးမှာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် အကျပ်အတည်းအတွင်းက မိသားစုထောင်ပေါင်း များစွာအတွက် လူသားချင်း စာနာမှု အကူအညီများ ကူညီ ပေးပို့ခဲ့သည့် ငြိမ်းချမ်းရေး လှုပ်ရှားသူ ဦးအောင်ကျော်မိုး နှင့် လူ့အခွင့်အရေး ချိုးဖေါက်ခံရသူများကို မကြာခဏ ကိုယ်စားပြု ကာကွယ်ပြောဆိုသူ ရှေ့နေဦးရောဘတ်စန်းအောင်တို့ ဖြစ်သည်။
ဒေါ်နန်ပူသည် ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်များအရေး၊ ကျားမတန်းတူညီမျှရေးနှင့် ငြိမ်းချမ်း ရေး ဆောင်ရွက်သည့် အတွက် ထင်ရှားသူဖြစ်ပြီး၊ ထွယ်ဂျန်ဒါနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (Htoi Gender and Development Foundation) အဖွဲ့၏ ဒါရိုက်တာနှင့် ကချင်ပြည်နယ် အမျိုးသမီး ကွန်ရက်တည်ထောင်သူဖြစ်သည်။
“သူမဟာ ကချင်ပြည်နယ်က ပဋိပက္ခ ဒဏ်ခံနေရတဲ့ လူမှုအသိုင်းအဝိုင်းတွင်း လိုအပ်နေသူတွေကို အကူအညီတွေ တစိုက် မတ်မတ်ပေးနေသူဖြစ်တယ်။ ဒီအတွက် သူမဘဝကို မြှုပ်နှံထားသူဖြစ်တယ်” ဟု ဆုချီးမြှင့်ပွဲတွင် ဒိန်းမတ်သံအမတ် ဂျွန် နီရယ်ဆန်က ပြောဆိုခဲ့သည်။
“သူမရဲ့ဖေါင်ဒေးရှင်းဟာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသူတွေကို ကယ်ဆယ် တယ်၊ နှစ်သိမ့် ဆွေးနွေး ပညာပေးတယ်၊ ကာကွယ်တယ်။ သူမရဲ့လုပ်ဆောင်မှုတွေက တဆင့် ကချင် ပြည်နယ်က ဆယ်စုနှစ်ရှည်ကြာတဲ့ ပဋိပက္ခ တွေ အတွင်း မိသားစုတွေကို ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး တွေဟာ သူတို့ ဘဝတွေ ပြန်လည်တည်ဆောက်နိုင်လာပြီး အသက် မွေးဝမ်း ကျောင်းဖို့ အင်အား ရရှိစေတယ်” ဟုလည်း ဒိန်းမတ် သံအမတ်က ဖြည့်စွက်ပြောကြားသည်။
ယမန်နှစ် ဒီဇင်ဘာလက မြန်မာတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲ များအတွင်း ပိတ်မိနေ သူ အရပ်သား ထောင်ပေါင်းများစွာ ကယ်ဆယ်ရန် တောင်းဆိုမှုဖြင့် ဒေါ်နန်ပူ ကိုအခြားသူ ၂ ဦးနှင့်အတူ ထောင် ၆ လ ချမှတ်ထားသည်။
၎င်းတို့ ၃ ဦးကို ကချင်လူမှုအသိုင်းအဝန်းကလည်း ယခုအပတ်အတွင်းက ကချင်လူ့အခွင့်အရေးဆု များ ချီးမြှင့်ထားသည်။
“ဒီနေ့ ဒီအချိန်မှာ ဒီဆုတံဆိပ်ကို ကျမရဲ့ ယောင်းမ ဒေါ်နန်ပူ လာရောက် လက်ခံယူရမှာ ဖြစ်ပါတယ်” ဟု ကိုယ်စား ဆု လက်ခံသော ယောင်းမဖြစ်သူ ဒေါ်နန်ဘောက်ကပြောသည်။
“ဒါပေမယ့် သူ (ဒေါ်နန်ပူ) ထောင်ထဲမှာ ရှိနေတဲ့အတွက် မလာရောက်နိုင်ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ စကားအနည်းငယ် ပါးလိုက်ပါတယ်။ သူ့စကားက သူ့အနေနဲ ဒီဆုနဲ့ မထိုက်တန်ပါဘူး။ မထိုက်တန် ဘဲနဲ့ ဒီဆုကို ပေးတဲ့အတွက်ကြောင့် ဥရောပသမဂ္ဂကို ကျေးဇူးတင်တဲ့အကြောင်း ပြောလိုက်ပါတယ်။ နောက်ပြီး ဒီဆုကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကချင် ပြည်နယ်အတွက် ငြိမ်းချမ်းမှု ရအောင် ဆက်လက်ကြိုးစားသွားမယ်ဆိုတဲ့ စကားကို ပါးလိုက်ပါတယ်” ဟု ဒေါ်နန်ဘောက် က ကျေးဇူးတင် စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ တည်ထောင်သူ ဖခင်ကြီးများ အနက် တဦးဖြစ်သော ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး ဟောင်း ရောဘတ် ရှူးမန်းကို အစွဲပြု ချီးမြှင့်သော ထိုဆုကို လူမှုအသိုင်းအဝန်းတွင် အပြု သဘော ဆောင်သော အပြောင်းအလဲများကို ဆောင် ရွက်သော၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်း ရေးနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက် သော မြန်မာနိုင်ငံသား များကို အသိအမှတ်ပြုရန် ၂၀၁၇ ခုနှစ်က စတင်ပေးအပ်ခဲ့သည်။
“ရှူးမန်းဆုကို အခြားသူတွေ အတွက် မီးရှူးတန်ဆောင်ကို သယ်ဆောင်ပေးရဲသူတွေကို အသိအမှတ်ပြု တဲ့အနေနဲ့ နှစ် စဉ်ချီးမြှင့်ပါတယ်” ဟု EU သံအမတ် ခရစ်ရှန် ရှမစ်ကလည်း ပြောသည်။
ယခု ဆုရရှိသူ ၃ ဦးတို့သည် ၎င်းတို့ အကျိုးအတွက် မဟုတ်ဘဲ ၎င်းတို့ ဝန်းကျင်ရှိ ထုတ်ဖေါ် ပြောဆိုနိုင်စွမ်း မရှိသူများ၊ ထိခိုက်လွယ်သူများ၊ အခြေခံလူ့အခွင့်အရေးတောင်းဆိုသူများ ကိုယ်စား ဖေါ်ထုတ်ပြောဆိုသူများဖြစ်သည်ဟု လည်း EU သံအမတ်က ပြောသည်။
၂၀၁၇ ခုနှစ်က ပထမဆုံး ပေးအပ်သော ထိုဆုကို ညီညွတ်ခြင်းမြန်မာ (Equality Myanmar) မှ ဦးအောင်မျိုးမင်း၊ ငြိမ်း ဖောင်ဒေးရှင်း မှ ဒေါ်ဂျာနန် လာထောနှင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီတို့ ရရှိခဲ့သည်။
ယမန်နှစ်ကမူ ထိုဆုကို Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ချယ်ရီ ဇာဟောင်း နှင့် အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ် ခင်သန်းထွေးတို့ ရရှိခဲ့သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်း သတင်းထောက် ငြိမ်းငြိမ်းရေးသားသည့် E.U. Honors Myanmar Rights Defenders, Including Jailed Peace Activist ကို ဘာသာပြန်ဆိုသည်။