သတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ လုပ်ရပ် အာဏာရှင် မဆန်ဖို့ တပ်မတော် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီသည် ပြင်ဆင်သင့်သည့် အချက်များ ကို အစီရင်ခံစာ တင်သွင်းရုံ သာမက လွှတ်တော် အဆုံးအဖြတ် ရယူပြီး၊ လက်ရှိ ဖွဲ့စည်းပုံကို ပြင်ဆင် သည့် ဥပဒေကြမ်း တရပ် ရေးဆွဲ ရမည် ဆိုသည့် အချက်ကို တပ်မတော်သား ကိုယ်စားလှယ် တဦးက ကန့်ကွက်လိုက်သည်။

ယင်းသို့ လုပ်ဆောင်မည် ဆိုပါက ပူးပေါင်း ကော်မတီ၏ လုပ်ပိုင်ခွင့်သည့် အခြေခံ ဥပဒေကို ကျော်လွန်နေသဖြင့် လက်ရှိ ဖွဲ့စည်းပုံကို မျက်ကွယ်ပြုကာ ယခု အစည်းအဝေးတွင် လုပ်ချင်ရာ လုပ်တော့မှာလား ဟုလည်း ယင်း တပ် မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် သန်းစိုးက မေးခွန်း ထုတ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက နေပြည်တော်၊ လွှတ်တော် အဆောက်အဦဝင်း အတွင်းရှိ ဇမ္ဗူ သီရိဆောင်တွင် ကျင်းပ ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ တရပ် ဖွဲ့စည်းနိုင်ရေး ဒုတိယ အကြိမ် ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြော ဆိုခြင်း ဖြစ်သည်။

ဗိုလ်ချုပ် သန်းစိုးက “ဒီအဖွဲ့အစည်းက လုပ်တဲ့ ဥစ္စာကိုပဲ မင်းတို့ လိုက်နာရမယ်။ အဲဒါဆိုရင်တော့ ဒီမိုကရေစီ မဟုတ်တော့ဘူး။ အာဏာရှင် သိပ်ဆန်သွားပြီ။ ဒီလို မြင်ပါတယ်။ ဆိုတော့ ကျနော်တို့ ပူပေါင်း ကော်မတီရဲ့လုပ်ပိုင်ခွင့်က အဲ ဒီ အထိ ရှိသလား။ ဥပဒေကြမ်း တရပ် ရေးဆွဲ တင်ပြမယ် ဆိုရင် ဒီအဖွဲ့ကြီး ဖွဲ့စည်းစရာ မလိုဘူး” ဟု အစည်းအဝေး တွင် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်က ပူးပေါင်း ကော်မတီတွင် ပါဝင်မည့် နိုင်ငံရေး ပါတီများ၊ အစုအဖွဲ့ များထံ ဖြန့်ဝေ ထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်း တာဝန် ပေးအပ်မည့် မူကြမ်း အပေါ်တွင် ယနေ့ ဒုတိယ အကြိမ် အစည်းအဝေးတွင် အစု အဖွဲ့များက သဘောထား အသီးသီး တင်ပြခဲ့ကြသည်။

ယခု မူကြမ်းတွင် ဖွဲ့စည်းပုံ၊ ပါဝင်သူ အချိုးအစား၊ ကော်မတီ၏ ဦးတည်ချက်၊ တာဝန်များနှင့် လုပ်ပိုင် ခွင့်များ ပါဝင်ရာ အချက် အားလုံး နီးပါးကို တပ်မတော်က ကန့်ကွက်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် လွှတ်တော် သက်တမ်းတွင် ဖွဲ့စည်းပုံ သုံးသပ်ရေး ကော်မတီ ၁၀၉ ဦးနှင့် ဖွဲ့စည်း စဉ်က တပ်မတော် မှ ၂၅ ရာခိုင်နှုန်း ဖြစ်သည့် ၂၅ ဦး ပါဝင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် လည်း တပ်မတော်က ၂၅ ရာခိုင်နှုန်း ရကြောင်း၊ ထို့ကြောင့် ယခု ကော်မတီတွင် ၁၇ ရာခိုင်နှုန်း ဖြစ် သည့် ၈ ဦးသာ ပါဝင်ခွင့် ရသဖြင့် တရားမျှတ ပါရဲ့လား ဟု မေးခွန်း ထုတ်သေးသည်။

ဗိုလ်ချုပ် သန်းစိုးက “ပိုများလာလေ ဆောင်ရွက်ရတာ များပြီးတော့ ပိုမို ပူးပေါင်း ပါဝင်မှု All Inclusive ဆိုတာ လို အပ်မယ်လို့ ထင်ပါတယ်။ ဒီအချိုး အစားက မျှတမှု မရှိဘူး။ ၄၅ ယောက်မှာ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် ရဖို့ အတွက် ၁၁ ယောက်၊ ၁၂ ယောက် အထိ ထည့်သွင်း ဖွဲ့စည်းပေးဖို့ အတွက် တင်ပြပြီးတော့ မေတ္တာ ရပ်ခံပါတယ်” ဟု ပြောသည်။

NLD ပါတီမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပူးပေါင်း ကော်မတီ တွင် ပါဝင်မည့် အချိုးအစားသည် သချာၤ နည်းလမ်း အရ မျှတမှု ရှိအောင် တွက်ချက်ထားခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ ထောက်ခံမှု များ စွာ ရရှိထားသည့် ပါတီကလည်း ကိုယ်စားလှယ် ၁၀ ဦး ရရှိပါက မိမိတို့လည်း ၁၀ ဦး ရရှိရမည်ဟု NLD ပါတီ အတိုက် အခံ ဘဝ ပထမ အကြိမ် လွှတ်တော် သက်တမ်းကလည်း မတောင်းဆိုဖူးကြောင်း အစည်းအဝေး အပြီးတွင် ပြောဆို သည်။

ဒေါက်တာ မြတ်ဉာဏစိုးက “ပထမ အကြိမ် လွှတ်တော်တုန်းက လွှတ်တော်ထဲမှာတောင် ဆွေးနွေးခွင့် မပေးခဲ့ဘူး။ ဒီကော်မတီတွေ ဖွဲ့လိုက်တယ်။ အမိန့် ကြေညာစာတွေနဲ့ပဲ ထွက်လာတယ်။ နောက်ပြီး တော့ လွှတ်တော်ထဲမှာ ဆွေး နွေးခွင့် မပေးဘူး။ ဒီလို အစည်းအဝေး ခေါ်ယူ ကျင်းပခြင်းလည်း မရှိဘူး။ အကြံပြုချက်များ ပေးပို့ပါ ဆိုပြီး တောင်း တယ်။ အကြံပြုချက် ပို့တာ ဘယ်သူတွေလဲ ဆိုတာ ကျနော်တို့ မသိခဲ့ရပါဘူး။ အဲဒီ အကြံပြုချက်တွေ ပေါ်မှာပဲ ဆွဲ တယ် ဆိုတာမျိုး ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းမည့် မူကြမ်းသည် ဒီမိုကရေစီ စံနှုန်းနှင့် ညီ မညီ၊ ရှေ့နောက် ကွဲလွဲခြင်း ရှိ မရှိ၊ အချုပ်အခြာ အာဏာ ၃ ရပ်ကို တဖက်စောင်းနင်း ဖြစ်စေမှု ရှိ မရှိ တို့ကို မီဒီယာများ အနေဖြင့် လွှတ် တော်ရုံးမှ တောင်းယူ ကြည့်ပြီး သုံးသပ်စေလိုကြောင်း၊ ပြည်သူကို ချပြသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။

ဒေါက်တာ မြတ်ဉာဏစိုးက “ဒါတွေဟာ တကယ့် ပြည်သူ လိုလားချက်နဲ့ ကိုက်ညီလား၊ မကိုက်ညီဘူး လား၊ ဖြစ်သင့် လား မဖြစ်သလားဆိုတာ မီဒီယာများကနေ တဆင့် ပြည်သူတွေ သိဖို့လည်း လိုတယ်။ တဖက်စောင်းနင်း ရေးထား တာ မဟုတ်ပါ။ ခုနက ဆွေးနွေးသွား သလိုပဲ ပါတီ တစုတဖွဲ့တည်းကနေ မောင်ပိုင်စီးပြီးတော့ ရေးထားတာမျိုး ဟုတ် မဟုတ် ဆိုတာ တော်တော်လေး ပေါ်လွင် ထင်ရှားမယ် ထင်တယ်” ဟု ပြောကြားသည်။

အတိုက်အခံ ကြံ့ခိုင်ရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကလည်း ပူးပေါင်း ကော်မတီ ဖွဲ့စည်းမည့် အင်အား အချိုးကို ဖေဖော်ဝါရီလ ၈ ရက်က ဆွေးနွေးထားခဲ့သည့် ဆွေးနွေး ချက်များ အပေါ်တွင်  ပြန်လည် သုံးသပ် ပြီး ညှိနှိုင်း ဆွေးနွေးပေးရန် လိုကြောင်း၊ ကော်မတီတွင် မဲခွဲ ဆုံးဖြတ်ကြမည် ဆိုပါကလည်း အင်အားများသည့် အဖွဲ့ အစည်းက အနိုင်ရ သွားလိမ့်မည် ဖြစ်၍ တမျိုးသားလုံး အတွက် အရေးကြီးသည့် ယခု မူကြမ်းကို မဲခွဲမှုဖြင့် ဆုံးဖြတ် ပါက တရား မျှတမှု၊ မှန်ကန်မှု အားနည်းနိုင်ကြောင်း ပြောသည်။

ယခု မူကြမ်းတွင် ဦးတည်ချက် ၅ ရပ်၊ တာဝန် ၁၄ ရပ်၊ လုပ်ပိုင်ခွင့် ၇ ခု၊ လုပ်ထုံးလုပ်နည်း ၅ ခု၊ ရပိုင်ခွင့် ၄ ခု ပါဝင်ရာ ဒီမိုကရေစီ စံနှုန်း ဆိုသည့် အသုံးကို ပြန်လည် ဆန်းစစ်ရန် လိုကြောင်း၊ အရေးကြီး အဆို တင်သွင်းခဲ့ သည့် ဦးအောင်ကြည်ညွန့်၏ သုံးသပ်ချက်များကို မူကြမ်းတွင် ထည့်သွင်း ရေးသားထားကြောင်းလည်း ၎င်းက ဆို သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ၎င်းတို့၏ ကျမ်းစာ ဖြစ်ကြောင်း၊ ယင်းကျမ်းစာသည် နိုင်ငံတော်၏ မဏ္ဍိုင် ၃ ရပ်ဖြစ် သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တို့ကို တစ်ဖက်စောင်းနင်း ဖြစ်အောင် ရေးထားသည် ဆိုသည့် ရှုမြင်ချက်ကို ပြည်ထောင်စု လွှတ်တော်ကြီးက လက်ခံပါ သလားဟု ဦးသောင်းအေးက မေးခွန်း ထုတ်သည်။

“ဒါတွေဟာ လွှတ်တော် အနေနဲ့ အမျိုးသားရေး အမြင်နဲ့ ကိုယ့်နိုင်ငံ အတွက် အရေးကြီးတဲ့ ဒီဥပဒေကြီးကို လူတ ယောက်၊ တဖွဲ့ရဲ့ သုံးသပ်ချက် ပေါ်မှာ ရပ်တည်ပြီးတော့ ဒီတာဝန်တွေ မပေးအပ်သင့်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယနေ့ အစည်းအဝေးသို့ တက်ရောက်သည့် ရခိုင် အမျိုးသား ပါတီကမူ ကြံ့ခိုင်ရေး ပါတီနှင့် တပ်မတော်တို့၏ တင်ပြ ဆွေးနွေးချက်များ အတိုင်း သဘောတူ လက်ခံကြောင်း ပြောဆိုသည်။

ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကမူ ၂၀၀၈ ပြင်ဆင်ရေးကို မည်သည့် လမ်းကြောင်း နှင့်မဆို သဘောတူ သော်လည်း အများ ဆန္ဒနှင့် အများ၏ သဘောတူညီမှုဖြင့် သွားသင့်ကြောင်း အကြံပြုခဲ့သည်။

ဆွေးနွေးမှုများ အပြီးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က အပိတ် မိန့်ခွန်း ပြောကြားရာ၌ ဆွေး နွေးချက် အားလုံးကို မှတ်သားထားကြောင်း ပြောဆိုပြီး ပူးပေါင်း ကော်မတီကို မည်သည့် ပုံစံဖြင့် ဆက်သွားမည် ဆို သည်ကို အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပါ။

“မိမိ အနေနဲ့ ဒီပူးပေါင်း ကော်မတီမှာ မိမိရဲ့လုပ်ပိုင်ခွင့် အရ နာယကရဲ့ လုပ်ပိုင်ခွင့် အရ တာဝန် ပေးအပ်ရခြင်း ဖြစ် ကြောင်း ပြောကြား လိုပါတယ်။ ဒီကိစ္စကိုလည်း မိမိတို့ ဥပဒေနဲ့ အညီ လုပ်ဆောင်ခြင်း ဖြစ်တာကို ပြောကြား လိုပါ တယ်။ အလားတူ စောစောက ဒီမှာ ဆွေးနွေးခဲ့တာ တွေကို မှတ်သားစရာတွေ ရှိပါတယ်။ အားလုံး ဒီလို ဆွေးနွေးခဲ့ တာကို ကျေးဇူး တင်ပါတယ်။ ပြန်လည် သုံးသပ်ပြီး ဆွေးနွေးမယ် ဆိုတဲ့ စကားနဲ့ ဒီမှာ အဆုံးသပ်ပါတယ်”ဟု ဦးတီ ခွန်မြတ် က ပြောဆိုခဲ့သည်။

ပူးပေါင်း ကော်မတီတွင် ပါဝင်သည့် ပါတီ အဖွဲ့အစည်းများမှာ NLD ပါတီ၊ အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ၊ ဝ ဒီမိုကရက် တစ်ပါတီ၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသား ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် အမျိုးသား ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွှတ်ရေး ပါတီ၊ မွန် အမျိုး သားပါတီ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေ စီပါတီနှင့် လီဆူ အမျိုးသား ဖွံဖြိုး တိုးတက်ရေး ပါတီတို့ ဖြစ်ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်း ကော်မတီ တခု ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ဖေဖော်ဝါရီလ ၈ ရက်က တင်သွင်း ခဲ့ပြီး ကြံ့ခိုင်ရေး၊ တပ်မတော်တို့က လုပ်ထုံးလုပ်နည်း မညီ ဟုဆိုကာ ကန့်ကွက်သော်လည်း မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိ သဖြင့် တပ်မတော်သည် ကိုယ်စားလှယ် အရေအတွက် ဒုတိယ အများဆုံး ရရှိထားသည့် အဖွဲ့အစည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading